၃ ယောဟန် ၁:၁-၁၄
၁ အသက်ကြီးသူ*ဖြစ်သော ငါသည် အမှန်ချစ်မြတ်နိုးရသော ချစ်ရသူ ဂါယုထံ စာရေးလိုက်ပါသည်။
၂ ချစ်ရသောသူ၊ ကိုယ်စိတ်နှစ်ဖြာ အစဉ်ကျန်းမာ ချမ်းသာပါစေဟု ဆုတောင်းပေးလိုက်ပါသည်။
၃ သင်သည် အမှန်တရားတွင် လိုက်လျှောက်သည်နည်းတူ အမှန်တရားကို ကိုင်စွဲထားကြောင်း ညီအစ်ကိုတို့ လာ၍အသိပေးကြသည့်အတွက် ငါအလွန်ဝမ်းမြောက်ပါ၏။
၄ ငါ၏သားသမီးတို့သည် အမှန်တရားတွင် လိုက်လျှောက်နေကြောင်း ကြားသိရခြင်းထက် သာ၍ ဝမ်းမြောက်စရာအကြောင်း မရှိ။
၅ ချစ်ရသောသူ၊ သင်သည် မသိကျွမ်းသော ညီအစ်ကိုတို့အတွက်ပင် အရာရာကို သစ္စာရှိရှိလုပ်ဆောင်ပေးနေ၏။
၆ ထိုညီအစ်ကိုတို့သည် သင်၏မေတ္တာပြပုံကို အသင်းတော်ရှေ့တွင် သက်သေခံကြ၏။ သင်သည် သူတို့ကို ဘုရားသခင်၏ အလိုတော်နှင့်အညီ ကူညီပေးလိုက်လျှင် ကောင်းမည်။
၇ အကြောင်းမူကား သူတို့သည် လူမျိုးခြား*တို့ထံမှ အဘယ်အကူအညီမျှ မယူဘဲ ဘုရားသခင့် နာမတော်အတွက် ခရီးသွားကြ၏။
၈ ထို့ကြောင့် ငါတို့သည် ထိုသို့သောသူတို့ကို ဧည့်ဝတ်ပြုရမည့် တာဝန်ရှိ၏။ သို့မှသာ အမှန်တရား၌ လုပ်ဖော်ဆောင်ဖက်များ ဖြစ်ကြမည်။
၉ အသင်းတော်သို့ ငါစာအနည်းငယ်ရေးလိုက်ပါ၏။ သို့သော် အသင်းတော်တွင် ထိပ်ဆုံးနေရာ ရလိုသော ဒယောတရပ်သည် ငါတို့ထံမှ အဘယ်အရာကိုမျှ လေးလေးစားစားဖြင့် လက်ခံခြင်းမရှိ။
၁၀ ထို့ကြောင့် ငါလာလျှင် သူ၏လုပ်ရပ်များ၊ ငါတို့အကြောင်း မကောင်းပြောဆိုမှုများကို သူ့အား ပြန်သတိရစေမည်။ သူသည် ထိုမျှနှင့် မကျေနပ်သေး။ ညီအစ်ကိုများကို လေးစားစွာ လက်မခံ၊ လက်ခံလိုသူတို့ကိုလည်း တားဆီးတတ်ပြီး အသင်းတော်မှ နှင်ထုတ်လေ့ရှိ၏။
၁၁ ချစ်ရသောသူ၊ အဆိုးကို မတုပနှင့်။ အကောင်းကို တုပလော့။ ကောင်းမှုပြုသူသည် ဘုရားသခင်နှင့်စပ်ဆိုင်၏။ အဆိုးပြုသူသည် ဘုရားသခင်ကို မသိမမြင်စဖူး။
၁၂ အားလုံးသည် ဒေမေတရိဘက်မှ သက်သေထွက်ဆိုကြ၏။ အမှန်တရားသည်လည်း သက်သေထူ၏။ ငါတို့လည်း သက်သေဖြစ်ကြ၏။ ငါတို့၏သက်သေခံချက်သည် မှန်ကြောင်း သင်တို့သိကြ၏။
၁၃ သင့်ကို ငါရေးစရာအကြောင်း များစွာရှိ၏။ သို့သော် စာနှင့်မရေးလို။
၁၄ မကြာမီ ငါရောက်လာလျှင် မျက်နှာချင်းဆိုင် စကားပြောကြမည်ဟု မျှော်လင့်ပါ၏။
သင်၌ ငြိမ်သက်ခြင်း ရှိပါစေ။
မိတ်ဆွေများက သင့်ကို နှုတ်ခွန်းဆက်သလိုက်ကြပါ၏။ မိတ်ဆွေများကို နာမည်နှင့်တကွ နှုတ်ဆက်ပေးပါ။