၂ ပေတရု ၁:၁-၂၁

 ယေရှုခရစ်၏ကျွန်၊ တမန်တော်ဖြစ်သော ငါရှိမုန်ပေတရုသည် ငါတို့၏ဘုရားသခင်နှင့် ကယ်တင်ရှင်ဖြစ်သော ယေရှုခရစ်တို့၏ ဖြောင့်မတ်ခြင်းအားဖြင့် ယုံကြည်ခြင်းကို ငါတို့နှင့်တန်းတူ ရရှိထားသူများထံ စာရေးလိုက်ပါ၏။ ၂  ဘုရားသခင်နှင့်လည်းကောင်း၊ ငါတို့သခင် ယေရှုနှင့်လည်းကောင်း သက်ဆိုင်သည့် တိကျမှန်ကန်သော အသိပညာအားဖြင့် သင်တို့၌ မဟာကရုဏာတော်နှင့် ငြိမ်သက်ခြင်း တိုးပွားပါစေ။ ၃  ဘုရားသခင့်တန်ခိုးတော်သည် အသက်ရှင်ခြင်း၊ ဘုရားတရား ဆည်းကပ်ခြင်းတို့နှင့်ဆိုင်သော အရာရှိသမျှကို ဘုန်းအသရေ၊ ဂုဏ်အသရေတို့ဖြင့် ခေါ်တော်မူသောအရှင်နှင့်ဆိုင်သည့် တိကျမှန်ကန်သော အသိပညာအားဖြင့် ငါတို့အား အခမဲ့ပေးသနားတော်မူ၏။ ၄  ထိုအသရေတို့ဖြင့် အဖိုးထိုက်၍ အလွန်မွန်မြတ်သော ကတိတော်များကို ငါတို့အား အခမဲ့ပေးသနားတော်မူ၏။ ထိုကတိတော်များအားဖြင့် သင်တို့သည် တပ်မက်သော ဤလောက၏ ဖောက်ပြန်ပျက်စီးခြင်းမှ လွတ်မြောက်ခဲ့ပြီဖြစ်၍ ဘုရားသခင်၏အရည်အသွေးများကို မျှဝေခံစားသူများ ဖြစ်လာကြမည်။ ၅  ထို့ကြောင့် ပေးတော်မူသမျှကို တုံ့ပြန်သည့်အနေဖြင့် အစွမ်းကုန် ကြိုးစားအားထုတ်ပြီး သင်တို့၏ယုံကြည်ခြင်းအပေါ် မွန်မြတ်သောအကျင့်၊ မွန်မြတ်သောအကျင့်အပေါ် အသိပညာကို ထပ်ဆင့်ကြလော့။ ၆  အသိပညာအပေါ် ချုပ်တည်းခြင်း၊ ချုပ်တည်းခြင်းအပေါ် ခံနိုင်ရည်၊ ခံနိုင်ရည်အပေါ် ဘုရားတရားဆည်းကပ်ခြင်း၊ ၇  ဘုရားတရားဆည်းကပ်ခြင်းအပေါ် ညီရင်းအစ်ကိုကဲ့သို့ ချစ်ခင်စုံမက်ခြင်း၊ ညီရင်းအစ်ကိုကဲ့သို့ ချစ်ခင်စုံမက်ခြင်းအပေါ် ချစ်ခြင်းမေတ္တာကို ထပ်ဆင့်ကြလော့။ ၈  အကြောင်းမူကား သင်တို့တွင် ထိုအရာများ ကြွယ်ဝစွာရှိလျှင် ငါတို့သခင် ယေရှုခရစ်နှင့်ဆိုင်သည့် တိကျမှန်ကန်သော အသိပညာကို ကျင့်သုံးရာ၌ ပျင်းရိခြင်း၊ အချည်းနှီးဖြစ်ခြင်းတို့ ဖြစ်ပေါ်လာမည်မဟုတ်။ ၉  တစ်စုံတစ်ဦး၌ ထိုအရာများမရှိလျှင် သူသည် မျက်စိကန်း၍ အလင်းကိုမမြင်လိုသောသူ၊ ယခင်အပြစ်များကို သန့်စင်ခံခဲ့ရကြောင်း မေ့လျော့သောသူ ဖြစ်နေပြီ။ ၁၀  ထို့ကြောင့် ညီအစ်ကိုတို့၊ သင်တို့ကို ခေါ်တော်မူခြင်းနှင့် ရွေးချယ်ခြင်းတို့သည် သင်တို့အတွက် သေချာစေရန် အစွမ်းကုန် ကြိုးစားအားထုတ်ကြလော့။ အကြောင်းမူကား သင်တို့သည် ထိုအရာများကို ဆက်လုပ်ဆောင်နေမည်ဆိုလျှင် မည်သည့်အခါမျှ ရှုံးနိမ့်လိမ့်မည်မဟုတ်။ ၁၁  သို့ဖြင့် ငါတို့၏သခင်၊ ကယ်တင်ရှင်ဖြစ်သော ယေရှုခရစ်၏ ထာဝရနိုင်ငံတော်သို့ ဝင်စားရသော ဘုန်းအသရေကို သင်တို့အား ရက်ရက်ရောရော ပေးသနားတော်မူလိမ့်မည်။ ၁၂  သင်တို့သည် ထိုအရာများကိုသိရှိပြီး သင်တို့တွင်ရှိသော အမှန်တရား၌ ခိုင်ခံ့မြဲမြံနေကြသော်လည်း ငါသည် ထိုအရာများအကြောင်း သင်တို့ကို သတိပေးရန် အမြဲအသင့်ရှိ၏။ ၁၃  ဤခန္ဓာကိုယ်*၌ ငါရှိနေသရွေ့ကာလပတ်လုံး သင်တို့ကို သတိပေးနှိုးဆော်ရန်လိုသည်ဟု ငါယူမှတ်၏။ ၁၄  ငါတို့သခင် ယေရှုခရစ် ဖော်ပြတော်မူသည့်အတိုင်း မကြာမီ ဤခန္ဓာကိုယ်ကို စွန့်ရမည်ဟု ငါသိ၏။ ၁၅  ထို့ကြောင့် ငါထွက်ခွာသွားပြီးနောက် သင်တို့သည် ထိုအရာများကို အမြဲသတိရနေရန် အစွမ်းကုန် ငါကြိုးစားမည်။ ၁၆  ငါတို့သခင် ယေရှုခရစ်၏ တန်ခိုးတော်နှင့် ရောက်ရှိတော်မူခြင်းကို သင်တို့အား ငါတို့ပြောကြားရာတွင် ပရိယာယ်နှင့်တီထွင်ထားသော ဒဏ္ဍာရီပုံပြင်များကို အခြေခံ၍ ပြောကြားခြင်းမဟုတ်။ ကိုယ်တော်၏ မဟာဘုန်းတော်ကို ငါတို့ကိုယ်တိုင် တွေ့ ရှိ၍ ပြောကြားခြင်းဖြစ်၏။ ၁၇  အကြောင်းမူကား “ဤသူသည် ငါကိုယ်တော်တိုင် နှစ်သက်မြတ်နိုးသော ငါ၏ချစ်သားပေတည်း” ဟူ၍ မဟာဘုန်းတော်ရှင် မြွက်ဆိုချိန်၌ ခမည်းတော် ဘုရားသခင်ထံတော်မှ ဂုဏ်အသရေ၊ ဘုန်းအသရေကို ကိုယ်တော်ရရှိခဲ့၏။ ၁၈  သန့်ရှင်းသောတောင်ပေါ်တွင် ကိုယ်တော်နှင့်အတူ ငါတို့ရှိနေစဉ် ကောင်းကင်မှ မြွက်ဆိုသော ထိုစကားကို ကြားရ၏။ ၁၉  သို့ဖြစ်၍ ပရောဖက်ပြုချက်စကားသည် ငါတို့အတွက် သာ၍သေချာလာ၏။ အရုဏ်တက်၍ မိုးသောက်ကြယ်ထွက်သည့်တိုင် မှောင်မိုက်အရပ်ဖြစ်သော သင်တို့၏စိတ်နှလုံးတွင် ထွန်းလင်းသည့် ဆီမီးကဲ့သို့ဖြစ်သော ထိုအရာကို အာရုံစိုက်ခြင်းသည် ကောင်းပေ၏။ ၂၀  ကျမ်းစာပရောဖက်ပြုချက်သည် တစ်ဦးတစ်ယောက်၏ဖွင့်ဆိုချက်မှ ဖြစ်ပေါ်လာခြင်း မဟုတ်ကြောင်း သင်တို့ ဦးစွာသိရှိကြ၏။ ၂၁  အကြောင်းမူကား ပရောဖက်ပြုချက်မည်သည် လူ့အလိုအားဖြင့် မည်သည့်အခါမျှ ဖြစ်ပေါ်လာသည်မဟုတ်။ သန့်ရှင်းသောစွမ်းအားတော်* တိုက်တွန်းခြင်းအားဖြင့် ဘုရားသခင်ထံတော်မှစကားကို လူတို့ ပရောဖက်ပြုခြင်းဖြစ်၏။

အောက်ခြေမှတ်ချက်များ

၂ပ ၁:၁၃ မူရင်း၊ “တဲအိမ်။”
၂ပ ၁:၂၁ ဂရိ၊ “နျူမာ။” နောက်ဆက်တွဲ ၈ ရှု။