ဆာလံ ၇၁:၁-၂၄
၇၁ ယေဟောဝါဘုရား၊ ကိုယ်တော့်ဆီမှာ ခိုလှုံပါတယ်။
ကျွန်တော် ဘယ်တော့မှ အရှက်မကွဲပါရစေနဲ့။+
၂ ကိုယ်တော်ရဲ့ ဖြောင့်မတ်မှုကို ထောက်ပြီး ကယ်တင်ပေးပါ။ ကူမပေးပါ။
နားကိုစွင့်ပြီး ကယ်တင်ပေးပါ။+
၃ ကျွန်တော် အချိန်မရွေး ပြေးဝင်ခိုလှုံနိုင်တဲ့ ကျောက်သားခံတပ် ဖြစ်လှည့်ပါ။
ကျွန်တော့်ကို ကယ်တင်ဖို့ အမိန့်ပေးလှည့်ပါ။
ကိုယ်တော်ဟာ ကျွန်တော့်ရဲ့ ကျောက်ဆောင်၊ ကျွန်တော့်ရဲတိုက်ပါ။+
၄ အို ဘုရားသခင်၊ လူဆိုးရဲ့လက်ကနေ၊+
မတရားဖိနှိပ်သူရဲ့ လက်ခုပ်ထဲကနေ ကျွန်တော့်ကို ကယ်တင်ပေးပါ။
၅ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ကိုယ်တော်ဟာ ကျွန်တော့်မျှော်လင့်ချက်ပါ။
ကျွန်တော်ငယ်ငယ်ကတည်းက ကိုယ်တော့်ကို ယုံကြည်ကိုးစားခဲ့ပါတယ်။+
၆ မွေးကတည်းက ကိုယ်တော့်ကို မှီခိုအားထားခဲ့ပါတယ်။
အမေ့ဝမ်းထဲကနေ ကျွန်တော့်ကို ထုတ်ယူခဲ့သူဟာ ကိုယ်တော်ပါပဲ။+
ကိုယ်တော့်ကို အမြဲချီးမွမ်းပါတယ်။
၇ ကျွန်တော်ဟာ လူတွေအတွက် အံ့သြစရာဖြစ်နေပြီ။
ဒါပေမဲ့ ကိုယ်တော်ဟာ ကျွန်တော့်ရဲ့ ခိုင်ခံ့တဲ့ ခိုလှုံရာပါ။
၈ ကျွန်တော့်နှုတ်မှာ ကိုယ်တော့်ကို ချီးမွမ်းတဲ့ စကားတွေ အပြည့်ပါပဲ။+
ကိုယ်တော်ရဲ့ ခမ်းနားမြင့်မြတ်မှုအကြောင်း တစ်နေ့လုံး ပြောနေပါတယ်။
၉ ကျွန်တော် အိုမင်းသွားချိန်မှာ မစွန့်ပစ်လိုက်ပါနဲ့။+
အားအင် ဆုတ်ယုတ်သွားချိန်မှာ မပစ်ထားလိုက်ပါနဲ့။+
၁၀ ရန်သူတွေက ကျွန်တော့်မကောင်းကြောင်း ပြောနေကြပြီ။
ကျွန်တော့်အသက်ကို သတ်ချင်သူတွေ ပူးပေါင်းကြံစည်နေကြပြီ။+
၁၁ “သူ့ကို ဘုရားသခင် စွန့်ပစ်လိုက်ပြီ။
ကယ်မယ့်သူ မရှိလောက်ဘူး။ သူ့ကို လိုက်ဖမ်းရအောင်”+ ဆိုပြီး ပြောနေကြတယ်။
၁၂ အို ဘုရားသခင်၊ ကျွန်တော်နဲ့ ဝေးဝေးမနေပါနဲ့။
အို ဘုရားသခင်၊ အမြန်ဆုံး လာကူပါဦး။+
၁၃ ကျွန်တော့်ကို ဆန့်ကျင်တဲ့သူတွေ
အရှက်ကွဲပြီး ပျက်စီးသွားပါစေ။+
ကျွန်တော့်ကို ဒုက္ခရောက်အောင်လုပ်တဲ့သူတွေ
အရှက်တကွဲ အကျိုးနည်း ဖြစ်သွားပါစေ။+
၁၄ ကျွန်တော်ကတော့ ကိုယ်တော့်ကို အမြဲစောင့်မျှော်နေမယ်။
အရင်ကထက် ပိုချီးမွမ်းမယ်။
၁၅ ကိုယ်တော်ရဲ့ ဖြောင့်မတ်ခြင်းနဲ့+ ကယ်တင်ခြင်းအကြောင်းကို တစ်နေ့လုံး ပြောနေမယ်။
အဲဒီအကြောင်းတွေဟာ ပြောမကုန်နိုင်အောင် များလှပါတယ်။+
၁၆ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ကိုယ်တော်ရဲ့ တန်ခိုးကြီးလုပ်ရပ်တွေအကြောင်း ကျွန်တော် သွားပြောမယ်။
ကိုယ်တော်တစ်ပါးတည်းရဲ့ ဖြောင့်မတ်ခြင်းအကြောင်းကို ပြောမယ်။
၁၇ အို ဘုရားသခင်၊ ကိုယ်တော်က ကျွန်တော့်ကို ငယ်ငယ်ကတည်းက သွန်သင်ပေးတယ်။+
အံ့ဖွယ်လုပ်ဆောင်မှုတွေအကြောင်း အခုထိ ကျွန်တော် ပြောနေတုန်းပါပဲ။+
၁၈ အို ဘုရားသခင်၊ ကျွန်တော် အိုမင်းပြီး ဆံပင်ဖြူသွားချိန်မှာ မစွန့်ပစ်လိုက်ပါနဲ့။+
နောက်မျိုးဆက်တွေကို ကိုယ်တော့်တန်ခိုးအကြောင်း၊နောင်လာနောက်သားတွေကို ကိုယ်တော်ရဲ့ အစွမ်းခွန်အားအကြောင်း ပြောပြချင်ပါတယ်။+
၁၉ အို ဘုရားသခင်၊ ကိုယ်တော်ရဲ့ ဖြောင့်မတ်ခြင်းဟာ ကောင်းကင်အထိ မြင့်မားလှတယ်။+
အို ဘုရားသခင်၊ ကြီးမြတ်တဲ့အရာတွေ ကိုယ်တော် လုပ်ဆောင်ခဲ့တယ်။
ကိုယ်တော်နဲ့ ဘယ်သူတူသလဲ။+
၂၀ ကိုယ်တော်က ကျွန်တော့်ကို ဒုက္ခတွေ၊ ဘေးဆိုးတွေ အများကြီး ကြုံတွေ့စေခဲ့ပေမဲ့+
အခုတော့ ပြန်အားဖြည့်ပေးပါ။
မြေကြီးရဲ့ အနက်ရှိုင်းဆုံးနေရာကနေ ဆွဲထုတ်ပေးပါ။+
၂၁ ကျွန်တော့်ကို အရင်ကထက် ပိုကြီးမြတ်စေပါ။
ကျွန်တော့်ကို ခြံရံပြီး နှစ်သိမ့်ပေးပါ။
၂၂ အို ဘုရားသခင်၊ ကြိုးတပ်တူရိယာကို တီးပြီး ကိုယ်တော်ရဲ့ သစ္စာတရားအကြောင်း ချီးမွမ်းမယ်။+
အစ္စရေးတို့ရဲ့ သန့်ရှင်းတဲ့အရှင်၊စောင်းတီးပြီး ကိုယ်တော့်ကို ချီးမွမ်းသီချင်းဆိုမယ်။
၂၃ ရွှင်လန်းစွာဟစ်ကြွေးရင်း ချီးမွမ်းသီချင်းဆိုမယ်။+
ကိုယ်တော်က ကျွန်တော့်အသက်ကို ကယ်တင်ခဲ့လို့ပဲ။+
၂၄ ကိုယ်တော်ရဲ့ ဖြောင့်မတ်မှုအကြောင်း တစ်နေ့လုံး ပြောနေမယ်။+
ကျွန်တော် ပျက်စီးရာပျက်စီးကြောင်း ရှာကြံနေသူတွေ အရှက်ကွဲပြီး ရှုတ်ချခံရမှာဖြစ်လို့ပဲ။+