တရားသူကြီး ၂၁:၁-၂၅
-
ဗင်ယာမိန်အနွယ် လွတ်မြောက် (၁-၂၅)
၂၁ အစ္စရေးအမျိုးသားတွေက “ကိုယ့်သမီးကို ဗင်ယာမိန်အမျိုးသားနဲ့ လုံးဝမပေးစားဘူး”+ ဆိုပြီး မိဇပါမြို့မှာ+ ကျိန်ဆိုထားတယ်။
၂ ဒါကြောင့် အစ္စရေးတွေ ဗေသလမြို့ကို တက်လာတယ်။+ စစ်မှန်တဲ့ ဘုရားသခင်ရှေ့မှာ ညဦးပိုင်းအထိ ထိုင်ပြီး အကြီးအကျယ် ငိုကြွေးကြတယ်။
၃ သူတို့က “အို အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါ၊ အစ္စရေးအမျိုးထဲမှာ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ အခု အစ္စရေးမျိုးနွယ်တစ်နွယ် ဘာကြောင့် ရောက်မလာတာလဲ” ဆိုပြီး ပြောကြတယ်။
၄ နောက်တစ်နေ့မှာ သူတို့ စောစောထ၊ ပူဇော်ရာပလ္လင် တည်ပြီး မီးရှို့ရာအလှူတွေနဲ့ မိတ်သဟာယ အလှူတွေကို ပူဇော်တယ်။+
၅ အဲဒီနောက် အစ္စရေးတွေက “အစ္စရေးအနွယ်တွေထဲမှာ ယေဟောဝါရှေ့ ရောက်မလာတဲ့သူ ရှိသလား” ဆိုပြီး မေးကြတယ်။ ဘာကြောင့်လဲဆိုတော့ မိဇပါမြို့၊ ယေဟောဝါရှေ့ကို မလာတဲ့သူ ကျိန်းသေအသတ်ခံရမယ်ဆိုပြီး အလေးအနက် ကျိန်ဆိုထားလို့ပဲ။
၆ အစ္စရေးတွေဟာ ညီအစ်ကိုချင်းဖြစ်တဲ့ ဗင်ယာမိန်အနွယ် ကြုံတွေ့ခဲ့ရတာတွေအတွက် စိတ်မကောင်းဖြစ်ပြီး “အခုတော့ အစ္စရေးအနွယ်တစ်နွယ် ဖယ်ရှားခံလိုက်ရပြီ။
၇ ကိုယ့်သမီးတွေကို သူတို့နဲ့မပေးစားဘူးလို့ ယေဟောဝါရှေ့မှာ ငါတို့ကျိန်ဆိုထားတော့+ ကျန်တဲ့ဗင်ယာမိန်အမျိုးသားတွေအတွက် မိန်းမကို ဘယ်ကနေ ရှာပေးရမလဲ” ဆိုပြီး တိုင်ပင်ကြတယ်။+
၈ ဒါနဲ့ “အစ္စရေးအနွယ်တွေထဲမှာ မိဇပါမြို့၊ ယေဟောဝါရှေ့ကို မလာတဲ့သူ ရှိသလား”+ လို့ မေးကြည့်တော့ အစ္စရေးတစ်မျိုးလုံး စုဝေးတဲ့နေရာကို ယာဗက်ဂိလဒ်မြို့သား တစ်ယောက်မှ မလာမှန်း သိလိုက်ရတယ်။
၉ လူတွေကို ရေတွက်ကြည့်တဲ့အခါ ယာဗက်ဂိလဒ်မြို့သား တစ်ယောက်မှ မပါဘူး။
၁၀ ဒါကြောင့် အစ္စရေးတွေက ခွန်အားအကြီးဆုံးစစ်သည် ၁၂,၀၀၀ ကို “ယာဗက်ဂိလဒ်မြို့သားတွေရော မိန်းမနဲ့ကလေးတွေကိုပါ ဓားနဲ့သတ်ပစ်ကြ။+
၁၁ ယောက်ျားတွေ၊ အပျိုမဟုတ်တော့တဲ့ မိန်းမတွေ အားလုံးကို သတ်ပစ်လိုက်” လို့မှာပြီး လွှတ်လိုက်တယ်။
၁၂ စစ်သည်တွေလည်း ယာဗက်ဂိလဒ် မြို့သူမြို့သားတွေထဲမှာ အပျိုစင် ၄၀၀ ကို တွေ့တဲ့အခါ ခါနန်ပြည်၊ ရှိလောမြို့မှာရှိတဲ့+ စခန်းဆီ ခေါ်လာတယ်။
၁၃ အဲဒီနောက် အစ္စရေးတွေက ရိမုန်ကျောက်ဆောင်မှာ ရှိနေတဲ့+ ဗင်ယာမိန်အမျိုးသားတွေဆီ စစ်ပြေငြိမ်းတဲ့အကြောင်း သတင်းပို့လိုက်တယ်။
၁၄ ဗင်ယာမိန်အမျိုးသားတွေလည်း ကိုယ့်နယ်မြေဆီ ပြန်လာတယ်။ အစ္စရေးတွေက ယာဗက်ဂိလဒ်မြို့ကနေ ဖမ်းခေါ်လာတဲ့ မိန်းကလေးတွေနဲ့ ပေးစားလိုက်ပေမဲ့+ သူတို့အတွက် မလောက်ဘူး။
၁၅ အစ္စရေးအနွယ်တွေထဲကနေ ဗင်ယာမိန်အနွယ်ကို ယေဟောဝါ ခွဲခြားလိုက်လို့ အစ္စရေးတွေက ဗင်ယာမိန် အမျိုးသားတွေအတွက် စိတ်မကောင်းဖြစ်ကြတယ်။+
၁၆ အစ္စရေးအကြီးအကဲတွေက “ဗင်ယာမိန်အနွယ်ထဲက မိန်းမအားလုံးကို သုတ်သင်ဖျက်ဆီးလိုက်ပြီဆိုတော့ ကျန်တဲ့ဗင်ယာမိန်အမျိုးသားတွေ မိန်းမရအောင် ဘယ်လိုလုပ်ပေးရင် ကောင်းမလဲ” လို့ တိုင်ပင်တယ်။
၁၇ “ကျန်နေတဲ့ ဗင်ယာမိန်အမျိုးသားတွေအတွက် အမွေမြေရှိရမယ်။ မရှိရင် အစ္စရေးအနွယ်တစ်နွယ် ပပျောက်သွားလိမ့်မယ်။
၁၈ ဒါပေမဲ့ ဒို့အစ္စရေးတွေက ‘ကိုယ့်သမီးကို ဗင်ယာမိန်အမျိုးသားနဲ့ ပေးစားတဲ့သူ ကျိန်စာသင့်ပါစေ’ ဆိုပြီး ကျိန်ဆိုထားတယ်ဆိုတော့ ကိုယ့်သမီးတွေကို သူတို့နဲ့ ပေးစားလို့မှ မရတာ” ဆိုပြီး ဝိုင်းပြောကြတယ်။+
၁၉ အဲဒီနောက် သူတို့က “ဗေသလမြို့မြောက်ဘက်၊ ဗေသလမြို့ကနေ ရှေခင်မြို့ကို တက်သွားတဲ့ လမ်းမရဲ့အရှေ့ဘက်၊ လေဗောနအရပ်တောင်ဘက်က ရှိလောမြို့မှာ+ နှစ်တိုင်း ယေဟောဝါဘုရားအတွက် ပွဲတော်ရှိတာပဲ” လို့ပြောကြတယ်။
၂၀ ဒါကြောင့် ဗင်ယာမိန် အမျိုးသားတွေကို ခေါ်ပြီး “စပျစ်ခြံတွေထဲမှာ သွားပုန်းနေကြ။
၂၁ ရှိလောမြို့သူတွေ ဝိုင်းပတ်ကခုန်ဖို့ ထွက်လာတဲ့အခါ မင်းတို့က မိန်းမတစ်ယောက်စီ ဖမ်းခေါ်ပြီး ဗင်ယာမိန်နယ်မြေကို ပြန်သွားကြ။
၂၂ သူတို့ရဲ့ အဖေတွေ၊ အစ်ကိုမောင်တွေက မကျေနပ်လို့ လာပြောခဲ့ရင် ‘ငါတို့မျက်နှာကိုထောက်ပြီး နားလည်ပေးလိုက်ပါ။ ငါတို့စစ်တိုက်တုန်းက သူတို့အတွက် မိန်းမအလုံအလောက် မခေါ်လာပေးနိုင်ခဲ့ဘူး။+ ကိုယ့်သမီးတွေကို ကိုယ့်သဘောနဲ့ကိုယ် ပေးစားတာ မဟုတ်တော့ မင်းတို့ အပြစ်မသင့်ပါဘူး’+ လို့ ငါတို့ဖျောင်းဖျလိုက်မယ်” ဆိုပြီး မှာတယ်။
၂၃ ဗင်ယာမိန်အမျိုးသားတွေလည်း အဲဒီအတိုင်းလုပ်တယ်။ ကခုန်နေတဲ့ မိန်းကလေးတွေထဲကနေ တစ်ယောက်စီ ဖမ်းခေါ်ပြီး ကိုယ့်အမွေမြေကို ပြန်သွားတယ်။ မြို့တွေကို ပြန်တည်ဆောက်ပြီး+ နေထိုင်ကြတယ်။
၂၄ အစ္စရေးတွေလည်း လူစုခွဲပြီး ကိုယ့်အနွယ်၊ ကိုယ့်မိသားစုရှိရာ အမွေမြေဆီ အသီးသီး ပြန်သွားကြတယ်။
၂၅ အဲဒီတုန်းက အစ္စရေးပြည်မှာ ဘုရင်မရှိဘူး။+ လူတိုင်း ကိုယ်မှန်တယ်ထင်တာ လုပ်ကြတယ်။