တမန်တော် ၅:၁-၄၂
၅ အာနနိနဲ့ ဇနီး ရှဖိရေတို့ဟာ မြေကွက်တစ်ပိုင်းကို ရောင်းလိုက်တယ်။
၂ ဒါပေမဲ့ အာနနိက ရောင်းရငွေတချို့ကို ဝှက်ထားတယ်။ ဒါကို သူ့ဇနီးလည်း သိတယ်။ အဲဒီနောက် ငွေတချို့ပဲ ယူလာပြီး တမန်တော်တွေဆီ အပ်တယ်။+
၃ အဲဒီအခါ ပေတရုက “အာနနိ၊ စာတန်လွှမ်းမိုးတာကို ခံပြီး သန့်ရှင်းသော စွမ်းအားတော်ကို+ ဘာလို့လှည့်စားဝံ့တာလဲ။+ မြေရောင်းလို့ရတဲ့ ငွေတချို့ကို ဘာလို့ဝှက်ထားတာလဲ။
၄ လက်ဝယ်ပိုင်ဆိုင်နေသရွေ့ အဲဒီမြေဟာ ခင်ဗျားပိုင်တဲ့မြေပဲ မဟုတ်လား။ ရောင်းလိုက်ပြီဆိုရင်လည်း ငွေက ခင်ဗျားလက်ထဲမှာပဲ မဟုတ်လား။ ဒီလိုလုပ်ဖို့ ဘာလို့ အတွေးဝင်ရတာလဲ။ ဒါဟာ လူကိုလိမ်တာ မဟုတ်ဘူး၊ ဘုရားသခင်ကို လိမ်တာပဲ” လို့ပြောတယ်။
၅ ဒီစကားကိုလည်း ကြားရော အာနနိ လဲကျပြီး သေဆုံးသွားတယ်။ ဒီသတင်းကြားသူတိုင်း အကြီးအကျယ် ထိတ်လန့်ကုန်တယ်။
၆ လူငယ်တချို့ လာပြီး အလောင်းကို အဝတ်နဲ့ပတ်၊ အပြင်ထုတ်သွားပြီး သင်္ဂြိုဟ်လိုက်တယ်။
၇ သုံးနာရီလောက်ကြာတော့ သူ့ဇနီးက ဖြစ်ပျက်ခဲ့တာကို မသိဘဲ ဝင်လာတယ်။
၈ ပေတရုက “ပြောပါဦး။ ခင်ဗျားတို့လင်မယား မြေကွက်ရောင်းတာ ငွေဒီလောက်ပဲ ရတာလား” လို့မေးတော့ သူက “ဟုတ်တယ်။ ဒီလောက်ပါပဲ” လို့ဖြေတယ်။
၉ ပေတရုက “ယေဟောဝါ* ဘုရားရဲ့ စွမ်းအားတော်ကို အကဲစမ်းဖို့ နှစ်ယောက်သား ဘာလို့ကြံစည်ရတာလဲ။ ကြည့်လိုက်ပါ။ ခင်ဗျားရဲ့ယောက်ျားကို သင်္ဂြိုဟ်တဲ့သူတွေ တံခါးနားမှာ ရောက်နေပြီ။ ခင်ဗျားကိုလည်း သယ်သွားရလိမ့်မယ်” လို့ပြောတယ်။
၁၀ ချက်ချင်းပဲ သူလည်း ပေတရုရဲ့ခြေရင်းမှာ လဲကျပြီး သေသွားတယ်။ လူငယ်တချို့ ဝင်လာတော့ သေဆုံးနေတဲ့သူ့ကို တွေ့တဲ့အခါ သယ်သွားပြီး ခင်ပွန်းရဲ့ဘေးမှာ သင်္ဂြိုဟ်လိုက်တယ်။
၁၁ အသင်းတော်တစ်ခုလုံးနဲ့ အဲဒီအကြောင်းကို ကြားသိသူအားလုံး အကြီးအကျယ် ထိတ်လန့်သွားကြတယ်။
၁၂ တမန်တော်တွေက အံ့ဖွယ်အမှုတွေ၊ ထူးဆန်းတဲ့အရာတွေကို လူတွေရှေ့မှာ ဆက်ပြီး လုပ်ဆောင်တယ်။+ ရှောလမုန်စင်္ကြံမှာ သူတို့အားလုံး အတူစုဝေးတဲ့အခါ၊+
၁၃ တခြားလူတွေက သူတို့နဲ့အတူ မပူးပေါင်းဝံ့ကြဘူး။ ဒါပေမဲ့ တချို့ကျတော့ သူတို့ကို ချီးကျူးကြတယ်။
၁၄ သခင်ကို ယုံကြည်လာတဲ့ အမျိုးသား အမျိုးသမီးတွေလည်း များသည်ထက် များလာတယ်။+
၁၅ လူတွေက လူနာတွေကိုတောင် လမ်းမပေါ် သယ်ထုတ်ပြီး အိပ်ရာတွေ၊ ဖျာတွေနဲ့ ချထားကြတယ်။ ပေတရု ဖြတ်လျှောက်လာရင် လူနာတွေအပေါ် သူ့အရိပ် ကျလာပြီး ရောဂါပျောက်ကင်းလေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။+
၁၆ ဂျေရုဆလင် အနီးတစ်ဝိုက်မှာရှိတဲ့ မြို့တွေကနေ လူများစွာ တဖွဲဖွဲ စုရုံးရောက်ရှိလာပြီး ဖျားနာတဲ့သူ၊ နတ်ဆိုးနှောင့်ယှက်ခံရသူတွေကိုပါ ခေါ်လာကြတယ်။ အဲဒီလူနာအားလုံး ကျန်းမာလာတယ်။
၁၇ ဒါပေမဲ့ ပုရောဟိတ်မင်းနဲ့ သူ့အဖွဲ့သားတွေဖြစ်တဲ့ ဇဒ္ဒုကဲဂိုဏ်းသားတွေက အကြီးအကျယ် ဒေါသထွက်ပြီး မနာလိုဖြစ်လာကြတယ်။
၁၈ ဒါနဲ့ တမန်တော်တွေကို ဖမ်းဆီးပြီး ထောင်ချလိုက်တယ်။+
၁၉ ညရောက်တော့ ယေဟောဝါရဲ့* ကောင်းကင်တမန်က ထောင်တံခါးတွေကို ဖွင့်ပြီး+ သူတို့ကို ခေါ်ထုတ်သွားတယ်။
၂၀ “သွားကြပါ။ အသက်ရစေမယ့် ဒီသတင်းတရား အလုံးစုံကို လူတွေကြားအောင် ဗိမာန်တော်မှာရပ်ပြီး ဆက်ဟောပြောကြပါ” လို့ မှာတယ်။
၂၁ အဲဒီအမှာစကားကို ကြားပြီးတဲ့နောက် သူတို့က ဗိမာန်တော်ထဲ မနက်စောစောဝင်ပြီး ဟောပြောသွန်သင်ကြတယ်။
ပုရောဟိတ်မင်းနဲ့ သူ့အပေါင်းပါတွေ ရောက်လာပြီး ဂျူးတရားရုံးချုပ်အဖွဲ့ဝင်တွေကိုရော အစ္စရေးအကြီးအကဲ တစ်ဖွဲ့လုံးကိုပါ စုဝေးလိုက်တယ်။ အဲဒီနောက် တမန်တော်တွေကို ထောင်ထဲကနေ ခေါ်ထုတ်လာဖို့ အစောင့်အကြပ်တွေကို လွှတ်လိုက်တယ်။
၂၂ ဒါပေမဲ့ အစောင့်တွေ ထောင်ထဲရောက်တဲ့အခါ တမန်တော်တွေကို မတွေ့တော့ဘူး။ ဒါနဲ့ အကျိုးအကြောင်း ပြောပြဖို့ ပြန်သွားတယ်။
၂၃ “ထောင်တံခါး လုံလုံခြုံခြုံ ပိတ်ထားတာ၊ တံခါးစောင့်တွေ ရပ်စောင့်နေတာ ကျွန်တော်တို့ တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ တံခါးဖွင့်လိုက်တော့ အထဲမှာ တစ်ယောက်မှ မရှိတော့ဘူး” လို့ ပြောတယ်။
၂၄ ဒါကို ဗိမာန်တော်မှူးနဲ့ ပုရောဟိတ်မင်းတွေ ကြားတဲ့အခါ ဘာတွေ ဆက်ဖြစ်ဦးမှာပါလိမ့်ဆိုပြီး စဉ်းစားမရ ဖြစ်နေကြတယ်။
၂၅ အဲဒီအချိန်မှာ လူတစ်ယောက် ရောက်လာပြီး “ခင်ဗျားတို့ ထောင်ချထားတဲ့ လူတွေက ဗိမာန်တော်မှာ ရပ်ပြီး ဟောပြောသွန်သင်နေတယ်” လို့ သတင်းပေးတယ်။
၂၆ ဒါနဲ့ ဗိမာန်တော်မှူးက အစောင့်အကြပ်တွေနဲ့အတူ လိုက်သွားတယ်။ လူတွေ ခဲနဲ့ပေါက်မှာစိုးလို့ တမန်တော်တွေကို အကြမ်းမဖက်ဘဲ ပြန်ခေါ်လာတယ်။+
၂၇ သူတို့ကို ခေါ်လာပြီးနောက် ဂျူးတရားရုံးချုပ်ခန်းမမှာ မတ်တတ်ရပ်ခိုင်းကြတယ်။ အဲဒီနောက် ပုရောဟိတ်မင်းက စစ်ကြောမေးမြန်းတော့တယ်–
၂၈ “အဲဒီနာမည်ကို အမှီပြုပြီး မသွန်သင်ဖို့ မင်းတို့ကို တင်းတင်းကျပ်ကျပ် အမိန့်ထုတ်ထားလျက်နဲ့+ ဂျေရုဆလင်တစ်မြို့လုံးကို မင်းတို့ရဲ့သွန်သင်ချက် ပြည့်နေအောင် လုပ်လိုက်ကြပြီ။ အဲဒီလူသေရတာ ငါတို့ကြောင့်ဆိုပြီး+ မင်းတို့ အပြစ်တင်ချင်နေတာလား” လို့ မေးတယ်။
၂၉ ပေတရုနဲ့ တခြားတမန်တော်တွေက “ကျွန်တော်တို့ကတော့ လူ့စကားထက် အုပ်စိုးရှင် ဘုရားသခင်ရဲ့ စကားကို နားထောင်မှာပဲ။+
၃၀ ခင်ဗျားတို့ သစ်တိုင်ပေါ်တင်ပြီး ကွပ်မျက်ခဲ့တဲ့ ယေရှုကို ဘိုးဘေးတို့ရဲ့ ဘုရားသခင်က အသက်ပြန်ရှင်စေပြီ။+
၃၁ အစ္စရေးတွေ နောင်တရဖို့၊ အပြစ်တွေ ခွင့်လွှတ်ခံရဖို့+ သူ့ကို ကိုယ်စားလှယ်ချုပ်နဲ့+ ကယ်တင်ရှင်အဖြစ်+ လက်ယာဘက်မှာ ဘုရားသခင် ချီးမြှောက်လိုက်ပြီ။+
၃၂ ဒါတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဟာ မျက်မြင်သက်သေတွေပါ။+ ဘုရားသခင်ကို အုပ်စိုးရှင်အဖြစ် နာခံသူတွေကို ပေးသနားထားတဲ့ သန့်ရှင်းသော စွမ်းအားတော်လည်း သက်သေပါပဲ”+ လို့ ပြန်ဖြေတယ်။
၃၃ အဲဒီစကားကို ကြားတော့ သူတို့ ဒေါသပေါက်ကွဲပြီး တမန်တော်တွေကို သတ်ပစ်ချင်ကြတယ်။
၃၄ အဲဒီအခါ ဂါမလျေလလို့ခေါ်တဲ့ ဖာရိရှဲက*+ ဂျူးတရားရုံးချုပ်မှာ ထရပ်ပြီး တမန်တော်တွေကို အပြင် ခဏခေါ်ထုတ်သွားဖို့ အမိန့်ပေးတယ်။ သူဟာ လူအများ ရိုသေလေးစားကြတဲ့ ပညတ်ကျမ်းဆရာ တစ်ယောက်ပဲ။
၃၅ အဲဒီနောက် သူက “အစ္စရေးတို့၊ ဒီလူတွေနဲ့ပတ်သက်ပြီး ခင်ဗျားတို့ ကြံစည်နေတာကို သတိထားကြပါ။
၃၆ ဥပမာ၊ အရင်တုန်းက သုဒ ဆိုတဲ့လူတစ်ယောက် ပေါ်လာပြီး သူ့ကိုယ်သူ အရေးပါသူလို့ ပြောတော့ လူ ၄၀၀ လောက် သူ့နောက်ပါသွားတယ်။ ဒါပေမဲ့ သူ ကွပ်မျက်ခံရတဲ့အတွက် သူ့နောက်လိုက်တွေလည်း တကွဲတပြားဖြစ်ပြီး ပျောက်သွားကြတယ်။
၃၇ အဲဒီနောက် နာမည်စာရင်း ကောက်ချိန်မှာ ဂါလိလဲနယ်သား ယုဒလည်း ပုန်ကန်ထကြွပြီး လူတွေကို စည်းရုံးခဲ့တယ်။ နောက်တော့ အဲဒီလူလည်း သေသွားပြီး သူ့နောက်လိုက်အားလုံး တကွဲတပြား ဖြစ်ကုန်တာပဲ။
၃၈ ဒါကြောင့် လက်ရှိအနေအထားအရ သူတို့ကို မနှောင့်ယှက်ဘဲ ဒီအတိုင်း လွှတ်ထားလိုက်ပါလို့ ကျုပ်ပြောချင်တယ်။ ဘာလို့လဲဆိုတော့ ဒီအစီအစဉ်၊ ဒီလုပ်ဆောင်မှုဟာ လူ့အစီအစဉ်၊ လူ့လုပ်ဆောင်မှုဆိုရင် ပျက်စီးမှာပဲ။
၃၉ ဘုရားရဲ့အစီအစဉ်၊ ဘုရားရဲ့လုပ်ဆောင်မှုဆိုရင်တော့ သူတို့ကို ခင်ဗျားတို့ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး။+ တော်ကြာ ဘုရားသခင်ကို ဆန့်ကျင်တိုက်ခိုက်ရာ ရောက်နေဦးမယ်”+ လို့ သတိပေးတယ်။
၄၀ ဒါနဲ့ သူအကြံပေးတာကို လက်ခံပြီး တမန်တော်တွေကို ပြန်ခေါ်လိုက်တယ်။ သူတို့ကို ရိုက်နှက်ပြီးနောက်+ ယေရှုရဲ့နာမည်ကို အမှီပြုပြီး မဟောပြောဖို့ အမိန့်ပေးတယ်။ အဲဒီနောက် သူတို့ကို လွှတ်ပေးလိုက်တယ်။
၄၁ တမန်တော်တွေလည်း ယေရှုရဲ့နာမည်ကြောင့် အရှက်ခွဲခံရတာကို ဂုဏ်ယူစရာအဖြစ် ယူမှတ်ပြီး ဂျူးတရားရုံးချုပ်ကနေ ဝမ်းမြောက်ဝမ်းသာ+ ထွက်သွားကြတယ်။
၄၂ အဲဒီနောက် ယေရှုလို့ခေါ်တဲ့ ခရစ်တော်အကြောင်း သတင်းကောင်းကို ဗိမာန်တော်မှာသာမက တစ်အိမ်ပြီးတစ်အိမ်သွားပြီး+ နေ့စဉ်မပြတ် သွန်သင်ဟောပြောကြတယ်။+