ဇာခရိ ၈:၁-၂၃
၈ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါက ကျွန်တော့်ကို ပြောတယ်–
၂ “‘ငါက ဇိအုန်အတွက် အင်မတန် စိတ်ထက်သန်မယ်။+ အကြီးအကျယ် အမျက်ထွက်ပြီး သူ့အတွက် စိတ်ထက်သန်မယ်။’ ဒါဟာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတဲ့ စကားပဲ။”
၃ “ယေဟောဝါ ပြောတာက ‘ငါက ဇိအုန်ဆီ ပြန်လာပြီး+ ဂျေရုဆလင်မှာ စံမြန်းမယ်။+ ဂျေရုဆလင်ကို အမှန်တရားတည်တဲ့မြို့၊+ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါရဲ့တောင်ကို သန့်ရှင်းတဲ့တောင်လို့ ခေါ်ကြလိမ့်မယ်။’”+
၄ “ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက ‘အိုမင်းနေတဲ့ အမျိုးသားအမျိုးသမီးတွေဟာ သက်ကြီးရွယ်အိုတွေဖြစ်လို့ တုတ်ကောက်ကိုင်ပြီး ဂျေရုဆလင်ရဲ့ လူထုရင်ပြင်တွေမှာ ပြန်ထိုင်ကြလိမ့်မယ်။+
၅ မြို့ရဲ့ လူထုရင်ပြင်တွေမှာ ဆော့ကစားနေတဲ့ ကလေးတွေ ပြည့်နေလိမ့်မယ်။’”+
၆ “ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက ‘အဲဒီအချိန်ရောက်တဲ့အခါ ဒီလူမျိုးထဲက ကျန်ကြွင်းသူတွေအတွက် ဒါဟာ မဖြစ်နိုင်ပုံပေါက်ပေမဲ့ ငါ့အတွက် မဖြစ်နိုင်စရာလား။’ ဒါဟာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတဲ့ စကားပဲ။”
၇ “ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက ‘ငါ့လူတွေကို အရှေ့အရပ်နဲ့ အနောက်အရပ်မှာရှိတဲ့ ပြည်တွေကနေ ကယ်တင်မယ်။+
၈ သူတို့ကို ငါပြန်ခေါ်လာမယ်။ ဂျေရုဆလင်မှာ နေထိုင်ကြလိမ့်မယ်။+ သူတို့ဟာ ငါ့လူတွေ ဖြစ်လာမယ်။ ငါကလည်း သူတို့ရဲ့ စစ်မှန်ပြီးဖြောင့်မတ်တဲ့ ဘုရားသခင် ဖြစ်လာမယ်။’”+
၉ “ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက ‘ပရောဖက်တွေဆီက ဒီသတင်းစကားကို ကြားတဲ့သူအပေါင်းတို့၊+ အားမာန်တင်းကြပါ။+ ဗိမာန်တော် ပြန်တည်ဆောက်ဖို့ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါရဲ့အိမ်တော်ကို အုတ်မြစ်ချတဲ့နေ့မှာ ဒီစကားတွေကိုပဲ ပရောဖက်တွေ ပြောခဲ့တယ်။
၁၀ အဲဒီအချိန်မတိုင်ခင်တုန်းက လူတွေ လုပ်အားခ မရဘူး။ တိရစ္ဆာန်ငှားရမ်းခလည်း မရဘူး။+ ရန်သူကြောင့် လူတွေ ဘေးကင်းလုံခြုံစွာ မသွားလာနိုင်ဘူး။ လူလူချင်းကို ငါ ရန်မူစေခဲ့တယ်။’
၁၁ “ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက ‘အခုတော့ ဒီလူမျိုးထဲက ကျန်ကြွင်းသူတွေကို ငါ အရင်လို ဆက်ဆံတော့မှာ မဟုတ်ဘူး။+
၁၂ သူတို့က ငြိမ်သက်ခြင်းမျိုးစေ့ကို ကြဲလိမ့်မယ်။ စပျစ်ပင်က အသီးသီးပြီး မြေကြီးကလည်း သီးပွင့်ဖြစ်ထွန်းမယ်။+ မိုးကောင်းကင်က နှင်းတွေကို ချပေးမယ်။ ဒါတွေအားလုံးကို ဒီလူမျိုးထဲက ကျန်ကြွင်းသူတွေ အမွေရအောင် ငါလုပ်ပေးမယ်။+
၁၃ ယုဒနဲ့ အစ္စရေးအမျိုးတို့၊ မင်းတို့က လူမျိုးခြားတွေအလယ်မှာ ကျိန်ဆဲစရာဖြစ်ခဲ့တယ်၊+ ငါကယ်တင်တဲ့အခါကျရင်တော့ ကောင်းချီးခံစားရသူတွေ ဖြစ်လာမယ်။+ ဒါကြောင့် မကြောက်ကြနဲ့။+ အားမာန်တင်းထားကြပါ။’+
၁၄ “ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက ‘“မင်းတို့ရဲ့ဘိုးဘေးတွေ ငါ့ကို စိတ်ဆိုးအောင်လုပ်တဲ့အတွက် မင်းတို့အပေါ် ဘေးဆိုးကျရောက်စေဖို့ ငါစိတ်ပိုင်းဖြတ်ခဲ့တယ်။” ဒါဟာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတဲ့ စကားပဲ။ “ငါ စိတ်မပြောင်းဘူး။+
၁၅ အခုလည်း ဂျေရုဆလင်မြို့နဲ့ ယုဒအမျိုးကို ကောင်းမှုပြုဖို့ ငါစိတ်ပိုင်းဖြတ်ထားတယ်။+ ဒါကြောင့် မကြောက်ပါနဲ့။”’+
၁၆ “‘မင်းတို့လုပ်သင့်တာကတော့– အချင်းချင်း မှန်သောစကားကိုပဲ ပြောကြပါ။+ မြို့တံခါးတွေမှာ စီရင်ချက်ချတဲ့အခါ အမှန်တရားနဲ့ ငြိမ်သက်ခြင်းကို တိုးပွားစေကြပါ။+
၁၇ အချင်းချင်း ဒုက္ခပေးဖို့ မကြံစည်ကြနဲ့။+ မဟုတ်မမှန် ကျိန်ဆိုတာကို မနှစ်သက်ကြနဲ့။+ ဒါတွေအားလုံးကို ငါမုန်းတယ်။’+ ဒါဟာ ယေဟောဝါ ပြောတဲ့စကားပဲ။”
၁၈ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါက ကျွန်တော့်ကို ပြောတယ်–
၁၉ “‘လေးလပိုင်းမှာ+ အစာရှောင်တာ၊ ငါးလပိုင်းမှာ+ အစာရှောင်တာ၊ ခုနစ်လပိုင်းမှာ+ အစာရှောင်တာ၊ ဆယ်လပိုင်းမှာ+ အစာရှောင်တာတွေဟာ ယုဒအမျိုးအတွက် ရွှင်လန်းစရာ အခါသမယတွေ၊ ပျော်ပွဲရွှင်ပွဲတွေ ဖြစ်သွားမယ်။+ ဒါကြောင့် အမှန်တရားနဲ့ ငြိမ်သက်ခြင်းကို ချစ်မြတ်နိုးကြပါ။’ ဒါဟာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတဲ့စကားပဲ။
၂၀ “ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက ‘လူတွေ၊ မြို့အတော်များများက မြို့သူမြို့သားတွေ လာကြမယ့်အချိန် ရောက်ကိုရောက်လာမယ်။
၂၁ မြို့တစ်မြို့မှာ နေထိုင်သူတွေက နောက်တစ်မြို့မှာ နေထိုင်သူတွေဆီ သွားပြီး “ယေဟောဝါဘုရားရဲ့ မျက်နှာသာကို တောင်းခံဖို့၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါကိုရှာဖို့ အားတက်သရော သွားကြစို့။ ငါတို့လည်း သွားမလို့”+ ဆိုပြီးပြောလိမ့်မယ်။
၂၂ လူအမြောက်အမြားက၊ အားကြီးတဲ့လူမျိုးတွေက ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါကိုရှာဖို့၊ ယေဟောဝါရဲ့ မျက်နှာသာကို တောင်းခံဖို့ ဂျေရုဆလင်ကို လာကြလိမ့်မယ်။’+
၂၃ “‘အဲဒီအချိန်ရောက်တဲ့အခါ ဘာသာစကား အမျိုးမျိုးပြောတဲ့ လူမျိုးတွေထဲက လူဆယ်ယောက်ဟာ+ ဂျူးလူမျိုးတစ်ယောက်ရဲ့ ဝတ်ရုံကို မြဲမြဲကိုင်ပြီး “ခင်ဗျားတို့နဲ့အတူ ဘုရားသခင်ရှိတယ်လို့+ ကြားတဲ့အတွက် ကျွန်တော်တို့လည်း လိုက်ချင်ပါတယ်”+ လို့ပြောကြလိမ့်မယ်။’ ဒါဟာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတဲ့ စကားပဲ။”