ဆာလံ ၇၇:၁-၂၀
ယေဒုသုန်* နဲ့သက်ဆိုင်တဲ့ ဂီတမှူးသို့။ အာသပ်စပ်ဆိုတဲ့သီချင်း။+
၇၇ ဘုရားသခင်ကို ငါအော်ခေါ်မယ်။
ငါအော်ခေါ်တဲ့အခါ ဘုရားသခင် ကြားမှာပါ။+
၂ ဒုက္ခရောက်ချိန်မှာ ယေဟောဝါကို ငါရှာတယ်။+
ညဘက်မှာ ကိုယ်တော့်ဆီ မနားတမ်း လက်ဖြန့်ဆုတောင်းတယ်။
ဒါတောင် စိတ်သက်သာရာ မရနိုင်ဘူး။
၃ ဘုရားသခင်ကို သတိရလေတိုင်း ငါညည်းတွားနေမိတယ်။+
ငါ့မှာ စိတ်ဒုက္ခရောက်လို့ အားအင်ကုန်ခန်းနေပါပြီ။+ (စဲလာ)
၄ မျက်စိမှိတ်ပြီး အိပ်ပျော်ခွင့်ကို ကိုယ်တော်မပေးခဲ့ဘူး။
ကျွန်တော် စိတ်ညစ်လွန်းလို့ စကားတောင် မပြောနိုင်တော့ဘူး။
၅ ဟိုးအရင်က နေ့ရက်တွေ၊ဟိုးအတိတ်က နှစ်တွေအကြောင်း ပြန်တွေးမိတယ်။+
၆ ကိုယ်ရေးစပ်ခဲ့တဲ့ သီချင်းကို ညအချိန်မှာ ပြန်သတိရတယ်။+
တစိမ့်စိမ့်တွေးတယ်။+
အသေအချာ ဆန်းစစ်တယ်။
၇ ယေဟောဝါက ငါတို့ကို ထာဝစဉ် စွန့်ပစ်ထားမှာလား။+
မျက်နှာသာမပေးဘဲ နေတော့မှာလား။+
၈ ခိုင်မြဲတဲ့မေတ္တာ ထာဝစဉ် ကုန်ခန်းသွားပြီလား။
ကတိတော်ကလည်း လူမျိုးအစဉ်အဆက် ပျက်နေတော့မှာလား။
၉ ဘုရားသခင်က မျက်နှာသာပေးဖို့ မေ့နေပြီလား။+
အမျက်ထွက်ပြီး ကရုဏာကို ရုပ်သိမ်းလိုက်ပြီလား။ (စဲလာ)
၁၀ “အမြင့်ဆုံးအရှင်က ညာလက်ကို ရုပ်သိမ်းလိုက်ပြီ။
ဒါကြောင့် ကျွန်တော် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေပြီ”+ လို့ ပြောနေရမှာလား။
၁၁ ယေဟောဝါရဲ့ လုပ်ဆောင်မှုတွေကို သတိရပါ့မယ်။
ဟိုတုန်းကလုပ်ဆောင်ခဲ့တဲ့ အံ့ဖွယ်အမှုတွေကို သတိရပါ့မယ်။
၁၂ ကိုယ်တော်ရဲ့ လုပ်ဆောင်မှုတွေအကြောင်း တွေးတောဆင်ခြင်ပါ့မယ်။
ကိုယ်တော်ရဲ့ လုပ်ရပ်တွေအကြောင်း စဉ်းစားဆင်ခြင်ပါ့မယ်။+
၁၃ အို ဘုရားသခင်၊ ကိုယ်တော်ရဲ့ လမ်းစဉ်တွေဟာ သန့်ရှင်းမြင့်မြတ်တယ်။
အို ဘုရားသခင်၊ ဘယ်ဘုရားက ကိုယ်တော့်လို ကြီးမြတ်ပါသလဲ။+
၁၄ ကိုယ်တော်ဟာ စစ်မှန်တဲ့ဘုရားသခင်ပဲ။ အံ့ဖွယ်ရာတွေ လုပ်ဆောင်တယ်။+
လူတွေကို အစွမ်းတန်ခိုးပြတယ်။+
၁၅ လူမျိုးတော်ကို တန်ခိုးနဲ့ ကယ်တင်ခဲ့တယ်။+
ယာကုပ်နဲ့ ယောသပ်ရဲ့ သားမြေးတွေကို ကယ်တင်ခဲ့တယ်။ (စဲလာ)
၁၆ အို ဘုရားသခင်၊ ရေတွေက ကိုယ်တော့်ကိုမြင်တယ်။
ကိုယ်တော့်ကို မြင်တဲ့အခါ ရေတွေ မငြိမ်မသက် ဖြစ်သွားတယ်။+
နက်ရှိုင်းတဲ့ရေထုကြီး ဟုန်းဟုန်းမြည်သွားတယ်။
၁၇ မိုးတိမ်တွေ မိုးရွာချတယ်။
အုံ့မှိုင်းနေတဲ့ ကောင်းကင်က မိုးခြိမ်းတယ်။
ကိုယ်တော်ရဲ့မြားတွေ ဟိုဟိုဒီဒီ ပျံဝဲနေတယ်။+
၁၈ မိုးခြိမ်းသံဟာ+ မြင်းရထားဘီးတွေရဲ့ အသံလိုပဲ။
လျှပ်စီးတွေကြောင့် ကမ္ဘာမြေ လင်းလက်သွားတယ်။+
ကမ္ဘာမြေ သိမ့်သိမ့်တုန်သွားတယ်။+
၁၉ ပင်လယ်ပြင်ကို ကိုယ်တော် ဖြတ်လျှောက်သွားတယ်။+
ရေထုကြီးကို ဖြတ်သန်းသွားတယ်။
ဒါပေမဲ့ ကိုယ်တော့်ကို ခြေရာခံလို့ မရနိုင်ဘူး။
၂၀ လူမျိုးတော်ကို သိုးအုပ်လို ကိုယ်တော် ဦးဆောင်ခေါ်သွားတယ်။+
မောရှေနဲ့ အာရုန်ကိုသုံးပြီး ဂရုစိုက် စောင့်ရှောက်ခဲ့တယ်။+