ဆာလံ ၁၀၈:၁-၁၃

  • ရန်သူတွေကို အောင်ပွဲဆင်နိုင်ဖို့ ဆုတောင်း

    • လူတွေကယ်မှာကို မျှော်လင့်တာ အကျိုးမရှိ (၁၂)

    • “ဘုရားသခင်ဆီကနေ ခွန်အားရ” (၁၃)

ဒါဝိဒ်စပ်ဆိုတဲ့သီချင်း။ ၁၀၈  အို ဘုရားသခင်၊ ကျွန်တော့်စိတ်ဟာ တည်ကြည်ခိုင်မြဲပါတယ်။ လှိုက်လှိုက်လှဲလှဲ တေးဖွဲ့ပြီး သီချင်းဆိုပါ့မယ်။+ ၂  ကြိုးတပ်တူရိယာနဲ့ စောင်းတို့၊ နိုးထကြ။+ အရုဏ်ဦးကိုလည်း နှိုးရဦးမယ်။ ၃  ယေဟောဝါဘုရား၊ ကိုယ်တော့်ကို လူတွေအလယ်မှာ ချီးမွမ်းပါ့မယ်။ လူမျိုးတွေအလယ်မှာ ချီးမွမ်းသီချင်းဆိုပါ့မယ်။ ၄  ခိုင်မြဲတဲ့မေတ္တာတော်ဟာ ကောင်းကင်တိုင်အောင် ကြီးမားလို့ပါ။+ သစ္စာတရားဟာ မိုးယံတိုင်အောင် ကြီးမားလို့ပါ။ ၅  အို ဘုရားသခင်၊ ကောင်းကင်အထက်မှာ ကိုယ်ကိုချီးမြှောက်တော်မူပါ။ မြေတစ်ခွင်လုံးမှာ ဘုန်းတန်ခိုးတော် ပျံ့နှံ့ပါစေ။+ ၆  ကိုယ်တော် ချစ်ရသူတွေ ကယ်တင်ခံရဖို့ ညာလက်တော်နဲ့ ကယ်တင်ပြီး ပြန်ဖြေပေးလှည့်ပါ။+ ၇  သန့်ရှင်းတဲ့ ဘုရားသခင်က ပြောတယ်–* “ငါ အားရ ရွှင်လန်းမယ်။ ရှေခင်မြို့ကို+ အမွေအဖြစ် ငါပေးမယ်။ သုကုတ်ချိုင့်ဝှမ်းလွင်ပြင်ကိုလည်း တိုင်းတာမယ်။+ ၈  ဂိလဒ်ပြည်ကို+ ငါပိုင်တယ်။ မနာရှေနယ်မြေကိုလည်း ပိုင်တယ်။ ဧဖရိမ်နယ်မြေဟာ ငါခန့်အပ်တဲ့ ခေါင်းဆောင်ရဲ့ သံခမောက်ပဲ။+ ယုဒပြည်ဟာ ငါခန့်အပ်ထားတဲ့ဘုရင်ရဲ့ တောင်ဝှေးပဲ။+ ၉  မောဘပြည်ကတော့ ငါ့ခြေဆေးခွက်ပါ။+ ဧဒုံပြည်အပေါ် ငါ့ဖိနပ်ကို ပစ်တင်မယ်။+ ဖိလိတိပြည်အပေါ် ငါအောင်သံလွှင့်မယ်။”+ ၁၀  ခံတပ်မြို့ထဲ ကျွန်တော့်ကို ဘယ်သူ ခေါ်သွားပေးမှာလဲ။ ဧဒုံပြည်အထိ ဘယ်သူ ပို့ဆောင်ပေးမှာလဲ။+ ၁၁  အို ဘုရားသခင်၊ ကျွန်တော်တို့ကို ပစ်ပယ်ထားတဲ့ ကိုယ်တော်ပဲ မဟုတ်လား။ အို ဘုရားသခင်၊ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့နဲ့အတူ မလိုက်ပါတော့တဲ့ ကိုယ်တော်ပဲ မဟုတ်လား။+ ၁၂  ကျွန်တော်တို့ ဒုက္ခရောက်ချိန်မှာ ကူညီပေးလှည့်ပါ။+ လူတွေကယ်တင်မှာကို မျှော်လင့်နေတာ အကျိုးမရှိဘူး။+ ၁၃  ဘုရားသခင်ဆီကနေ ကျွန်တော်တို့ ခွန်အားရလိမ့်မယ်။+ ရန်သူတွေကို ဘုရား နင်းခြေပေးလိမ့်မယ်။+

အောက်ခြေမှတ်ချက်များ

“သန့်ရှင်းတဲ့အရပ်ကနေ ဘုရားပြောတယ်” လည်းဖြစ်နိုင်။