ဆာလံ ၅၁:၁-၁၉
ဂီတမှူးသို့။ ဗာသရှေဘနဲ့ မှားယွင်းပြီးနောက် ပရောဖက်နာသန် ရောက်လာတဲ့အခါ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။+
၅၁ အို ဘုရားသခင်၊ ခိုင်မြဲတဲ့မေတ္တာကို ထောက်ပြီး မျက်နှာသာ ပေးလှည့်ပါ။+
ကြီးမားလှတဲ့ ကရုဏာနဲ့အညီ အပြစ်တွေကို ဖျောက်ဖျက်ပေးလှည့်ပါ။+
၂ အမှားကင်းစင်သွားအောင် ဆေးကြောပေးပါ။+
အပြစ်မရှိတော့အောင် သန့်စင်ပေးပါ။+
၃ ကိုယ့်အမှားကိုယ် သိပါတယ်။
ကိုယ့်အပြစ်ကို အတွေးထဲကနေ မဖျောက်နိုင်ဘူး။+
၄ ကိုယ်တော့်ကို တကယ်ပဲ ပြစ်မှားမိပြီ။+
ကိုယ်တော့်အမြင်မှာ မကောင်းတာကို လုပ်မိပြီ။+
ကိုယ်တော်ပြောတာ ဖြောင့်မှန်ပါတယ်။
ကိုယ်တော်စီရင်တာ မှန်ကန်ပါတယ်။+
၅ ကျွန်တော်ဟာ မွေးကတည်းက အပြစ်ပါလာတယ်။
အမေ့ဝမ်းထဲ သန္ဓေတည်ကတည်းက အပြစ်တွေနဲ့ပါ။+
၆ စိတ်ရင်းနဲ့ ဟုတ်တိုင်းမှန်ရာ ပြောဆိုတာကို ကိုယ်တော်နှစ်သက်တယ်။+
ကျွန်တော့်စိတ်နှလုံးကို စစ်မှန်တဲ့ ဉာဏ်ပညာအကြောင်း သင်ကြားပေးပါ။
၇ အပြစ်စင်ကြယ်သွားအောင်ဟုဿုပ်ခက်နဲ့* သန့်စင်ပေးပါ။+
နှင်းပွင့်ထက် ဖြူဖွေးသွားအောင် ဆေးကြောပေးပါ။+
၈ ရွှင်လန်းဝမ်းမြောက်တဲ့အသံတွေ ကြားပါရစေ။
ဒါမှသာ ကိုယ်တော်ခြေမွလိုက်တဲ့ အရိုးတွေ ဝမ်းမြောက်နိုင်မှာပါ။+
၉ အပြစ်တွေကို မျက်နှာလွှဲပေးပါ။+
အမှားတွေကို သင်ပုန်းချေပေးပါ။+
၁၀ အို ဘုရားသခင်၊ ကျွန်တော့်ရင်ထဲမှာ စင်ကြယ်တဲ့စိတ်နှလုံးကို ဖန်ဆင်းပေးပါ။+
မယိမ်းယိုင်တတ်တဲ့ စိတ်သဘောအသစ်ကို ထည့်သွင်းပေးပါ။+
၁၁ ကျွန်တော့်ကို ရှေ့တော်ကနေ မမောင်းထုတ်လိုက်ပါနဲ့။
သန့်ရှင်းသော စွမ်းအားတော်ကိုလည်း မရုပ်သိမ်းလိုက်ပါနဲ့။
၁၂ ကယ်တင်ခြင်းကျေးဇူးကြောင့် ခံစားရတဲ့ ရွှင်လန်းမှုလေး ပြန်ပေးလှည့်ပါ။+
စိတ်ပါလက်ပါ နာခံချင်စိတ်ရှိအောင် လှုံ့ဆော်ပေးပါ။
၁၃ အပြစ်ကျူးလွန်သူတွေကို နည်းလမ်းတော်အကြောင်း သင်ကြားပေးပါ့မယ်။+
ဒါမှ အပြစ်လုပ်တဲ့သူတွေကိုယ်တော့်ဆီ ပြန်လှည့်လာနိုင်မှာပါ။
၁၄ ကျွန်တော့်ရဲ့ ကယ်တင်ရှင် ဘုရားသခင်၊+ လူသတ်မှု မကျူးလွန်မိအောင် ကယ်တင်ပေးပါ။+
ဒါမှ ကိုယ်တော်ရဲ့ ဖြောင့်မတ်ခြင်းအကြောင်း ရွှင်လန်းစွာ ကြေညာနိုင်မှာပါ။+
၁၅ ယေဟောဝါဘုရား၊ ကျွန်တော့်နှုတ်ကို ဖွင့်ပေးပါ။
ဒါမှ ကိုယ်တော့်ကို ချီးမွမ်းနိုင်မှာပါ။+
၁၆ ကိုယ်တော်က ပူဇော်သက္ကာကို မလိုချင်ဘူး။ လိုချင်တယ်ဆိုရင် ကျွန်တော် ပူဇော်မှာပါ။+
အကုန်အစင်မီးရှို့ရာအလှူကိုလည်း ကိုယ်တော် မနှစ်သက်ဘူး။+
၁၇ ဘုရားသခင် နှစ်သက်တဲ့ ပူဇော်သက္ကာဟာ ကြေကွဲတဲ့စိတ်ပါ။
အို ဘုရားသခင်၊ ကျိုးပဲ့ကြေမွတဲ့ စိတ်နှလုံးကို ကိုယ်တော် မပစ်ပယ်ပါဘူး။+
၁၈ စေတနာစိတ်တော်နဲ့အညီ ဇိအုန်တောင်ကို ကောင်းကျိုးပြုလှည့်ပါ။
ဂျေရုဆလင်မြို့ရိုးကို တည်ဆောက်ပေးလှည့်ပါ။
၁၉ အဲဒီအခါ ဖြောင့်မတ်တဲ့ ပူဇော်သက္ကာတွေ၊ မီးရှို့ရာ ပူဇော်သက္ကာတွေ၊အကုန်အစင်ပူဇော်တဲ့ အလှူတွေကို ကိုယ်တော် နှစ်သက်ပါလိမ့်မယ်။
ပူဇော်ရာပလ္လင်ပေါ်မှာလည်းနွားထီးတွေကို ပူဇော်ကြပါလိမ့်မယ်။+