၂ ပေတရု ၃:၁-၁၈
၃ ချစ်ရသောသူတို့၊ ငါ၏ပထမစာတွင် သင်တို့၏ထက်မြက်သော စဉ်းစားနိုင်စွမ်းကို နှိုးဆွသကဲ့သို့ သတိပေးချက်အနေနှင့် ဤဒုတိယစာကိုလည်း ယခု ငါရေး၍ပေးလိုက်ပါ၏။
၂ သန့်ရှင်းသောပရောဖက်များ ရှေးကပြောဆိုခဲ့သောစကားနှင့် သင်တို့၏တမန်တော်များမှတစ်ဆင့် ငါတို့သခင်နှင့် ကယ်တင်ရှင်မိန့်မြွက်ခဲ့သောအမိန့်ကို သင်တို့သတိရစေရန် နှိုးဆော်လိုက်ပါ၏။
၃ ဦးစွာ သင်တို့သိသင့်သောအရာမှာ နောက်ဆုံးသော နေ့ရက်များတွင် ပြက်ရယ်ပြုတတ်သူတို့သည် ပြက်ရယ်ပြုသောစကားနှင့် ပေါ်လာကြလိမ့်မည်။ ထိုသူတို့သည် မိမိတို့အလိုဆန္ဒအတိုင်း ပြုမူ၍၊
၄ “ကိုယ်တော်ရောက်ရှိမည်ဟူသော ကတိတော်သည် အဘယ်မှာနည်း။ ငါတို့၏ဘိုးဘေးများ သေခြင်း၌ အိပ်ပျော်သည့်နေ့မှစ၍ အရာခပ်သိမ်းသည် ဖန်ဆင်းစကကဲ့သို့ ဖြစ်မြဲဖြစ်နေ၏” ဟုပြောဆိုကြ၏။
၅ သူတို့ တမင်မေ့ထားကြသည်မှာ ဘုရားသခင်၏တရားစကားတော်အရ ရှေးကောင်းကင် တည်ရှိကြောင်း၊ ရေထဲမှ ပေါ်ထွက်၍ ရေဝိုင်းရံထားသော ကမ္ဘာမြေကြီး တည်ရှိကြောင်း၊
၆ ၎င်းတို့အားဖြင့် ထိုအချိန်က လောကသည် ရေလွှမ်းမိုးခံရ၍ ပျက်စီးခဲ့ကြောင်းတို့ ဖြစ်၏။
၇ ထိုတရားစကားတော်အားဖြင့်ပင် ယခုတည်ရှိသော ကောင်းကင်နှင့်မြေကြီးသည် မီးရှို့ရန် သိုထားခံရ၍ ဘုရားတရားမဲ့သူတို့ကို ဖျက်ဆီးမည့် တရားစီရင်ရာနေ့တိုင်အောင် ဖယ်ထားတော်မူ၏။
၈ သို့ရာတွင် ချစ်ရသောသူတို့၊ ဤအချက်ကို မမေ့ကြနှင့်။ ယေဟောဝါဘုရားအတွက် တစ်ရက်သည် အနှစ်တစ်ထောင်ကဲ့သို့၊ အနှစ်တစ်ထောင်သည် တစ်ရက်ကဲ့သို့ ဖြစ်တော်မူ၏။
၉ နှေးတော်မူသည်ဟု လူအချို့ ထင်မှတ်သကဲ့သို့ ယေဟောဝါဘုရားသည် ကတိတော်နှင့်ပတ်သက်၍ နှေးတော်မူသည်မဟုတ်။ မည်သူမျှ ဖျက်ဆီးခြင်းမခံရဘဲ ရှိသမျှတို့သည် နောင်တရစေရန် အလိုရှိသောကြောင့် သင်တို့အပေါ် စိတ်ရှည်တော်မူ၏။
၁၀ သို့တိုင် ယေဟောဝါဘုရား၏နေ့သည် သူခိုးလာသကဲ့သို့ လာလိမ့်မည်။ ထိုနေ့၌ ကောင်းကင်သည် ကြီးစွာသောအသံနှင့်အတူ ရုတ်တရက် ပျောက်ကွယ်သွားလိမ့်မည်။ ကောင်းကင်နှင့် မြေကြီးပေါ်ရှိအရာများသည် အလွန်ပူပြင်း၍ အရည်ပျော်သွားလိမ့်မည်။ မြေကြီးနှင့် မြေကြီးပေါ်ရှိအရာများသည် ကျွမ်းလောင်လိမ့်မည်။
၁၁ ထိုအရာရှိသမျှတို့သည် အရည်ပျော်ရမည် ဖြစ်သောကြောင့် မည်သို့သော လူစားဖြစ်သင့်သည်ကို ဆင်ခြင်ကြလော့။ သင်တို့သည် သန့်ရှင်းသောအမူအကျင့်များ ကျင့်၍ ဘုရားတရား ဆည်းကပ်သူများ ဖြစ်သင့်၏။
၁၂ ယေဟောဝါဘုရား၏နေ့ ရောက်လာမည်ကို စောင့်မျှော်၍ စိတ်စွဲလမ်းကြလော့။ ထိုနေ့အားဖြင့် ကောင်းကင်သည် မီးဖြင့်ပျက်စီး၍ ကောင်းကင်ပေါ်ရှိအရာများသည် အလွန်ပူပြင်းသဖြင့် အရည်ပျော်လိမ့်မည်။
၁၃ ငါတို့သည် ဖြောင့်မတ်ခြင်းတည်နေရာ ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ကတိတော်နှင့်အညီ စောင့်မျှော်လျက်ရှိကြ၏။
၁၄ သို့ဖြစ်၍ ချစ်ရသောသူတို့၊ သင်တို့သည် ဤအရာများကို စောင့်မျှော်လျက် ရှိကြသဖြင့် ရှေ့တော်မှောက်၌ အစွန်းအထင်း၊ အပြစ်အနာအဆာမရှိဘဲ ငြိမ်သက်ခြင်းရှိစေရန် အစွမ်းကုန် ကြိုးစားကြလော့။
၁၅ ငါတို့သခင်၏ စိတ်ရှည်ခြင်းကို ကယ်တင်ခြင်းအဖြစ် ယူမှတ်ကြလော့။ ငါတို့ချစ်ရသော ညီအစ်ကိုပေါလုသည်လည်း မိမိရရှိသောဉာဏ်ပညာအရ သင်တို့အား ရေးခဲ့သည့် အတိုင်းဖြစ်၏။
၁၆ သူရေးထားသမျှစာတို့တွင် ထိုအကြောင်းအရာများကို ဖော်ပြထားပြီးဖြစ်၏။ သို့သော် ထိုစာများတွင်ပါသော နားလည်ရခက်သည့် အကြောင်းအရာအချို့ကို အသိပညာနည်းသောသူနှင့် မတည်ငြိမ်သောသူတို့သည် လွဲမှားစွာ အဓိပ္ပာယ်ကောက်ယူကြ၏။ အခြားကျမ်းချက်များကိုလည်း ထိုအတိုင်းပြု၍ မိမိကိုယ်ကို ဖျက်ဆီးနေကြ၏။
၁၇ ထို့ကြောင့် ချစ်ရသောသူတို့၊ ဤအကြောင်းကို ကြိုသိထားသဖြင့် သတိရှိကြလော့။ သို့မှသာ တရားမဲ့သူတို့နှင့်အတူ သွေဖည်သွားမည်မဟုတ်။ သင်တို့၏တည်ကြည်မှုကို ဆုံးရှုံးမည်မဟုတ်။
၁၈ မဟာကရုဏာတော်၌လည်းကောင်း၊ ငါတို့သခင်၊ ကယ်တင်ရှင် ယေရှုခရစ်နှင့်ပတ်သက်သော အသိပညာ၌လည်းကောင်း တိုးပွားပါစေ။ ကိုယ်တော်၏ဘုန်းတော်သည် ယခုမှစ၍ ထာဝရကာလပတ်လုံး ထင်ရှားပါစေ။ အာမင်။