ကမ္ဘာဦး ၂၈:၁-၂၂
၂၈ ဒါကြောင့် အိဇက်က ယာကုပ်ကိုခေါ်ပြီး ကောင်းချီးပေးတယ်။ ပြီးတော့ “ခါနန်အမျိုးသမီးတွေကို မယူနဲ့။+
၂ မင်းအဘိုး ဗေသွေလရဲ့ အမျိုးတွေနေထိုင်တဲ့ ပါဒန်အာရံအရပ်ကို သွားပြီး ဦးကြီးလာဗန်ရဲ့ သမီးတစ်ယောက်ကို+ ယူပါ။
၃ အနန္တတန်ခိုးရှင် ဘုရားသခင်က မင်းကို ကောင်းချီးပေးမယ်။ မင်းရဲ့သားမြေးတွေကို ပွားများစေမယ်။ မင်းဟာ တကယ်ပဲ လူစုကြီးရဲ့ဖခင် ဖြစ်လာမယ်။+
၄ ဘုရားသခင်က အာဗြဟံကို ကတိပေးထားတဲ့ ကောင်းချီးအားလုံး+ မင်းနဲ့ မင်းရဲ့သားမြေးတွေကို ပေးမယ်။ အာဗြဟံကို ဘုရားသခင်ပေးခဲ့တဲ့ပြည်၊ တိုင်းတစ်ပါးသားအဖြစ် မင်းနေတဲ့ပြည်ကို မင်းအပိုင်ရလိမ့်မယ်”+ လို့မှာတယ်။
၅ အိဇက်လွှတ်လိုက်လို့ ယာကုပ်လည်း အာရံအမျိုးသား+ ဗေသွေလရဲ့သား လာဗန်ရှိရာ ပါဒန်အာရံအရပ်ကို ထွက်သွားတယ်။ လာဗန်ဟာ ယာကုပ်နဲ့ဧသောရဲ့အမေ ရေဗက္ကာရဲ့အစ်ကိုပဲ။+
၆ အိဇက်က ယာကုပ်ကို ကောင်းချီးပေးပြီး မိန်းမရှာဖို့ ပါဒန်အာရံအရပ်ကို လွှတ်လိုက်တဲ့အကြောင်း၊ ကောင်းချီးပေးချိန်မှာ “ခါနန်အမျိုးသမီးတွေကို မယူနဲ့”+ လို့မှာလိုက်တဲ့အကြောင်း၊
၇ ယာကုပ်က မိဘစကား နားထောင်ပြီး ပါဒန်အာရံအရပ်ကို+ ထွက်သွားတဲ့အကြောင်း ဧသော သိသွားတယ်။
၈ ခါနန်အမျိုးသမီးတွေကို အိဇက် မနှစ်သက်မှန်းလည်း+ သိသွားတဲ့အခါ၊
၉ အာဗြဟံရဲ့သား အိရှမေလဆီ သွားပြီး လက်ရှိဇနီးတွေအပြင် အိရှမေလရဲ့သမီး မဟာလတ်ကို ယူလိုက်တယ်။ မဟာလတ်က နဗာယုတ်ရဲ့နှမပဲ။+
၁၀ ယာကုပ်လည်း ဗေရရှေဘအရပ်ကနေ ခါရန်မြို့ကို သွားတယ်။+
၁၁ တစ်နေရာရောက်တော့ နေဝင်သွားလို့ ညအိပ်ဖို့ပြင်တယ်။ ကျောက်တုံးကို ခေါင်းအုံးပြီး အိပ်တယ်။+
၁၂ အိပ်မက်ထဲမှာ ကောင်းကင်အထိမီတဲ့ လှေကားကို မြင်တယ်။ လှေကားမှာ ဘုရားသခင်ရဲ့ ကောင်းကင်တမန်တွေ တက်လိုက်ဆင်းလိုက် လုပ်နေကြတယ်။+
၁၃ သူကြည့်လိုက်တော့ လှေကားထိပ်မှာ ယေဟောဝါ ရှိနေတယ်။ ဘုရားသခင်က
“ငါဟာ မင်းအဘိုးအာဗြဟံရဲ့ဘုရား၊ အိဇက်ရဲ့ဘုရား ယေဟောဝါပဲ။+ မင်းအိပ်နေတဲ့မြေကို မင်းနဲ့ မင်းရဲ့မျိုးနွယ်ကို ငါပေးမယ်။+
၁၄ မင်းရဲ့မျိုးနွယ်ဟာ မြေမှုန့်လို များပြားလာမယ်။+ မင်းဟာ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်ရပ်ကို ပျံ့နှံ့သွားရမယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူမျိုးအားလုံးဟာ မင်းနဲ့ မင်းရဲ့မျိုးနွယ်ကြောင့် အမှန်တကယ် ကောင်းချီးခံစားရမယ်။+
၁၅ မင်းနဲ့အတူ ငါရှိနေမယ်။ မင်းကို သွားလေရာရာမှာ ကာကွယ်စောင့်ရှောက်ပြီး ဒီပြည်ရောက်အောင် ပြန်ပို့ပေးမယ်။+ ငါပေးထားတဲ့ကတိအတိုင်း လုပ်ဆောင်ပေးမယ်။ မင်းကို မပစ်ထားဘူး”+ လို့ပြောတယ်။
၁၆ ယာကုပ်လည်း အိပ်ပျော်ရာကနေ နိုးလာပြီး “ဒီနေရာမှာ ယေဟောဝါဘုရားရှိမှန်း ငါမသိခဲ့ဘူး” လို့ပြောတယ်။
၁၇ သူကြောက်စိတ်ဝင်လာပြီး “ဒီနေရာဟာ ထိတ်လန့်အံ့ဩစရာပဲ။ ဘုရားသခင်ရဲ့အိမ်တော်၊+ ကောင်းကင်တံခါးဝပဲ+ ဖြစ်ရမယ်” လို့ဆက်ပြောတယ်။
၁၈ ဒါကြောင့် ယာကုပ်က မနက်စောစောထ၊ ခေါင်းအုံးတဲ့ကျောက်ကို စိုက်ထူပြီး ဆီလောင်းချတယ်။+
၁၉ ပြီးတော့ အဲဒီနေရာကို ဗေသလ* လို့နာမည်ပေးတယ်။ အရင်တုန်းက အဲဒီမြို့ကို လုဇလို့ခေါ်တယ်။+
၂၀ အဲဒီနောက် ယာကုပ်က “ဘုရားသခင်သာ ကျွန်တော်နဲ့အတူ ဆက်ရှိမယ်၊ လမ်းခရီးမှာ ကာကွယ်ပေးမယ်၊ စားစရာ ဝတ်စရာပေးမယ်၊
၂၁ အဖေ့အိမ်ကို ချောချောမောမော ပြန်ပို့ပေးမယ်ဆိုရင် ယေဟောဝါဟာ ကျွန်တော့်ဘုရားသခင်ဖြစ်မှန်း ပြလိုက်တာပဲ။
၂၂ ကျွန်တော်စိုက်ထူထားတဲ့ ဒီကျောက်တိုင်ဟာ ဘုရားသခင်ရဲ့အိမ်တော် ဖြစ်လာမယ်။+ ကျွန်တော့်ကိုပေးသမျှထဲက ဆယ်ဖို့တစ်ဖို့ကို ကိုယ်တော့်အတွက် ဆက်ဆက်ပေးပါ့မယ်” လို့ သစ္စာကတိပြုတယ်။
အောက်ခြေမှတ်ချက်များ
^ အဓိပ္ပာယ်၊ “ဘုရားသခင့်အိမ်တော်။”