၂ ပေတရု ၂:၁-၂၂
၂ အစ္စရေးလူမျိုးတွင် ပရောဖက် အတုအယောင်များ ရှိခဲ့သည့်နည်းတူ သင်တို့တွင်လည်း ဆရာအတုအယောင်များ ရှိလိမ့်မည်။ ထိုသူတို့သည် ဂိုဏ်းခွဲမည့်သူများကို မသိမသာ ပေါ်လာစေ၍ သူတို့အား ဝယ်ထားတော်မူသော အရှင်ကိုပင် ငြင်းပယ်သဖြင့် အလျင်အမြန် ပျက်စီးရလိမ့်မည်။
၂ ထို့ပြင် လူများစွာတို့သည် ထိုသူတို့၏ အကျင့်ပျက်လုပ်ရပ်များ*ကို တုပကြသည့်အတွက် အမှန်တရားလမ်းသည် ကဲ့ရဲ့ရှုတ်ချ ခံရလိမ့်မည်။
၃ သူတို့သည် တပ်မက်စိတ်ကြောင့် ပရိယာယ်ဆင်သောစကားနှင့် သင်တို့ကို အမြတ်ထုတ်ကြလိမ့်မည်။ ရှေးကာလမှ တရားစီရင်ချက်သည် နှောင့်နှေးခြင်းမရှိ ရောက်လာ၍ သူတို့ဧကန်အမှန် ပျက်စီးရလိမ့်မည်။
၄ ဘုရားသခင်သည် ပြစ်မှားသော ကောင်းကင်တမန်များကို အပြစ်မပေးဘဲ နေတော်မမူ။ သူတို့ကို တားတရပ်စ်သို့ ပစ်ချ၍ တရားစီရင်ရန် မှောင်မိုက်တွင်းများတွင် ထားတော်မူ၏။
၅ ရှေးခေတ်လောကကိုလည်း အပြစ်မပေးဘဲ နေတော်မမူ။ ဘုရားတရားမဲ့နေသော လောကကို ရေလွှမ်းမိုးချိန်က ဖြောင့်မတ်ခြင်းတရား ဟောပြောသူ နောဧနှင့် လူခုနစ်ဦးတို့ကို ကယ်တင်တော်မူ၏။
၆ သောဒုံမြို့နှင့် ဂေါမောရမြို့တို့ကို ပြာကျစေခြင်းအားဖြင့် ပြစ်ဒဏ်စီရင်တော်မူ၏။ သို့ဖြင့် ဘုရားတရားမဲ့သူတို့၌ ဖြစ်ရမည့်အရာများ၏ ပုံနမူနာဖြစ်၏။
၇ အကျင့်ပျက်သော တရားမဲ့သူတို့၏ ကာမဂုဏ်လိုက်စားခြင်းကြောင့် အလွန်စိတ်ဆင်းရဲရသည့် ဖြောင့်မတ်သောသူ လောတကို ကယ်နုတ်တော်မူခဲ့၏။
၈ ထိုဖြောင့်မတ်သောသူသည် တရားမဲ့သူတို့အလယ်တွင် နေထိုင်စဉ် မြင်ရကြားရသော အရာများကြောင့်လည်းကောင်း၊ သူတို့၏ မတရားမှုများကြောင့်လည်းကောင်း နေ့စဉ်နှင့်အမျှ စိတ်ဆင်းရဲခဲ့ရ၏။
၉ ယေဟောဝါ*ဘုရားသည် ဘုရားတရားဆည်းကပ်သူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းထဲမှ မည်သို့ကယ်နုတ်ရမည်ကို သိတော်မူ၏။ မဖြောင့်မတ်သောသူတို့ကိုမူ တရားစီရင်ရာနေ့၌ ပြစ်ဒဏ်ခံစေရန် ထားတော်မူ၏။
၁၀ ထိုသူတို့တွင် အထူးသဖြင့် သူတစ်ပါးကို ညစ်ညူးစေလို၍ သွေးသားဆန္ဒအတိုင်း လိုက်သူ၊ အခွင့်အာဏာရှိသူများကို မထီမဲ့မြင်ပြုသူတို့ ပါဝင်၏။ ထိုသူတို့သည် အတင့်ရဲ၍ ထင်ရာစိုင်းတတ်ပြီး ဘုန်းကြီးသောသူတို့ကို မကြောက်ဘဲ ရင့်ရင့်သီးသီး ပြောဆိုကြ၏။
၁၁ ကောင်းကင်တမန်တို့မူကား ဆရာအတုအယောင်တို့ထက် အစွမ်းခွန်အားနှင့် တန်ခိုး သာ၍ကြီးမားသော်လည်း ယေဟောဝါဘုရားကို လေးစားသောကြောင့် ထိုသူတို့ကို ရင့်သီးသောစကားဖြင့် အပြစ်တင်ခြင်းမပြု။
၁၂ ထိုသူတို့မူကား ဖမ်းဆီးသတ်ဖြတ်ခံရရန် ပေါက်ပွားလာသော အသိဉာဏ်မဲ့သည့် တိရစ္ဆာန်များကဲ့သို့ဖြစ်ကြ၏။ မိမိတို့မသိသော အကြောင်းအရာကို ရင့်သီးစွာပြောဆိုသဖြင့် မိမိတို့၏ဆိုးညစ်သော လမ်းစဉ်ကြောင့် ဖျက်ဆီးခံရလိမ့်မည်။
၁၃ ပြစ်မှားခြင်း၏ အကျိုးဆက်အဖြစ် ပြစ်ဒဏ်ခံကြရ၏။ နေ့အချိန်တွင် ဇိမ်ခံခြင်းကို ပျော်မွေ့စရာဟု ယူမှတ်၏။ သင်တို့နှင့်အတူ ပွဲခံစဉ် သူတို့သည် မိမိတို့၏မှားယွင်းသော သွန်သင်ချက်များဖြင့် လှည့်စားရန် အားရပျော်မွေ့သော အစွန်းအထင်း၊ အပြစ်အနာအဆာများဖြစ်နေကြ၏။
၁၄ သူတို့၏မျက်စိသည် အိမ်ထောင်ရေး ဖောက်ပြန်လိုသောစိတ် အပြည့်ရှိ၍ အပြစ်မပြုဘဲ မနေနိုင်ကြ။ မတည်ငြိမ်သောသူတို့*ကို သွေးဆောင်တတ်၏။ သူတို့တွင် တပ်မက်မှု၌ ကျင်လည်သော စိတ်နှလုံးရှိကြ၏။ သူတို့သည် ကျိန်ဆဲခံထိုက်သော သားသမီးများဖြစ်၏။
၁၅ ဖြောင့်သောလမ်းကိုစွန့်၍ လမ်းလွဲသွားလေပြီ။ မှားယွင်းသောလုပ်ရပ်၏ အကျိုးအမြတ်ကို မက်မောသူ၊ ဗောရ၏သား ဗာလမ်၏လမ်းစဉ်ကို လိုက်ကြ၏။
၁၆ သူသည် ပညတ်တရားကို ကျူးလွန်သောကြောင့် ဆုံးမခံရ၏။ စကားမပြောတတ်သောမြည်းသည် လူ့စကားဖြင့် ထိုပရောဖက်၏ မိုက်ရူးရဲလမ်းစဉ်ကို တားဆီးခဲ့၏။
၁၇ ထိုသူတို့သည် ရေမရှိသော စမ်းရေတွင်းများ၊ လေပြင်းမုန်တိုင်းကြောင့် လွင့်စဉ်သွားသော မြူခိုးများ ဖြစ်ကြ၏။ သူတို့အတွက် မှောင်မိုက်သာရှိ၏။
၁၈ အကြောင်းမူကား ထိုသူတို့သည် အကျိုးမရှိသောစကားများဖြင့် ဝင့်ကြွားပြောဆိုကြ၏။ မှားယွင်းစွာ ပြုမူသောသူတို့ထံမှ လွတ်မြောက်လုဆဲဆဲရှိသူတို့ကို လူ့ဇာတိအလိုဆန္ဒများ၊ အကျင့်ပျက်မှုများဖြင့် သွေးဆောင်တတ်ကြ၏။
၁၉ လွတ်လပ်မည်ဟု ကတိပြုသော်လည်း သူတို့ကိုယ်တိုင် ဖောက်ပြန်ပျက်စီးခြင်း၏ ကျွန်များဖြစ်ကြ၏။ အကြောင်းမူကား သူတစ်ပါး၏ လွှမ်းမိုးမှုခံသောသူသည် ထိုသူ၏ကျွန်ဖြစ်၏။
၂၀ ငါတို့သခင်၊ ကယ်တင်ရှင်ဖြစ်သော ယေရှုခရစ်နှင့်ဆိုင်သည့် တိကျမှန်ကန်သော အသိပညာအားဖြင့် ဤလောက၏ညစ်ညူးမှုများမှ လွတ်မြောက်ပြီးနောက် ထိုအရာများနှင့် ပြန်ပတ်သက်၍ လွှမ်းမိုးခံလျှင် ထိုသူတို့၏နောက်ဆုံးဖြစ်အင်သည် ရှေ့ဖြစ်အင်ထက် သာ၍ဆိုးရွား၏။
၂၁ ဖြောင့်မတ်ခြင်းတရားလမ်းကို တိကျမှန်ကန်စွာသိပြီးနောက် မိမိတို့ကို အပ်ထားသော သန့်ရှင်းသည့်ပညတ်မှ သွေဖည်သွားခြင်းထက် ထိုလမ်းကို မသိဘဲနေသော် သူတို့အတွက် သာ၍ကောင်း၏။
၂၂ “ခွေးသည် မိမိအန်ဖတ်ကို ပြန်စား၏။ ဆေးကြောပြီးသော ဝက်သည် ရွှံ့ထဲပြန်လူး၏” ဟူသော စကားပုံအတိုင်း သူတို့တွင် ဖြစ်ပျက်လေပြီ။
အောက်ခြေမှတ်ချက်များ
^ ၂ပ ၂:၂ သို့မဟုတ်၊ “လိင်ပိုင်းတွင် စည်းကမ်းမရှိခြင်း၊ လိင်ပိုင်းကိုယ်ကျင့်သိက္ခာမဲ့ခြင်း၊ အရှက်မရှိခြင်း။”