ဆာလံ ၁၃၈:၁-၈

  • ဘုရားသခင် မြင့်မြတ်ပေမဲ့ ဂရုစိုက်တတ်

    • ‘ကျွန်တော် ဆုတောင်းတဲ့အခါ အဖြေပေးတယ်’ ()

    • ‘အန္တရာယ်တွေကြား ကျွန်တော့်ကို ကယ်တင်’ ()

ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။ ၁၃၈  ကိုယ်တော့်ကို လှိုက်လှိုက်လှဲလှဲ ချီးမွမ်းမယ်။+ တခြားဘုရားတွေ ရှေ့မှာတင် ကိုယ်တော့်ကို ချီးမွမ်းသီချင်းဆိုမယ်။* ၂  သန့်ရှင်းတဲ့ ဗိမာန်တော်ဘက် လှည့်ပြီး ဦးချမယ်။+ ခိုင်မြဲတဲ့မေတ္တာတော်နဲ့သစ္စာတရားကြောင့်နာမတော်ကို ချီးမွမ်းမယ်။+ ကိုယ်တော်က နှုတ်တော်ထွက်စကားနဲ့ နာမတော်ကိုအရာအားလုံးရဲ့ အထက်မှာဂုဏ်တင်ချီးမြှောက်တယ်။* ၃  ကျွန်တော်ခေါ်တဲ့အခါ ကိုယ်တော် ဖြေကြားတယ်။+ ကျွန်တော့်ကို ရဲစွမ်းသတ္တိနဲ့ ခွန်အား ရှိစေတယ်။+ ၄  အို ယေဟောဝါ၊ ကိုယ်တော်ပေးခဲ့တဲ့ ကတိတွေကို ကြားတဲ့အတွက်ကမ္ဘာပေါ်က ဘုရင်အားလုံး ကိုယ်တော့်ကို ချီးမွမ်းကြလိမ့်မယ်။+ ၅  ယေဟောဝါရဲ့ ဘုန်းတန်ခိုး ကြီးမားတဲ့အတွက်ယေဟောဝါရဲ့ နည်းလမ်းတွေအကြောင်း သီချင်းဆိုကြလိမ့်မယ်။+ ၆  ယေဟောဝါက မြင့်မြတ်ပေမဲ့ နှိမ့်ချသူကို ဂရုတစိုက် ကြည့်ရှုတယ်။+ မောက်မာသူနဲ့တော့ ခပ်ခွာခွာနေတယ်။+ ၇  အန္တရာယ်တွေကြားမှာ သွားလာရပေမဲ့ ကျွန်တော့်ကို ကိုယ်တော် အသက်ဆက်ရှင်စေမယ်။+ လက်တော်ကိုဆန့်ပြီး ရန်သူတွေရဲ့ ဒေါသကို ဆီးတားမယ်။ ကျွန်တော့်ကို ညာလက်တော်နဲ့ ကယ်တင်မယ်။ ၈  ယေဟောဝါက ကျွန်တော့်အတွက် အရာရာကို ပြီးမြောက်စေမယ်။ အို ယေဟောဝါ၊ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲပါတယ်။+ ကိုယ်တိုင်ဖန်ဆင်းခဲ့သူတွေကို မစွန့်ပစ်လိုက်ပါနဲ့။+

အောက်ခြေမှတ်ချက်များ

“တခြားဘုရားတွေကို မနာခံဘဲ ကိုယ်တော့်ကိုသာ ချီးမွမ်းသီချင်းဆိုမယ်” လည်းဖြစ်နိုင်။
“နှုတ်တော်ထွက်စကားကို နာမတော်အထက်မှာ ဂုဏ်တင်ချီးမြှောက်တယ်” လည်းဖြစ်နိုင်။