ကမ္ဘာဦး ၃၄:၁-၃၁
၃၄ ယာကုပ်နဲ့လေအာရဲ့သမီး ဒိနဟာ+ ခါနန်ပြည်သူတွေဆီ သွားလည်ပြီး ပေါင်းသင်းလေ့ရှိတယ်။+
၂ အဲဒီပြည်ရဲ့ခေါင်းဆောင် ဟိဝိလူမျိုး+ ဟာမော်ရဲ့သား ရှေခင်က ဒိနကို မြင်တဲ့အခါ ခေါ်သွားပြီး စော်ကားလိုက်တယ်။
၃ နောက်တော့မှ သူက ချစ်ခင်စွဲလမ်းသွားလို့ ဒိနရဲ့အချစ်ကိုရဖို့ သွေးဆောင်ပြောဆိုတော့တယ်။
၄ ပြီးတော့ “ဒီမိန်းကလေးကို တောင်းပေးပါ” လို့ ဖခင်ဟာမော်ကို+ ပူဆာတယ်။
၅ သမီးဒိနကို ရှေခင် စော်ကားလိုက်တဲ့အကြောင်း ယာကုပ်ကြားချိန်မှာ သားတွေက လယ်တောမှာ တိရစ္ဆာန်တွေ ထိန်းကျောင်းနေတော့ သူတို့ပြန်မလာမချင်း ဘာမှမပြောဘူး။
၆ နောက်တော့ ရှေခင်ရဲ့အဖေ ဟာမော်က ယာကုပ်ကို လာတွေ့တယ်။
၇ ယာကုပ်ရဲ့သားတွေလည်း အဲဒီသတင်းကြားကြားချင်း လယ်တောကနေ ပြန်လာတယ်။ ရှေခင်က ဒိနနဲ့အတူအိပ်၊ မလုပ်သင့်တာကိုလုပ်ပြီး သူတို့အဖေအစ္စရေးကို အရှက်ခွဲတဲ့အတွက် သူတို့ မကျေမနပ်ဖြစ်ပြီး အရမ်းဒေါသထွက်ကြတယ်။+
၈ ဟာမော်က သူတို့ကို “ကျုပ်ရဲ့သား ရှေခင်က ခင်ဗျားတို့ရဲ့သမီးကို တကယ်စွဲလမ်းနေတာ။ ကျုပ်သားနဲ့ ပေးစားပါဗျာ။
၉ ကျုပ်တို့အချင်းချင်း အမျိုးတော်ကြရအောင်။ ကျုပ်တို့ကို ခင်ဗျားတို့ရဲ့သမီးတွေ ပေးပါ၊ ကျုပ်တို့ရဲ့ သမီးတွေကိုလည်း ခင်ဗျားတို့ ယူပါ။+
၁၀ ကျုပ်တို့နဲ့အတူ ဒီပြည်ရဲ့ကြိုက်တဲ့နေရာမှာ နေပါ။ ဒီမှာပဲ စီးပွားလုပ်ပြီး အခြေချနေထိုင်ကြပေါ့” လို့ပြောတယ်။
၁၁ ရှေခင်ကလည်း ဒိနရဲ့အဖေနဲ့ အစ်ကိုတွေကို “ကျွန်တော့်ကို လက်ခံပေးပါ။ တောင်းသမျှ ပေးပါ့မယ်။
၁၂ တင်တောင်းငွေနဲ့ လက်ဆောင်တွေကို ကြိုက်သလောက် တောင်းပါ။+ တောင်းသလောက် ပေးပါ့မယ်။ ကျွန်တော့်ကို ဒီမိန်းကလေးနဲ့သာ ပေးစားပါဗျာ” လို့ပြောတယ်။
၁၃ ယာကုပ်ရဲ့သားတွေက နှမဒိနကို ရှေခင်စော်ကားခဲ့တဲ့အတွက် ရှေခင်နဲ့ သူ့အဖေဟာမော်ကို ဉာဏ်ဆင်ပြီး ပြန်ပြောတယ်။
၁၄ “နှမလေးဒိနကို အရေဖျားမဖြတ်ထားတဲ့ ယောက်ျားနဲ့ ပေးစားလို့မဖြစ်ဘူး။+ ပေးစားရင် ကဲ့ရဲ့စရာဖြစ်မှာပေါ့။
၁၅ ခင်ဗျားတို့ယောက်ျားအားလုံး ကျွန်တော်တို့လို အရေဖျားဖြတ်မှပဲ သဘောတူနိုင်မယ်။+
၁၆ ဒါမှ ကျွန်တော်တို့ရဲ့သမီးတွေကို ခင်ဗျားတို့နဲ့ ပေးစားပြီး ခင်ဗျားတို့ရဲ့သမီးတွေကိုလည်း ကျွန်တော်တို့ယူမယ်။ ခင်ဗျားတို့နဲ့အတူ နေထိုင်ပြီး လူမျိုးတစ်မျိုးတည်း ဖြစ်လာမယ်။
၁၇ ဒါပေမဲ့ ကျွန်တော်တို့ပြောတာကို လက်မခံဘူး၊ အရေဖျားမဖြတ်ဘူးဆိုရင်တော့ နှမလေး ဒိနကို ပြန်ခေါ်သွားမယ်။”
၁၈ သူတို့ပြောတာကို ဟာမော်နဲ့+ ရှေခင်က+ သဘောတူတယ်။
၁၉ လူငယ်ရှေခင်က ယာကုပ်သမီးကို ချစ်မြတ်နိုးတဲ့အတွက် သူတို့တောင်းဆိုတဲ့အတိုင်း ချက်ချင်း လိုက်လျောတယ်။+ သူဟာ အဖေ့အမျိုးတွေထဲမှာ ဂုဏ်သရေအရှိဆုံးပဲ။
၂၀ ဟာမော်နဲ့ ရှေခင်က မြို့တံခါးကို သွားပြီး မြို့သားတွေနဲ့ တိုင်ပင်တယ်။+
၂၁ “ဒီလူတွေက ကျုပ်တို့နဲ့ သင့်သင့်မြတ်မြတ် နေချင်တယ်။ သူတို့ကို ဒီပြည်မှာ နေခွင့်ပေးပြီး စီးပွားလုပ်ခွင့် ပေးရအောင်။ ဒီပြည်က ကျယ်တာပဲ။ သူတို့လာနေရင်လည်း အဆင်ပြေပါတယ်။ သူတို့ရဲ့သမီးတွေကို ကျုပ်တို့ ယူနိုင်တယ်။ ကျုပ်တို့ရဲ့သမီးတွေကိုလည်း သူတို့နဲ့ ပေးစားနိုင်တယ်။+
၂၂ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ ဒီပြည်သားယောက်ျားအားလုံး သူတို့လို အရေဖျားဖြတ်ရမယ်။+ ဒါမှ ကျုပ်တို့နဲ့အတူ နေထိုင်ဖို့၊ လူမျိုးတစ်မျိုးတည်း ဖြစ်လာဖို့ သူတို့သဘောတူမယ်တဲ့။
၂၃ သူတို့ရဲ့ပိုင်ဆိုင်ရာတွေ၊ စည်းစိမ်ဥစ္စာတွေ၊ တိရစ္ဆာန်တွေက ကျုပ်တို့ဥစ္စာတွေ ဖြစ်လာမှာပဲ။ ဒီတော့ ကျုပ်တို့နဲ့အတူ လာနေနိုင်ပါတယ်လို့ ပြောပြီး သဘောတူလိုက်ရအောင်” လို့ပြောတယ်။
၂၄ မြို့တံခါးမှာ စုဝေးသူအားလုံးက ဟာမော်နဲ့ ရှေခင်ပြောတာကို လက်ခံပြီး မြို့သားယောက်ျားအားလုံး အရေဖျားဖြတ်ကြတယ်။
၂၅ ဒီလိုနဲ့ သုံးရက်မြောက်နေ့၊ သူတို့နာကျင်နေတုန်းမှာ ယာကုပ်ရဲ့သားနှစ်ယောက်၊ ဒိနရဲ့အစ်ကို ရှိမောင်နဲ့ လေဝိက+ ဓားကိုယ်စီကိုင်၊ အမှုမဲ့အမှတ်မဲ့ဖြစ်နေတဲ့ မြို့ကို သွားပြီး ယောက်ျားအားလုံးကို သတ်လိုက်တယ်။+
၂၆ ဟာမော်နဲ့ သူ့သားရှေခင်ကို သတ်ပြီး ဒိနကို ရှေခင်အိမ်ကနေ ခေါ်ထုတ်လာတယ်။
၂၇ နှမဒိန စော်ကားခံလိုက်ရတဲ့အတွက်+ ယာကုပ်ရဲ့ကျန်တဲ့သားတွေလည်း အသတ်ခံရသူတွေဆီ လာပြီး မြို့ကိုသိမ်းယူကြတယ်။
၂၈ သိုးနွားတွေ၊ မြည်းတွေ၊ မြို့ထဲလယ်ထဲမှာရှိတာတွေကို သိမ်းယူကြတယ်။
၂၉ ပစ္စည်းဥစ္စာတွေကိုယူပြီး ကလေးတွေ၊ မိန်းမတွေကို ဖမ်းသွားတယ်။ အိမ်ထဲရှိသမျှကိုလည်း သိမ်းသွားတယ်။
၃၀ အဲဒီအခါ ယာကုပ်က ရှိမောင်နဲ့ လေဝိကို+ “မင်းတို့ကြောင့် ငါအကြီးအကျယ် ဒုက္ခရောက်ပြီ။ ဒီပြည်မှာရှိတဲ့ ခါနန်လူမျိုးတွေ၊ ဖေရဇိလူမျိုးတွေက ငါ့ကိုမုန်းတော့မှာပဲ။ ငါတို့မှာ လူက လက်တစ်ဆုပ်စာပဲရှိတာ။ သူတို့တွေ ဝိုင်းတိုက်ခိုက်လို့ ငါနဲ့ငါ့အိမ်သားတွေ သေကုန်တော့မှာပဲ” လို့ပြောတယ်။
၃၁ သူတို့ကလည်း “ကျွန်တော်တို့နှမကို ပြည့်တန်ဆာလို ဆက်ဆံရသလား” ဆိုပြီးပြန်ပြောတယ်။