ဆာလံ ၃၈:၁-၂၂
သတိရအောက်မေ့ဖို့ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။
၃၈ အို ယေဟောဝါ၊ ကျွန်တော့်ကို ဒေါသတကြီး မဆုံးမပါနဲ့။
စိတ်ဆိုးမာန်ဆိုး မတည့်မတ်ပါနဲ့။+
၂ ကိုယ်တော်ပစ်လိုက်တဲ့ မြားတွေ ကျွန်တော့်ကိုယ်ထဲ စိုက်ဝင်နေတယ်။
ကျွန်တော့်ကို လက်တော်နဲ့ ဖိထားတယ်။+
၃ အမျက်တော်ကြောင့် ကျွန်တော် တစ်ကိုယ်လုံး ကိုက်ခဲနေတယ်။
ကိုယ့်အပြစ်ကြောင့် အရိုးတွေလည်း သက်သာရာမရ ဖြစ်နေတယ်။+
၄ ကိုယ့်အမှားတွေဟာ ခေါင်းကိုလွှမ်းမိုးတဲ့အထိ များနေပြီ။+
ဝန်ထုပ်ကြီး ထမ်းရသလို သိပ်လေးတာပဲ။
၅ ကိုယ့်ရဲ့မိုက်မဲမှုကြောင့်ဒဏ်ရာတွေလည်း ပြည်တည်ပြီး ပုပ်စော်နံနေတယ်။
၆ ကျွန်တော် သောကရောက်ပြီး အကြီးအကျယ် စိတ်ဓာတ်ကျနေတယ်။
ဝမ်းနည်းပက်လက်နဲ့ တစ်နေ့လုံး လျှောက်သွားနေတယ်။
၇ ရင်ထဲမှာ လောင်မြိုက်နေတယ်။
တစ်ကိုယ်လုံး နာနေတယ်။+
၈ ငိုင်တိုင်တိုင်နဲ့ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေတယ်။
ရင်ထဲ မချိအောင်ခံစားရလို့ အော်ဟစ်ညည်းတွားနေရတယ်။
၉ အို ယေဟောဝါ၊ ကျွန်တော့်ဆန္ဒအားလုံး ကိုယ်တော် သိပါတယ်။
ကျွန်တော့်သက်ပြင်းချသံကိုလည်း ကိုယ်တော် ကြားပါတယ်။
၁၀ ကျွန်တော့်နှလုံး တဆတ်ဆတ် တုန်နေပြီ။ အားအင်ကုန်ခန်း နေပြီ။
မျက်စိလည်း အလင်းကွယ်နေပြီ။+
၁၁ မိတ်ဆွေတွေ၊ အပေါင်းအသင်းတွေက ရောဂါဆိုးကြောင့် ကျွန်တော့်ကို ရှောင်ကြတယ်။
အသိအကျွမ်းတွေကလည်း ဝေးဝေးရှောင်ကြတယ်။
၁၂ ကျွန်တော့်အသက်ကို ရန်ရှာသူတွေက ထောင်ချောက်ဆင်ထားကြတယ်။
အန္တရာယ်ပြုချင်သူတွေက ကျွန်တော် ပျက်စီးရာပျက်စီးကြောင်း ပြောနေကြတယ်။+
အလိမ်အညာစကားတွေကို တစ်နေ့လုံး တီးတိုးပြောနေကြတယ်။
၁၃ ကျွန်တော်ကတော့ နားမကြားတဲ့သူလို နားမထောင်ဘဲနေမယ်။+
စကားအတဲ့သူလို ပါးစပ်မဟဘဲ နေမယ်။+
၁၄ ကျွန်တော်ဟာ နားမကြားတဲ့သူလို၊ချေပစရာစကားတစ်ခွန်းမှ မရှိတဲ့သူလို ဖြစ်နေပြီ။
၁၅ အို ယေဟောဝါ၊ ကိုယ်တော့်ကို စောင့်မျှော်ပါတယ်။+
ယေဟောဝါဘုရား၊ ကိုယ်တော်ကလည်း ပြန်ဖြေပါတယ်။+
၁၆ “ကျွန်တော့်ဒုက္ခကို ကြည့်ပြီး သူတို့ ကျိတ်ဝမ်းသာတာမျိုး မဖြစ်ပါစေနဲ့။
ကျွန်တော် ခြေချော်တာကို ကြည့်ပြီး သူတို့ သဘောကျနေတာမျိုး မဖြစ်ပါစေနဲ့” လို့ ကျွန်တော် ပြောခဲ့တယ်။
၁၇ ကျွန်တော် လဲကျမတတ် ဖြစ်နေပြီ။
တဆစ်ဆစ် နာကျင်နေပြီ။+
၁၈ အမှားအတွက် ဝန်ချတောင်းပန်ပါတယ်။+
အပြစ်ကြောင့် စိတ်ဒုက္ခရောက်နေပါတယ်။+
၁၉ ရန်သူတွေကတော့ ကြံ့ခိုင်သန်စွမ်းနေတယ်။*
အကြောင်းမရှိဘဲ ကျွန်တော့်ကို မုန်းတီးနေသူတွေ များလာပြီ။
၂၀ အကောင်းကို အဆိုးနဲ့ သူတို့ တုံ့ပြန်ကြတယ်။
ကောင်းတာလုပ်ဖို့ ကြိုးစားတဲ့အတွက် ကျွန်တော့်ကို ဆန့်ကျင်ကြတယ်။
၂၁ ယေဟောဝါဘုရား၊ ကျွန်တော့်ကို မစွန့်ပစ်ပါနဲ့။
အို ဘုရားသခင်၊ ကျွန်တော်နဲ့ ဝေးဝေးမနေပါနဲ့။+
၂၂ ကယ်တင်ရှင် ယေဟောဝါ၊+ကျွန်တော့်ကို အမြန်လာကူပါတော့။
အောက်ခြေမှတ်ချက်များ
^ “အကြောင်းမဲ့ ရန်မူတဲ့သူတွေ အများကြီးပဲ” လည်းဖြစ်နိုင်။