ဆာလံ ၈၆:၁-၁၇
ဒါဝိဒ်ရဲ့ ဆုတောင်းချက်။
၈၆ အို ယေဟောဝါ၊ ကျွန်တော် ဆင်းရဲဒုက္ခရောက်လို့ဆုတောင်းနေတာကို နားစွင့်ပြီး ပြန်ဖြေလှည့်ပါ။+
၂ ကျွန်တော် သစ္စာစောင့်သိတဲ့အတွက် အသက်ကို စောင့်ရှောက်ပေးပါ။+
ကိုယ်တော့်ကို ယုံကြည်ကိုးစားတဲ့ ကျွန်တော်မျိုးကို ကယ်တင်ပေးပါ။
ကိုယ်တော်ဟာ ကျွန်တော်ရဲ့ ဘုရားသခင်ပါ။+
၃ ယေဟောဝါဘုရား၊ မျက်နှာသာပေးလှည့်ပါ။+
ကိုယ်တော့်ကို တစ်နေ့လုံး ခေါ်နေပါတယ်။+
၄ အို ယေဟောဝါ၊ ကျွန်တော်မျိုးကို ဝမ်းမြောက်စေပါ။
ဆုတောင်းအသနားခံပါတယ်။
၅ အို ယေဟောဝါ၊ ကိုယ်တော်ဟာ ကောင်းမြတ်တယ်၊+ ခွင့်လွှတ်ဖို့ အသင့်ရှိတယ်။+
ဆုတောင်းသူ အားလုံးအပေါ် ခိုင်မြဲတဲ့မေတ္တာတော် ကြီးမားလှပါတယ်။+
၆ ယေဟောဝါဘုရား၊ ကျွန်တော် ဆုတောင်းတာကို နားထောင်ပေးပါ။+
အသနားခံတာကို အာရုံစိုက်ပေးပါ။
၇ ဒုက္ခရောက်တဲ့အခါ ဆုတောင်းမယ်။+
ကိုယ်တော် ပြန်ဖြေမှာပဲ။+
၈ အို ယေဟောဝါ၊ ကိုယ်တော်နဲ့ တူတဲ့ ဘုရားမျိုး မရှိပါဘူး။+
ကိုယ်တော်ရဲ့ လုပ်ဆောင်မှုနဲ့ နှိုင်းယှဉ်နိုင်လောက်တဲ့ လုပ်ဆောင်မှုမျိုး မရှိပါဘူး။+
၉ ယေဟောဝါဘုရား၊ ဖန်ဆင်းထားတဲ့ လူမျိုးအားလုံး ရှေ့တော်မှာ လာဦးညွှတ်ကြလိမ့်မယ်။+
နာမတော်ကို ဂုဏ်တင်ကြလိမ့်မယ်။+
၁၀ ကိုယ်တော်ဟာ ကြီးမြတ်တယ်။ အံ့ဖွယ်ရာတွေ လုပ်ဆောင်တယ်။+
ကိုယ်တော် တစ်ပါးတည်းသာ ဘုရားသခင်ပါ။+
၁၁ အို ယေဟောဝါ၊ ကိုယ်တော့်လမ်းစဉ်အကြောင်း သွန်သင်ပေးပါ။+
အမှန်တရားလမ်းမှာ လျှောက်ပါ့မယ်။+
နာမတော်ကို ကြောက်ရွံ့တတ်ဖို့ စိတ်ကိုစုစည်းပေးပါ။+
၁၂ ယေဟောဝါဘုရား၊ ကိုယ်တော့်ကို လှိုက်လှိုက်လှဲလှဲ ချီးမွမ်းပါ့မယ်။+
နာမတော်ကို ထာဝစဉ် ဂုဏ်တင်ပါ့မယ်။
၁၃ ကျွန်တော့်ကိုပြတဲ့ ခိုင်မြဲတဲ့မေတ္တာတော် ကြီးမားလှပါတယ်။
ကျွန်တော့်အသက်ကို အနက်ရှိုင်းဆုံး သင်္ချိုင်းကနေ ကိုယ်တော် ကယ်တင်ခဲ့တယ်။+
၁၄ အို ဘုရားသခင်၊ ရောင့်တက်သူတွေ ကျွန်တော့်ကိုတိုက်ခိုက်ဖို့ လုပ်နေတယ်။+
ရက်စက်တဲ့ လူအုပ်ကလည်း အသက်ကိုသတ်ဖို့ ရှာကြံနေတယ်။
ကိုယ်တော့်ကို အရေးမစိုက်ကြဘူး။+
၁၅ ယေဟောဝါဘုရား၊ ကိုယ်တော်ဟာ ကရုဏာရှိပြီး သနားစာနာတတ်တဲ့ ဘုရားသခင်ပါ။
အမျက်ထွက်နှေးပြီး ခိုင်မြဲတဲ့မေတ္တာနဲ့ သစ္စာတရား ကြီးမားတဲ့ ဘုရားပါ။+
၁၆ ကျွန်တော့်ဘက်လှည့်ပြီး မျက်နှာသာပေးပါ။+
ကျွန်တော်မျိုးကို အစွမ်းခွန်အားပေးပါ။+
ကိုယ်တော့်ကျွန်မရဲ့ သားကို ကယ်တင်ပေးပါ။
၁၇ ကိုယ်တော် ကောင်းမြတ်တယ်ဆိုတဲ့ အထောက်အထားကို ပြလှည့်ပါ။
ဒါမှ ကျွန်တော့်ကို မုန်းတဲ့သူတွေ မြင်ပြီး အရှက်ကွဲကြမှာပါ။
အို ယေဟောဝါ၊ ကိုယ်တော်ဟာ ကူညီမစရှင်၊ နှစ်သိမ့်ပေးရှင်ပါ။