ဆာလံ ၁၁၉:၁-၁၇၆
-
အဖိုးထိုက်စကားတော်အတွက် ကျေးဇူးတင်လေးမြတ်
-
‘လူငယ်တွေ သန့်ရှင်းတဲ့အသက်တာကို ဘယ်လိုရနိုင်မလဲ’ (၉)
-
“သတိပေးချက်တွေကို မြတ်နိုးလှပါတယ်” (၂၄)
-
‘နှုတ်တော်ထွက်စကားဟာ ကျွန်တော့်မျှော်လင့်ချက်ပါ’ (၇၄၊ ၈၁၊ ၁၁၄)
-
“ပညတ်တော်ကို အလွန်နှစ်သက်ပါတယ်” (၉၇)
-
“ဆရာအပေါင်းတို့ထက် ထိုးထွင်းဉာဏ် ပိုရှိလာ” (၉၉)
-
‘နှုတ်တော်ထွက်စကားဟာ ကျွန်တော့်ခြေရှေ့က မီးခွက်ပါ’ (၁၀၅)
-
“နှုတ်တော်ထွက်စကားရဲ့ အနှစ်သာရဟာ အမှန်တရားပါ” (၁၆၀)
-
ပညတ်တော် နှစ်သက်သူတွေ ငြိမ်သက်အေးချမ်း (၁၆၅)
-
א
၁၁၉ ယေဟောဝါရဲ့ပညတ်အတိုင်း လိုက်လျှောက်ပြီးအပြစ်ပြောစရာ မရှိအောင် အသက်ရှင်သူတွေဟာ ပျော်ရွှင်ချမ်းမြေ့တယ်။+
၂ ဘုရားရဲ့ သတိပေးချက်တွေကို လိုက်နာပြီး+ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ရှာဖွေသူတွေဟာ ပျော်ရွှင်ချမ်းမြေ့တယ်။+
၃ သူတို့က မဖြောင့်မတ်တာ တစ်ခုမှ မလုပ်ဘူး။
ဘုရားရဲ့ လမ်းစဉ်တွေအတိုင်း လိုက်လျှောက်တယ်။+
၄ အမိန့်တော်ကို အသေအချာ လိုက်နာဖို့ကိုယ်တော် မိန့်မှာထားတယ်။+
၅ ကျွန်တော် တည်ကြည်ခိုင်မြဲနေရင် သိပ်ကောင်းမှာပဲ။+
ကိုယ်တော်ရဲ့ စည်းမျဉ်းတွေကို စောင့်ထိန်းချင်လို့ပါ။
၆ အဲဒီလိုခိုင်မြဲနေရင် ပညတ်ချက်တွေအကြောင်း တွေးတောဆင်ခြင်တဲ့အခါကျွန်တော် အရှက်ရမှာ မဟုတ်ဘူး။+
၇ ဖြောင့်မတ်တဲ့ တရားစီရင်ချက်တွေအကြောင်း လေ့လာတဲ့အခါကိုယ်တော့်ကို ရိုးဖြောင့်တဲ့စိတ်နဲ့ ချီးမွမ်းမယ်။
၈ ကိုယ်တော်ရဲ့ စည်းမျဉ်းတွေကို စောင့်ထိန်းမယ်။
ကျွန်တော့်ကို ဘယ်တော့မှ မစွန့်ပစ်လိုက်ပါနဲ့။
ב
၉ လူငယ်လူရွယ်တွေဟာ သန့်ရှင်းတဲ့ အသက်တာကို ဘယ်လိုရနိုင်မလဲ။
ကိုယ့်ကိုယ်ကိုယ် စောင့်ထိန်းခြင်း၊ နှုတ်တော်ထွက် စကားအတိုင်း ကျင့်ကြံခြင်းအားဖြင့်ပဲ။+
၁၀ ကိုယ်တော့်ကို စိတ်စွမ်းရှိသမျှ ရှာဖွေပါတယ်။
ပညတ်ချက်တွေကနေ ကျွန်တော့်ကို လမ်းမလွဲစေပါနဲ့။+
၁၁ ကိုယ်တော့်ကို မပြစ်မှားမိအောင်+နှုတ်တော်ထွက် စကားတွေကို ရင်ထဲမှာ စွဲမှတ်ထားပါတယ်။+
၁၂ အို ယေဟောဝါ၊ ကိုယ်တော့်ကို ချီးမွမ်းပါတယ်။
ကိုယ်တော်ရဲ့ စည်းမျဉ်းတွေအကြောင်း သင်ကြားပေးလှည့်ပါ။
၁၃ မိန့်မှာထားသမျှ တရားစီရင်ချက်တွေအကြောင်းကျွန်တော် ကြေညာမယ်။
၁၄ အဖိုးတန်ပစ္စည်းတွေရလို့ ဝမ်းမြောက်တာထက်+ကိုယ်တော်ရဲ့ သတိပေးချက်တွေရလို့ ပိုဝမ်းမြောက်ပါတယ်။+
၁၅ အမိန့်တော်တွေအကြောင်း စဉ်းစားဆင်ခြင်မယ်။+
ကိုယ်တော်ရဲ့ လမ်းစဉ်တွေကို မျက်ခြည်မပြတ် အာရုံစိုက်မယ်။+
၁၆ ကိုယ်တော်ရဲ့ ဥပဒေတွေကို ကျွန်တော် မြတ်နိုးတယ်။
နှုတ်တော်ထွက်စကားကို မမေ့ပါဘူး။+
ג
၁၇ ကျွန်တော်မျိုးကို ကြင်ကြင်နာနာ ဆက်ဆံလှည့်ပါ။
ဒါမှ ကျွန်တော် အသက်ဆက်ရှင်ပြီး နှုတ်တော်ထွက် စကားကို လိုက်နာနိုင်မှာပါ။+
၁၈ ပညတ်တော်မှာပါတဲ့ အံ့ဖွယ်ရာတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်အောင်ကျွန်တော့်မျက်စိကို ဖွင့်ပေးပါ။
၁၉ ကျွန်တော်ဟာ တခြားတိုင်းပြည်ကို ရောက်နေတဲ့ တိုင်းတစ်ပါးသားပါ။+
ပညတ်ချက်တွေကို ဝှက်မထားပါနဲ့။
၂၀ ကိုယ်တော်ရဲ့ တရားစီရင်ချက်တွေကို တစ်ချိန်လုံး တောင့်တရလွန်းလို့ကျွန်တော် လုံးပါးပါးနေပြီ။
၂၁ ကိုယ်တော်က ရောင့်တက်သူတွေ၊ပညတ်ချက်တွေကို မလိုက်နာလို့ ကျိန်စာသင့်နေသူတွေကို ပြစ်တင်ဆုံးမတယ်။+
၂၂ ကိုယ်တော်ရဲ့ သတိပေးချက်တွေကို လိုက်နာတဲ့အတွက်
ကဲ့ရဲ့ခြင်းနဲ့ အထင်သေးခြင်းကို ကျွန်တော့်ဆီကနေ ဖယ်ရှားပေးပါ။
၂၃ မင်းညီမင်းသားတွေ ဝိုင်းထိုင်ပြီး ကျွန်တော့်အကြောင်း မကောင်းပြောနေရင်တောင်ကျွန်တော်မျိုးကတော့ ကိုယ်တော်ရဲ့ စည်းမျဉ်းတွေအကြောင်း စဉ်းစားဆင်ခြင်တယ်။
၂၄ ကိုယ်တော်ရဲ့ သတိပေးချက်တွေကို မြတ်နိုးလှပါတယ်။+
အဲဒါတွေဟာ ကျွန်တော့်အတွက် အကြံပေးသူတွေပါ။+
ד
၂၅ ကျွန်တော် မြေမှုန့်ထဲ ပြားပြားဝပ်နေရပြီ။+
နှုတ်တော်ထွက်စကားအတိုင်း အသက်ဆက်ရှင်စေပါ။+
၂၆ ကျွန်တော့်ရဲ့ လုပ်ရပ်တွေအကြောင်း ပြောပြတဲ့အခါ ကိုယ်တော်ပြန်ဖြေတယ်။
စည်းမျဉ်းတွေအကြောင်း သင်ကြားပေးလှည့်ပါ။+
၂၇ အမိန့်တော်တွေရဲ့ ဆိုလိုရင်းကို နားလည်စေပါ။
ဒါမှ အံ့ဖွယ်လုပ်ဆောင်မှုတွေအကြောင်း ကျွန်တော် စဉ်းစားဆင်ခြင်နိုင်မှာပါ။+
၂၈ သောကတွေကြောင့် အိပ်မပျော်နိုင်ဘူး။
ဒါကြောင့် နှုတ်တော်ထွက်စကားအတိုင်း ခွန်အားပေးလှည့်ပါ။
၂၉ လှည့်စားတဲ့ လမ်းစဉ်ကနေ ကျွန်တော့်ကို ဖယ်ရှားပေးပါ။+
ပညတ်တော်အကြောင်း သင်ပေးပြီး မျက်နှာသာပေးလှည့်ပါ။
၃၀ သစ္စာလမ်းစဉ်ကို ကျွန်တော်ရွေးချယ်ပါပြီ။+
တရားစီရင်ချက်တွေ မှန်ကန်တယ်ဆိုတာ အသိအမှတ်ပြုပါတယ်။
၃၁ ကိုယ်တော်ရဲ့ သတိပေးချက်တွေကို ဆည်းကပ်ပါတယ်။+
အို ယေဟောဝါ၊ ကျွန်တော်စိတ်မပျက်ပါရစေနဲ့။+
၃၂ ခံယူတတ်တဲ့စိတ်ကို ကိုယ်တော် ပေးထားတဲ့အတွက်ပညတ်လမ်းစဉ်တွေကို ကျွန်တော် မက်မက်မောမော လိုက်လျှောက်မယ်။
ה
၃၃ ယေဟောဝါဘုရား၊ စည်းမျဉ်းတွေအကြောင်း သင်ကြားပေးပါ။+
သက်ဆုံးတိုင် လိုက်နာပါ့မယ်။+
၃၄ ကျွန်တော့်ကို သိနားလည်နိုင်စွမ်း ပေးလှည့်ပါ။
ဒါမှ ပညတ်တော်ကို စောင့်ထိန်းပြီး စိတ်ရောကိုယ်ပါ လိုက်နာနိုင်မှာပါ။
၃၅ ပညတ်လမ်းစဉ်အတိုင်း လမ်းပြပေးလှည့်ပါ။+
ပညတ်ချက်တွေကို နှစ်သက်မြတ်နိုးလို့ပါ။
၃၆ ကျွန်တော့်ကို ကိုယ်တော်ရဲ့ သတိပေးချက်တွေဘက် စိတ်တိမ်းညွတ်စေပါ။
ကိုယ်ကျိုးရှာချင်တဲ့ဘက် မတိမ်းညွတ်စေပါနဲ့။+
၃၇ အချည်းနှီးဖြစ်တဲ့အရာတွေကို မကြည့်မိအောင် ကျွန်တော့်မျက်စိကို လွှဲပေးပါ။+
ကိုယ်တော်ရဲ့ လမ်းစဉ်မှာပဲ အသက်ဆက်ရှင်စေပါ။
၃၈ ကျွန်တော်မျိုးကို ပေးခဲ့တဲ့ ကတိတော်အတိုင်း လုပ်ဆောင်ပေးပါ။
ဒါမှ ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေနိုင်မှာပါ။*
၃၉ ကျွန်တော်ကြောက်တဲ့ အရှက်ကွဲခြင်းကို ဖယ်ရှားပေးပါ။
ကိုယ်တော်ရဲ့ တရားစီရင်ချက်တွေ မှန်ကန်လို့ပါ။+
၄၀ အမိန့်တော်တွေကို တောင့်တနေတာ မြင်လှည့်ပါ။
ဖြောင့်မတ်ခြင်းနဲ့အညီ ကျွန်တော့်ကို အသက်ဆက်ရှင်စေပါ။
ו
၄၁ အို ယေဟောဝါ၊ ခိုင်မြဲတဲ့မေတ္တာတော်ကို ခံစားပါရစေ။+
ကတိတော်အတိုင်း ကယ်တင်ခြင်းကျေးဇူးကို ခံစားပါရစေ။+
၄၂ ဒါမှ ကဲ့ရဲ့နေသူကို ပြန်ချေပနိုင်မှာပါ။
နှုတ်တော်ထွက်စကားကို ယုံကြည်ကိုးစားပါတယ်။
၄၃ အမှန်တရားနဲ့ဆိုင်တဲ့ စကားတွေကို ကျွန်တော့်နှုတ်ကနေ လုံးဝ မဖယ်ရှားလိုက်ပါနဲ့။
ကိုယ်တော်ရဲ့ တရားစီရင်ချက်ကို မျှော်လင့်နေပါတယ်။
၄၄ ပညတ်တော်ကိုအစဉ်ထာဝရ စောင့်ထိန်းပါ့မယ်။+
၄၅ အမိန့်တော်ကို ရှာဖွေစူးစမ်းတဲ့အတွက်ဘေးကင်းတဲ့နေရာမှာ ကျွန်တော် သွားလာရမှာပါ။+
၄၆ ကိုယ်တော်ရဲ့ သတိပေးချက်တွေအကြောင်း ဘုရင်တွေရှေ့ ထုတ်ဖော်ပြောဆိုမှာပါ။
ကျွန်တော် မရှက်ပါဘူး။+
၄၇ ပညတ်ချက်တွေကို ကျွန်တော် မြတ်နိုးတယ်။
တကယ်ကို ချစ်မြတ်နိုးပါတယ်။+
၄၈ ပညတ်ချက်တွေကို ချစ်မြတ်နိုးတဲ့အတွက် ကိုယ်တော့်ဆီ လက်ဖြန့်ဆုတောင်းမယ်။+
ကိုယ်တော်ရဲ့ စည်းမျဉ်းတွေအကြောင်း စဉ်းစားဆင်ခြင်မယ်။+
ז
၄၉ ကျွန်တော်မျိုးကို ပေးခဲ့တဲ့ ကတိကို သတိရလှည့်ပါ။
အဲဒီကတိကြောင့် မျှော်လင့်ချက်ရှိလာပြီး
၅၀ ဒုက္ခရောက်ချိန်မှာ စိတ်သက်သာရာရခဲ့တယ်။+
နှုတ်တော်ထွက်စကားဟာ အသက်ဆက်ရှင်စေတယ်။
၅၁ ရောင့်တက်သူတွေ ကျွန်တော့်ကို အလွန်အထင်သေးကြပေမဲ့ပညတ်တော်ကနေ ကျွန်တော် မသွေဖည်ပါဘူး။+
၅၂ အို ယေဟောဝါ၊ ရှေးတုန်းက ကိုယ်တော်ရဲ့ တရားစီရင်ချက်တွေအကြောင်း သတိရပါတယ်။+
အဲဒီကနေ နှစ်သိမ့်မှု ခံစားရပါတယ်။+
၅၃ ပညတ်တော်ကို ပစ်ပယ်တဲ့ လူဆိုးတွေကြောင့်ကျွန်တော် ဒေါသမီး တောက်လောင်နေတယ်။+
၅၄ ဘယ်မှာပဲ နေထိုင်ပါစေ
ကိုယ်တော်ရဲ့ စည်းမျဉ်းတွေဟာ ကျွန်တော့်အတွက် တေးသီချင်းတွေပါ။
၅၅ ယေဟောဝါဘုရား၊ ပညတ်တော်ကို စောင့်ထိန်းနိုင်ဖို့ညအချိန်မှာ နာမတော်ကို သတိရပါတယ်။+
၅၆ အမိန့်တော်ကို စောင့်ထိန်းပါတယ်။
ဒါဟာ ကျွန်တော့်အတွက် အကျင့်ဖြစ်နေပါပြီ။
ח
၅၇ ယေဟောဝါဟာ ကျွန်တော့်ဝေစုပါ။+
နှုတ်တော်ထွက်စကားကို လိုက်နာမယ်လို့ ကတိပေးပါတယ်။+
၅၈ ကျွန်တော် လှိုက်လှိုက်လှဲလှဲ အသနားခံပါတယ်။+
ကတိတော်အတိုင်း မျက်နှာသာပေးလှည့်ပါ။+
၅၉ သတိပေးချက်တွေကို ပြန်လိုက်နာနိုင်ဖို့
ကိုယ့်လမ်းစဉ်တွေကို ဆန်းစစ်ပါတယ်။+
၆၀ ပညတ်ချက်တွေကို ချက်ချင်း စောင့်ထိန်းပါတယ်။+
မနှောင့်နှေးပါဘူး။
၆၁ လူဆိုးတွေရဲ့ကြိုးတွေ ဝိုင်းရံထားပေမဲ့
ပညတ်တော်ကို မမေ့ပါဘူး။+
၆၂ သန်းခေါင်ယံမှာ နိုးထပြီးကိုယ်တော်ရဲ့ ဖြောင့်မတ်တဲ့ တရားစီရင်ချက်တွေကိုကျေးဇူးတင်ချီးမွမ်းပါတယ်။+
၆၃ ကျွန်တော်ဟာ ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေသူတွေ၊အမိန့်တော် စောင့်ထိန်းသူတွေရဲ့ မိတ်ဆွေပါပဲ။+
၆၄ အို ယေဟောဝါ၊ ကမ္ဘာမြေဟာ ခိုင်မြဲတဲ့မေတ္တာတော်နဲ့ ပြည့်နေတယ်။+
ကိုယ်တော်ရဲ့ စည်းမျဉ်းတွေအကြောင်း သင်ကြားပေးလှည့်ပါ။
ט
၆၅ အို ယေဟောဝါ၊ နှုတ်တော်ထွက်စကားအတိုင်းကျွန်တော်မျိုးကို ကျေးဇူးပြုပါပြီ။
၆၆ ပညတ်ချက်တွေကို ကျွန်တော် ယုံကြည်ကိုးစားတဲ့အတွက်ဆင်ခြင်ဉာဏ်နဲ့ အသိပညာကို သင်ကြားပေးပါ။+
၆၇ ကျွန်တော် လမ်းလွဲပြီး ဒုက္ခရောက်ခဲ့ဖူးတယ်။
အခုတော့ နှုတ်တော်ထွက်စကားကို လိုက်နာနေပါပြီ။+
၆၈ ကိုယ်တော်ဟာ ကောင်းမြတ်တယ်။+ ကိုယ်တော်ရဲ့ လုပ်ဆောင်မှုတွေကလည်း ကောင်းမြတ်တယ်။
ကိုယ်တော်ရဲ့ စည်းမျဉ်းတွေအကြောင်း သင်ကြားပေးလှည့်ပါ။+
၆၉ ရောင့်တက်သူတွေ မဟုတ်မမှန် စွပ်စွဲကြပေမဲ့
ကျွန်တော်ကတော့ အမိန့်တော်ကို စိတ်ရောကိုယ်ပါ စောင့်ထိန်းပါတယ်။
၇၀ သူတို့ဟာ အကြင်နာတရား ကင်းမဲ့တယ်။+
ကျွန်တော်ကတော့ ပညတ်တော်ကို မြတ်နိုးပါတယ်။+
၇၁ ကျွန်တော် ဒုက္ခရောက်တာ ကောင်းတယ်။+
ဒါမှ ကိုယ်တော်ရဲ့ စည်းမျဉ်းတွေအကြောင်း သိလာနိုင်မှာပါ။
၇၂ ကိုယ်တော် ထုတ်ဖော်ပြောပြတဲ့ ပညတ်တရားဟာ+
ကျွန်တော့်အတွက် ရွှေငွေ အမြောက်အမြားထက် အဖိုးထိုက်ပါတယ်။+
י
၇၃ ကျွန်တော့်ကို လက်တော်နဲ့ ဖန်ဆင်းပြီး ပုံသွင်းခဲ့တယ်။
ပညတ်ချက်တွေအကြောင်း သိလာနိုင်ဖို့သိနားလည်နိုင်စွမ်း ပေးသနားလှည့်ပါ။+
၇၄ ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေသူတွေ ကျွန်တော့်ကိုမြင်ပြီး ဝမ်းမြောက်ကြတယ်။
နှုတ်တော်ထွက်စကားဟာ ကျွန်တော့်မျှော်လင့်ချက် ဖြစ်နေလို့ပါ။+
၇၅ အို ယေဟောဝါ၊ ကိုယ်တော်ရဲ့ တရားစီရင်ချက်တွေဟာ ဖြောင့်မတ်တယ်၊+သစ္စာတရားတော်ကြောင့် ကျွန်တော့်ကို ဆုံးမတယ်ဆိုတာ သိပါတယ်။+
၇၆ ပေးခဲ့တဲ့ ကတိတော်အတိုင်းခိုင်မြဲတဲ့မေတ္တာတော်က+ ကျွန်တော်မျိုးကို နှစ်သိမ့်ပေးပါစေ။
၇၇ ပညတ်တော်ကို ကျွန်တော် မြတ်နိုးတဲ့အတွက်+အသက်ဆက်ရှင်နိုင်ဖို့ ကရုဏာ ပြလှည့်ပါ။+
၇၈ ရောင့်တက်သူတွေဟာ ကျွန်တော့်ကို အကြောင်းမဲ့ ပြစ်မှားတဲ့အတွက်* အရှက်ကွဲကြပါစေ။
ကျွန်တော်ကတော့ အမိန့်တော်တွေအကြောင်း စဉ်းစားဆင်ခြင်မယ်။+
၇၉ ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေသူတွေ၊ကိုယ်တော်ရဲ့ သတိပေးချက်တွေကို သိကျွမ်းသူတွေ ကျွန်တော့်ဆီ ပြန်လှည့်လာပါစေ။
၈၀ ကိုယ်တော်ရဲ့ စည်းမျဉ်းတွေကို စိတ်နှလုံးအကြွင်းမဲ့ လိုက်နာပါရစေ။+
ဒါမှ ကျွန်တော် အရှက်တကွဲ မဖြစ်မှာပါ။+
כ
၈၁ ကယ်တင်ခြင်း ကျေးဇူးကို တောင့်တနေပါတယ်။+
နှုတ်တော်ထွက်စကားဟာကျွန်တော့်မျှော်လင့်ချက် ဖြစ်နေလို့ပါ။
၈၂ “ကျွန်တော့်ကို ဘယ်တော့နှစ်သိမ့်ပေးမှာလဲ”+ လို့ပြောရင်းကတိတော်တွေကို မျှော်ကြည့်နေပါတယ်။+
၈၃ ကျွန်တော်ဟာ မီးခိုးရိုက်ထားလို့ ရှုံ့တွနေတဲ့ သားရေဘူးလို ဖြစ်နေပေမဲ့ကိုယ်တော်ရဲ့ စည်းမျဉ်းတွေကိုတော့ မမေ့ပါဘူး။+
၈၄ ကျွန်တော်မျိုး ဘယ်လောက်ကြာကြာ စောင့်ရဦးမှာလဲ။
ညှဉ်းပန်းနှိပ်စက်သူတွေကို ဘယ်တော့တရားစီရင်မှာလဲ။+
၈၅ ရောင့်တက်သူတွေ၊ ပညတ်တော်ကို ချိုးဖောက်သူတွေကကျွန်တော့်အတွက် တွင်းတူးထားကြတယ်။
၈၆ ပညတ်ချက်မှန်သမျှ ယုံကြည်စိတ်ချထိုက်တယ်။
ကျွန်တော့်ကို လူတွေ အကြောင်းမဲ့ နှိပ်စက်နေလို့ ကူညီပါဦး။+
၈၇ ကျွန်တော့်ကို မြေပေါ်ကနေ သူတို့ ပယ်ရှင်းပစ်တော့မယ်။
ကျွန်တော်ကတော့ အမိန့်တော်ကို မစွန့်ပစ်ပါဘူး။
၈၈ ခိုင်မြဲတဲ့မေတ္တာတော်နဲ့အညီ ကျွန်တော့်ကို အသက်ဆက်ရှင်စေပါ။
ဒါမှ ကိုယ်တော်ပြောခဲ့တဲ့ သတိပေးချက်တွေကို စောင့်ထိန်းနိုင်မှာပါ။
ל
၈၉ အို ယေဟောဝါ၊ နှုတ်တော်ထွက်စကားဟာကောင်းကင်မှာ ထာဝစဉ် တည်မြဲလိမ့်မယ်။+
၉၀ ကိုယ်တော်ရဲ့ သစ္စာတရားဟာ လူမျိုးအဆက်ဆက် တည်ပါတယ်။+
ကိုယ်တော်က ကမ္ဘာမြေကို တည်မြဲတည်နေစေဖို့ အခိုင်အမာ အုတ်မြစ်ချထားတယ်။+
၉၁ ကိုယ်တော်ရဲ့ တရားစီရင်ချက်တွေကြောင့် ကောင်းကင်နဲ့ ကမ္ဘာမြေဟာ ဒီနေ့အထိတည်မြဲနေတယ်။
ဖန်ဆင်းရာအားလုံးဟာ ကိုယ်တော့်ကျွန်တွေပဲ။
၉၂ ပညတ်တော်ကိုသာ မမြတ်နိုးခဲ့ရင်ကျွန်တော် ဒုက္ခရောက်ပြီး ပျက်စီးနေလောက်ပြီ။+
၉၃ အမိန့်တော်ကို ကျွန်တော်ဘယ်တော့မှ မမေ့ဘူး။
အမိန့်တော်ကြောင့် ကျွန်တော် အသက်ဆက်ရှင်နေလို့ပါ။+
၉၄ ကျွန်တော့်ကို ကိုယ်တော် ပိုင်ပါတယ်။+
အမိန့်တော်တွေကို ကျွန်တော် စူးစမ်းရှာဖွေတဲ့အတွက် ကယ်တင်ပေးလှည့်ပါ။+
၉၅ ကျွန်တော့်ကို လုပ်ကြံဖို့ လူဆိုးတွေ စောင့်နေတယ်။
ကျွန်တော်ကတော့ သတိပေးချက်တွေကို အသေအချာ အာရုံစိုက်ပါတယ်။
၉၆ ပြီးပြည့်စုံတဲ့အရာအားလုံး အကန့်အသတ်ရှိမှန်း ကျွန်တော်သိမြင်ပါပြီ။
ပညတ်ချက်တွေကတော့ အကန့်အသတ် မရှိဘူး။
מ
၉၇ ပညတ်တော်ကို အလွန်နှစ်သက်ပါတယ်။+
တစ်နေ့လုံး စဉ်းစားဆင်ခြင်ပါတယ်။+
၉၈ ပညတ်ချက်တွေ ကိုယ်နဲ့မကွာ အမြဲရှိနေလို့ကျွန်တော်ဟာ ရန်သူတွေထက် ဉာဏ်ပညာ ရှိလာတယ်။+
၉၉ သတိပေးချက်တွေကို စဉ်းစားဆင်ခြင်လို့ဆရာအပေါင်းတို့ထက် ထိုးထွင်းဉာဏ် ပိုရှိလာတယ်။+
၁၀၀ အမိန့်တော်တွေကို စောင့်ထိန်းလို့
အသက်ကြီးသူတွေထက် သိနားလည်နိုင်စွမ်းနဲ့ လုပ်ဆောင်နိုင်တာပါ။
၁၀၁ နှုတ်တော်ထွက်စကားကို လိုက်နာနိုင်ဖို့ယုတ်မာတဲ့လမ်းမှန်သမျှ ကျွန်တော် မလိုက်လျှောက်ပါဘူး။+
၁၀၂ ကိုယ်တော် သွန်သင်ပေးတဲ့ အတွက်တရားစီရင်ချက်တွေကနေ လမ်းမလွဲပါဘူး။
၁၀၃ နှုတ်တော်ထွက်စကားဟာ ကျွန်တော့်ခံတွင်းထဲမှာ ချိုမြိန်လိုက်တာ။
ပါးစပ်ထဲမှာ ပျားရည်ထက်တောင် ချိုမြပါတယ်။+
၁၀၄ ကျွန်တော်က အမိန့်တော်အတိုင်း သိနားလည်မှုရှိရှိ လုပ်ဆောင်ပါတယ်။+
ဒါကြောင့်လည်း မှားယွင်းတဲ့ လမ်းစဉ်မှန်သမျှကို မုန်းပါတယ်။+
נ
၁၀၅ နှုတ်တော်ထွက်စကားဟာ ကျွန်တော့်ခြေကို လမ်းပြတဲ့ မီးခွက်ပါ။
လမ်းခရီးကို လင်းစေတဲ့ အလင်းပါ။+
၁၀၆ ဖြောင့်မတ်တဲ့ တရားစီရင်ချက်တွေကို စောင့်ထိန်းမယ်လို့သစ္စာဆိုထားတဲ့အတိုင်း ကျွန်တော် လုပ်ဆောင်ပါ့မယ်။
၁၀၇ ယေဟောဝါဘုရား၊ ကျွန်တော် အကြီးအကျယ် ဒုက္ခရောက်နေတယ်။+
နှုတ်တော်ထွက်စကားအတိုင်း ကျွန်တော့်ကို အသက် ဆက်ရှင်စေပါ။+
၁၀၈ အို ယေဟောဝါ၊ စေတနာအလျောက်ဆက်သတဲ့ ကျွန်တော့်ရဲ့ ချီးမွမ်းခြင်း အလှူတွေကို လက်ခံပေးလှည့်ပါ။+
တရားစီရင်ချက်တွေအကြောင်း သင်ကြားပေးလှည့်ပါ။+
၁၀၉ ကျွန်တော်ဟာ အသက်အန္တရာယ် အမြဲကြုံနေရပေမဲ့ပညတ်တော်ကို မမေ့ပါဘူး။+
၁၁၀ လူဆိုးတွေ ထောင်ချောက်ဆင်ထားပေမဲ့အမိန့်တော်တွေကနေ ကျွန်တော် လမ်းမလွဲပါဘူး။+
၁၁၁ သတိပေးချက်တွေဟာ စိတ်ရွှင်လန်းစေတဲ့အတွက်+အဲဒါတွေကို ထာဝရပိုင်ဆိုင်ရာအဖြစ် ယူမှတ်ပါတယ်။
၁၁၂ ကိုယ်တော်ရဲ့ စည်းမျဉ်းတွေကိုသက်ဆုံးတိုင် အမြဲလိုက်နာမယ်လို့ သန္နိဋ္ဌာန်ချထားပါတယ်။
ס
၁၁၃ စိတ်မပါ့တပါ ဖြစ်နေသူတွေကို ကျွန်တော် မုန်းပါတယ်။+
ပညတ်တော်ကိုတော့ အလွန်နှစ်သက်ပါတယ်။+
၁၁၄ ကိုယ်တော်ဟာ ကျွန်တော့်ခိုနားရာ၊ ကျွန်တော့်ဒိုင်းလွှားပါ။+
နှုတ်တော်ထွက်စကားဟာ ကျွန်တော့်မျှော်လင့်ချက်ပါ။+
၁၁၅ လူယုတ်မာတို့၊ ငါနဲ့ဝေးဝေးနေကြ။+
ဒါမှ ဘုရားသခင်ရဲ့ ပညတ်ချက်တွေကို ငါစောင့်ထိန်းနိုင်မှာ။
၁၁၆ ကျွန်တော် အသက်ဆက်ရှင်နိုင်အောင်ကတိတော်အတိုင်း ထောက်မပေးပါ။+
ကျွန်တော့်မျှော်လင့်ချက်ဟာ စိတ်ပျက်စရာ မဖြစ်ပါစေနဲ့။+
၁၁၇ ကျွန်တော် ကယ်တင်ခံရအောင် ထောက်မပေးပါ။+
ဒါဆိုရင် ကိုယ်တော့်စည်းမျဉ်းတွေကို အမြဲအာရုံစိုက်နိုင်မှာပါ။+
၁၁၈ ကိုယ်တော်က စည်းမျဉ်းတွေကနေလမ်းလွဲသွားသူတွေကို ငြင်းပယ်တယ်။+
သူတို့ဟာ လိမ်ညာလှည့်စားတတ်လို့ပဲ။
၁၁၉ ကမ္ဘာပေါ်မှာရှိတဲ့ လူဆိုးအားလုံးကိုလည်း အသုံးမဝင်တဲ့ချော်လို* ဖယ်ရှားပစ်တယ်။+
ဒါကြောင့် သတိပေးချက်တွေကို ကျွန်တော် အလွန်နှစ်သက်ပါတယ်။
ע
၁၂၀ ကိုယ်တော့်ကို ကြောက်လွန်းလို့ ကျွန်တော် တုန်လှုပ်နေတယ်။
တရားစီရင်ချက်တွေကို ကြောက်ပါတယ်။
၁၂၁ ကျွန်တော်က တရားသဖြင့် စီရင်ပေးပါတယ်၊ ဖြောင့်မတ်တာကို လုပ်ဆောင်ပါတယ်။
ဖိနှိပ်သူတွေလက်ထဲ ကျွန်တော့်ကို မစွန့်ပစ်လိုက်ပါနဲ့။
၁၂၂ ကျွန်တော်မျိုးရဲ့ အကျိုးအတွက် လုပ်ဆောင်မယ်လို့ အာမခံတော်မူပါ။
ရောင့်တက်သူတွေ ကျွန်တော့်ကို မဖိနှိပ်ပါစေနဲ့။
၁၂၃ ကယ်တင်ခြင်းကို မျှော်ရလွန်းလို့၊ဖြောင့်မတ်တဲ့ကတိတော်ကို စောင့်မျှော်ရလွန်းလို့ မျက်စိတွေ မှုန်ဝါးနေပါပြီ။+
၁၂၄ ကျွန်တော်မျိုးကို ခိုင်မြဲတဲ့မေတ္တာ ပြလှည့်ပါ။+
စည်းမျဉ်းတွေအကြောင်း သင်ကြားပေးပါ။+
၁၂၅ ကျွန်တော်ဟာ ကိုယ်တော့်ကျွန်ပါ။ သိနားလည်နိုင်စွမ်း ပေးသနားပါ။+
ဒါမှ သတိပေးချက်တွေကို ကျွန်တော် သိလာမှာပါ။
၁၂၆ ပညတ်တော်ကို သူတို့ချိုးဖောက်နေလို့ယေဟောဝါ အရေးယူ လုပ်ဆောင်မယ့်အချိန် ရောက်ပြီ။+
၁၂၇ ကျွန်တော်ကတော့ ပညတ်ချက်တွေကိုရွှေထက်မက ရွှေစင်ထက် နှစ်သက်ပါတယ်။+
၁၂၈ ဒါကြောင့် ကိုယ်တော်ပေးတဲ့ သွန်သင်ချက်တိုင်းဟာ မှန်ကန်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။+
မှားတဲ့လမ်းစဉ်မှန်သမျှကို မုန်းပါတယ်။+
פ
၁၂၉ ကိုယ်တော်ရဲ့ သတိပေးချက်တွေဟာ နှစ်သက်စရာ ကောင်းလှပါတယ်။
ဒါကြောင့် အဲဒါတွေကို ကျွန်တော် စောင့်ထိန်းပါတယ်။
၁၃၀ နှုတ်တော်ထွက်စကားရဲ့ ဖွင့်ဟရှင်းလင်းချက်တွေဟာ အလင်းပေးတယ်။+
အတွေ့အကြုံမရှိသူတွေကို သိနားလည်မှု ရှိစေတယ်။+
၁၃၁ ပညတ်ချက်တွေကို တမ်းတရလွန်းလို့+ကျွန်တော် ပါးစပ်ဟပြီး သက်ပြင်းချနေရတယ်။
၁၃၂ နာမတော်ကို ချစ်မြတ်နိုးသူတွေအတွက် ချမှတ်ထားတဲ့ တရားစီရင်ချက်နဲ့အညီ+ကျွန်တော့်ဘက်လှည့်ပြီး မျက်နှာသာပေးလှည့်ပါ။+
၁၃၃ ကျွန်တော့်ခြေလှမ်းတွေ ဘေးကင်းဖို့ နှုတ်တော်ထွက်စကားနဲ့ လမ်းပြပေးပါ။
ဆိုးညစ်တဲ့အရာက ကျွန်တော့်ကို မစိုးမိုးပါစေနဲ့။+
၁၃၄ ဖိနှိပ်သူတွေလက်ကနေ ကယ်တင်ပေးပါ။
အမိန့်တော်ကို လိုက်နာပါ့မယ်။
၁၃၅ ကျွန်တော်မျိုးကို မျက်နှာတော်အလင်း ထွန်းလင်းပေးပါ။+
ကိုယ်တော်ရဲ့ စည်းမျဉ်းတွေအကြောင်း သင်ကြားပေးပါ။
၁၃၆ ပညတ်တော်ကို လူတွေ မစောင့်ထိန်းကြလို့ကျွန်တော့်မှာ မျက်ရည်တွေ ချောင်းလို စီးကျနေတယ်။+
צ
၁၃၇ အို ယေဟောဝါ၊ ကိုယ်တော်ဟာ ဖြောင့်မတ်တယ်။+
တရားစီရင်ချက်တွေဟာ မျှတတယ်။+
၁၃၈ သတိပေးချက်တွေဟာ ဖြောင့်မတ်တယ်။
အပြည့်အဝ ယုံကြည်စိတ်ချထိုက်တယ်။
၁၃၉ နှုတ်တော်ထွက်စကားကို ရန်သူတွေ မေ့လျော့တဲ့အတွက်ကျွန်တော့်ရဲ့ စိတ်ထက်သန်မှုဟာ ရင်ထဲမှာ တောက်လောင်နေတယ်။+
၁၄၀ နှုတ်တော်ထွက်စကားဟာ အကြွင်းမဲ့သန့်စင်တယ်။+
အဲဒါတွေကို ကျွန်တော်မျိုး အလွန်နှစ်သက်တယ်။+
၁၄၁ ကျွန်တော်ဟာ အရေးမပါသူ၊ အထင်သေးခံရသူပါ။+
ဒါပေမဲ့ အမိန့်တော်တွေကို မမေ့ပါဘူး။
၁၄၂ ကိုယ်တော်ရဲ့ ဖြောင့်မတ်ခြင်းဟာ ထာဝရ ဖြောင့်မတ်ခြင်းပါ။+
ပညတ်တော်ကလည်း အမှန်တရားပါပဲ။+
၁၄၃ အခက်အခဲတွေ၊ ဒုက္ခတွေ ကြုံတွေ့ရပေမဲ့
ပညတ်ချက်တွေကို ကျွန်တော် မြတ်နိုးနေဆဲပါပဲ။
၁၄၄ ကိုယ်တော်ရဲ့ သတိပေးချက်တွေဟာ ထာဝစဉ် ဖြောင့်မတ်ပါတယ်။
ကျွန်တော် အသက်ဆက်ရှင်နိုင်ဖို့ သိနားလည်နိုင်စွမ်း ပေးသနားလှည့်ပါ။+
ק
၁၄၅ အို ယေဟောဝါ၊ ကျွန်တော် လှိုက်လှိုက်လှဲလှဲ ခေါ်နေပါတယ်။ ပြန်ထူးလှည့်ပါ။
စည်းမျဉ်းတွေကို စောင့်ထိန်းပါ့မယ်။
၁၄၆ ကိုယ်တော့်ကို ခေါ်နေပါတယ်။ ကယ်တင်ပေးပါ။
သတိပေးချက်တွေကို လိုက်နာပါ့မယ်။
၁၄၇ မိုးမလင်းခင်ထပြီး ကိုယ်တော့်ကို အော်ဟစ်အကူအညီတောင်းပါတယ်။+
နှုတ်တော်ထွက်စကားဟာ ကျွန်တော့်မျှော်လင့်ချက်ပါ။
၁၄၈ သန်းခေါင်ယံမှာ နိုးထပြီးကတိတော်တွေအကြောင်း စဉ်းစားဆင်ခြင်ပါတယ်။+
၁၄၉ ခိုင်မြဲတဲ့မေတ္တာကိုထောက်ပြီး ကျွန်တော်ပြောတာကို နားထောင်ပေးပါ။+
အို ယေဟောဝါ၊ ကိုယ်တော်ရဲ့ တရားမျှတမှုနဲ့အညီ ကျွန်တော့်ကို အသက်ဆက်ရှင်စေပါ။
၁၅၀ ယုတ်ညံ့တဲ့အကျင့် ကျင့်တဲ့သူတွေ မကောင်းတဲ့အကြံနဲ့ အနားရောက်လာတယ်။
ပညတ်တော်ကို သူတို့ပစ်ပယ်ကြတယ်။
၁၅၁ ယေဟောဝါဘုရား၊ ကျွန်တော့်အနီးအနားမှာ ကိုယ်တော်ရှိနေတယ်။+
ပညတ်ချက်တွေဟာ အမှန်တရားပါ။+
၁၅၂ သတိပေးချက်တွေကို ထာဝစဉ်တည်အောင် ကိုယ်တော်ပြဋ္ဌာန်းခဲ့မှန်း+ဟိုးအရင်ကတည်းက ကျွန်တော် သိထားပါတယ်။
ר
၁၅၃ ကျွန်တော့်ဒုက္ခကို မြင်ပြီး ကယ်တင်ပေးပါ။+
ပညတ်တော်ကို မမေ့လျော့ပါဘူး။
၁၅၄ ကျွန်တော့်ဘက်ကနေ ခုခံကာကွယ်ပေးပါ။ ကယ်တင်ပေးပါ။+
ကတိတော်အတိုင်း အသက်ဆက်ရှင်စေပါ။
၁၅၅ ကိုယ်တော်ရဲ့ စည်းမျဉ်းတွေကို မစူးစမ်း မရှာဖွေတဲ့အတွက်လူဆိုးတွေဟာ ကယ်တင်ခြင်းနဲ့ အလှမ်းဝေးနေတယ်။+
၁၅၆ အို ယေဟောဝါ၊ ကရုဏာတော် ကြီးမားလှပါတယ်။+
ကိုယ်တော်ရဲ့ တရားမျှတမှုနဲ့အညီ ကျွန်တော့်ကို အသက်ဆက်ရှင်စေပါ။
၁၅၇ နှိပ်စက်သူတွေ၊ ရန်သူတွေ များလှပေမဲ့+
ကိုယ်တော်ရဲ့ သတိပေးချက်တွေကနေ ကျွန်တော် သွေဖည်မသွားပါဘူး။
၁၅၈ သစ္စာဖောက်တွေက နှုတ်တော်ထွက်စကားအတိုင်း မလိုက်နာတဲ့အတွက်သူတို့ကို ကျွန်တော် ရွံတယ်။+
၁၅၉ အမိန့်တော်တွေကို ကျွန်တော် နှစ်သက်တယ်ဆိုတာ မြင်လှည့်ပါ။
အို ယေဟောဝါ၊ ခိုင်မြဲတဲ့မေတ္တာတော်နဲ့အညီ အသက်ဆက်ရှင်စေပါ။+
၁၆၀ နှုတ်တော်ထွက်စကားရဲ့ အနှစ်သာရဟာ အမှန်တရားပါ။+
ဖြောင့်မတ်တဲ့ တရားစီရင်ချက်မှန်သမျှ ထာဝစဉ် တည်မြဲပါတယ်။
ש
၁၆၁ မင်းညီမင်းသားတွေက အကြောင်းမဲ့ နှိပ်စက်ကြပေမဲ့+ကျွန်တော့်ရင်ထဲမှာ နှုတ်တော်ထွက်စကားကို လေးမြတ်လှပါတယ်။+
၁၆၂ တိုက်ရာပါဥစ္စာတွေ အများကြီးရလို့ ဝမ်းမြောက်နေသူလိုနှုတ်တော်ထွက်စကားကြောင့် ကျွန်တော် ဝမ်းမြောက်နေပါတယ်။+
၁၆၃ မဟုတ်မမှန်တာကို ကျွန်တော်မုန်းတယ်။ ရွံတယ်။+
ပညတ်တော်ကိုတော့ အလွန်နှစ်သက်ပါတယ်။+
၁၆၄ ဖြောင့်မတ်တဲ့ တရားစီရင်ချက်တွေကြောင့်ကိုယ်တော့်ကို တစ်ရက်မှာ ခုနစ်ကြိမ် ချီးမွမ်းပါတယ်။
၁၆၅ ပညတ်တော်ကို အလွန်နှစ်သက်သူတွေဟာ သိပ်ကို ငြိမ်သက်အေးချမ်းပါတယ်။+
ဘာကမှ သူတို့ကို တိုက်မိလဲအောင် မလုပ်နိုင်ဘူး။
၁၆၆ အို ယေဟောဝါ၊ ကယ်တင်ခြင်းကျေးဇူးကို ကျွန်တော်မျှော်လင့်ပါတယ်။
ပညတ်ချက်တွေကို စောင့်ထိန်းပါတယ်။
၁၆၇ ကိုယ်တော်ရဲ့ သတိပေးချက်တွေကို လိုက်နာတယ်။
အဲဒါတွေကို သိပ်နှစ်သက်ပါတယ်။+
၁၆၈ အမိန့်တော်နဲ့ သတိပေးချက်တွေကို ကျွန်တော် စောင့်ထိန်းပါတယ်။
ကျွန်တော် ဘာပဲလုပ်လုပ် ကိုယ်တော်သိနေတယ်။+
ת
၁၆၉ အို ယေဟောဝါ၊ ကျွန်တော့်ရဲ့ အကူအညီတောင်းသံဟာ ရှေ့တော်ကို ရောက်ပါစေ။+
နှုတ်တော်ထွက်စကားအတိုင်း သိနားလည်နိုင်စွမ်း ပေးလှည့်ပါ။+
၁၇၀ မျက်နှာသာပေးပါလို့ ကျွန်တော် အသနားခံနေတာကို ကိုယ်တော်ကြားပါစေ။
ကတိတော်အတိုင်း ကယ်တင်ပေးလှည့်ပါ။
၁၇၁ စည်းမျဉ်းတွေအကြောင်း ကိုယ်တော် သင်ကြားပေးတဲ့အတွက်ကျွန်တော့်နှုတ်ကနေ ချီးမွမ်းစကားတွေ လျှံကျနေပါစေ။+
၁၇၂ ပညတ်ချက်မှန်သမျှ ဖြောင့်မတ်တဲ့အတွက်နှုတ်တော်ထွက်စကားအကြောင်း သီချင်းဆိုပါရစေ။+
၁၇၃ အမိန့်တော်တွေကို လိုက်နာဖို့ ရွေးချယ်တဲ့အတွက်+လက်တော်က ကျွန်တော့်ကိုကူညီဖို့ အသင့်ရှိနေပါစေ။+
၁၇၄ ယေဟောဝါဘုရား၊ ကယ်တင်ခြင်းကျေးဇူးကို ကျွန်တော် တောင့်တပါတယ်။
ပညတ်တော်ကို အလွန်နှစ်သက်ပါတယ်။+
၁၇၅ ကိုယ်တော့်ကို ချီးမွမ်းနိုင်ဖို့ ကျွန်တော့်ကို အသက်ရှင်ခွင့်ပေးပါ။+
တရားစီရင်ချက်တွေဟာ ကျွန်တော့်ကို ကူညီပေးပါစေ။
၁၇၆ လမ်းပျောက်တဲ့သိုးလို ဖြစ်နေလို့+ ကျွန်တော်မျိုးကို လိုက်ရှာလှည့်ပါ။
ပညတ်ချက်တွေကို မမေ့ပါဘူး။+
အောက်ခြေမှတ်ချက်များ
^ “ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေသူတွေအတွက် အဲဒီကတိတော် ပေးခဲ့တာပါ” လည်းဖြစ်နိုင်။
^ “လိမ်ညာပြောပြီး ကျွန်တော့်ကို ပြစ်မှားတဲ့အတွက်” လည်းဖြစ်နိုင်။
^ ရွှေငွေ အရည်ကျိုတဲ့အခါ ထွက်လာတဲ့ အမှိုက်သရိုက်။