တရားဟောရာ ၁၂:၁-၃၂
၁၂ “ဘိုးဘေးတို့ရဲ့ဘုရား ယေဟောဝါအပိုင်ပေးမယ့်ပြည်မှာ ခင်ဗျားတို့ အသက်ရှင်နေသရွေ့ ဂရုတစိုက် စောင့်ထိန်းရမယ့် စည်းမျဉ်းတွေ၊ တရားစီရင်ချက်တွေကတော့–
၂ ခင်ဗျားတို့ သိမ်းပိုက်အနိုင်ယူမယ့် လူမျိုးတွေက တောင်တွေ၊ တောင်ကုန်းတွေပေါ်မှာ၊ စိမ်းလန်းတဲ့ အပင်တွေအောက်မှာ သူတို့ရဲ့ဘုရားတွေကို ဝတ်ပြုကြတာဖြစ်လို့ အဲဒီဝတ်ပြုရာနေရာအားလုံးကို အစအနမကျန် ဖျက်ဆီးရမယ်။+
၃ ယဇ်ပလ္လင်တွေကို ဖြိုဖျက်ရမယ်။ သူတို့ရဲ့ ကိုးကွယ်ရာကျောက်တိုင်တွေကို ချိုးဖဲ့ပြီး+ ကိုးကွယ်ရာသစ်တိုင်တွေကို* မီးရှို့ရမယ်။ ဘုရားရုပ်တုတွေကို ခုတ်လှဲရမယ်။+ ဘုရားရုပ်တုတွေရဲ့ နာမည်ကို အဲဒီနေရာကနေ ဖျောက်ဖျက်ပစ်ရမယ်။+
၄ “သူတို့ရဲ့ဘုရားတွေကို သူတို့ကိုးကွယ်တဲ့ ပုံစံမျိုးနဲ့ ယေဟောဝါဘုရားကို မကိုးကွယ်နဲ့။+
၅ နာမတော်တည်စေဖို့၊ ကိုယ်တိုင်စံမြန်းဖို့ အစ္စရေးနယ်မြေတွေထဲမှာ ယေဟောဝါဘုရား ရွေးချယ်တဲ့နေရာကို တွေ့အောင်သာ ရှာပြီး သွားကြပါ။+
၆ မီးရှို့ရာအလှူတွေ၊+ ပူဇော်သက္ကာတွေ၊ ဆယ်ဖို့တစ်ဖို့တွေ၊+ လှူဖွယ်ပစ္စည်းတွေ၊+ သစ္စာကတိအလျောက်ပေးတဲ့ အလှူတွေ၊ စေတနာအလျောက်ပေးတဲ့ အလှူတွေ၊+ သိုးနွားတိရစ္ဆာန်ရဲ့ သားဦးတွေကို+ အဲဒီနေရာဆီ ယူသွားကြပါ။
၇ ယေဟောဝါဘုရား ကောင်းချီးပေးနေတယ်ဆိုတော့ အိမ်သူအိမ်သားတွေနဲ့အတူ ယေဟောဝါဘုရားရှေ့ အဲဒီနေရာမှာ စားသောက်ပြီး+ ကိုယ်လုပ်ဆောင်ခဲ့ရာ၊ ပြီးမြောက်ခဲ့ရာတွေအတွက် ရွှင်လန်းကြပါ။+
၈ “အခု ခင်ဗျားတို့က ကိုယ့်နည်းကိုယ့်ဟန်အတိုင်း ဝတ်ပြုနေတယ်။ ဟိုရောက်ရင် အဲဒီလို မလုပ်ရတော့ဘူး။
၉ ယေဟောဝါဘုရားပေးမယ့် နားနေရာအရပ်၊+ အမွေမြေကို မရောက်သေးဘူး။
၁၀ ဂျော်ဒန်မြစ်ကိုကူးပြီး+ ယေဟောဝါဘုရား အပိုင်ပေးမယ့်ပြည်မှာ နေထိုင်ရတဲ့အခါ ဘုရားက ပတ်ဝန်းကျင်ရန်သူတွေရဲ့ ဘေးရန်ကနေ ကင်းဝေးစေမှာဖြစ်လို့ ခင်ဗျားတို့ ဘေးကင်းလုံခြုံစွာ နေရလိမ့်မယ်။+
၁၁ ကျွန်တော် မှာထားတဲ့အတိုင်း မီးရှို့ရာအလှူတွေ၊ ပူဇော်သက္ကာတွေ၊ ဆယ်ဖို့တစ်ဖို့တွေ၊+ လှူဖွယ်ပစ္စည်းတွေ၊ ယေဟောဝါဆီမှာ သစ္စာကတိပြုထားတဲ့ အလှူတွေကို နာမတော်တည်စေဖို့ ယေဟောဝါဘုရား ရွေးချယ်တဲ့နေရာဆီ ယူလာရမယ်။+
၁၂ ကိုယ်တိုင်နဲ့ သားသမီးတွေရော၊ ကျွန်တွေ၊ ကိုယ့်မြို့မှာနေထိုင်တဲ့ လေဝိအနွယ်ဝင်တွေပါ ယေဟောဝါဘုရားရှေ့မှာ ရွှင်လန်းရမယ်။+ လေဝိအနွယ်က ခင်ဗျားတို့နဲ့အတူ ဘာဝေစု၊ ဘာအမွေမှ မရဘူး။+
၁၃ မီးရှို့ရာအလှူတွေကို တွေ့ကရာနေရာမှာ မပူဇော်မိဖို့ သတိပြုပါ။+
၁၄ အစ္စရေးအနွယ်တွေရဲ့ နယ်မြေထဲက ယေဟောဝါ ရွေးချယ်တဲ့နေရာမှာပဲ မီးရှို့ရာအလှူတွေကို ပူဇော်ရမယ်။ ကျွန်တော် မှာကြားသမျှကို အဲဒီနေရာမှာပဲ လုပ်ဆောင်ရမယ်။+
၁၅ “ခင်ဗျားတို့ အသားစားချင်တယ်ဆိုရင် ယေဟောဝါဘုရား ကောင်းချီးပေးတဲ့အတိုင်း ကိုယ့်မြို့တွေမှာ တိရစ္ဆာန်ကို သတ်စားနိုင်တယ်။+ ဒရယ်သား၊ သမင်သားကို စားသလိုပဲ မသန့်ရှင်းသူရော၊ သန့်ရှင်းသူရော အသားစားနိုင်တယ်။
၁၆ သွေးကိုတော့ မစားရဘူး။+ ရေသွန်သလို သွေးကို မြေပေါ် သွန်ရမယ်။+
၁၇ ဆီ၊ စပျစ်ဝိုင်အသစ်နဲ့ ကောက်နှံတွေရဲ့ ဆယ်ပုံတစ်ပုံ၊ သိုးနွားတိရစ္ဆာန်ရဲ့ သားဦးတွေ၊+ သစ္စာကတိအလျောက်ပေးတဲ့ အလှူ၊ စေတနာအလျောက်ပေးတဲ့ အလှူ၊ လှူဖွယ်ပစ္စည်းတွေကို ကိုယ့်ရဲ့မြို့တွေထဲမှာ မစားရဘူး။
၁၈ ယေဟောဝါဘုရား ရွေးချယ်တဲ့နေရာမှာ၊ ယေဟောဝါဘုရားရှေ့မှာပဲ စားရမယ်။+ ကိုယ်တိုင်နဲ့ သားသမီးတွေရော၊ ကျွန်တွေ၊ ကိုယ့်မြို့မှာ နေထိုင်တဲ့ လေဝိအနွယ်ဝင်တွေပါ စားရမယ်။ ကိုယ်လုပ်ဆောင်ပြီးမြောက်ခဲ့ရာတွေအတွက် ယေဟောဝါဘုရားရှေ့မှာ ရွှင်လန်းရမယ်။
၁၉ ကိုယ့်ပြည်မှာ နေထိုင်နေသရွေ့ လေဝိအနွယ်ကို ပစ်မထားမိဖို့ သတိပြုကြပါ။+
၂၀ “ယေဟောဝါဘုရားက ကတိပေးထားတဲ့အတိုင်း+ ခင်ဗျားတို့ရဲ့ နယ်မြေကို ကျယ်ဝန်းစေတဲ့အခါ+ ခင်ဗျားတို့ အသားစားချင်လာပြီး ‘အသား စားချင်လိုက်တာ’ လို့ပြောမိမှာပဲ။ ခင်ဗျားတို့ စားချင်စိတ်ပေါ်လာတိုင်း စားနိုင်တယ်။+
၂၁ နာမတော်တည်စေဖို့ ယေဟောဝါဘုရား ရွေးချယ်တဲ့နေရာဟာ+ ဝေးတယ်ဆိုရင် ယေဟောဝါပေးတဲ့ သိုးနွားတိရစ္ဆာန်အုပ်ထဲက တစ်ကောင်ကောင်ကို ကျွန်တော် မှာကြားတဲ့အတိုင်း သတ်စားနိုင်တယ်။ ခင်ဗျားတို့ အသားစားချင်စိတ် ပေါ်လာတိုင်း ကိုယ့်မြို့ထဲမှာ စားနိုင်တယ်။
၂၂ ဒရယ်သား၊ သမင်သားကို စားသလိုပဲ+ မသန့်ရှင်းသူရော သန့်ရှင်းသူပါ အသားစားနိုင်တယ်။
၂၃ သွေးကိုတော့ မစားဖို့ အခိုင်အမာ ဆုံးဖြတ်ထားပါ။+ သွေးဟာ အသက်ပဲ။+ အသက်ပါနေတဲ့ အသားကို မစားနဲ့။
၂၄ သွေးကို မစားရဘူး။ ရေသွန်သလို သွေးကို မြေပေါ် သွန်ပစ်ပါ။+
၂၅ သွေးကို မစားနဲ့။ ဒီလိုလုပ်တာဟာ ယေဟောဝါဘုရားရှေ့မှာ မှန်ကန်ရာကို လုပ်တာဖြစ်လို့ ကိုယ်တိုင်ရော သားမြေးတွေပါ ကောင်းစားလိမ့်မယ်။
၂၆ ယေဟောဝါဘုရား ရွေးချယ်တဲ့နေရာကို လာတဲ့အခါ သန့်ရှင်းမြင့်မြတ်တဲ့အလှူတွေ၊ သစ္စာကတိအလျောက်ပေးတဲ့ အလှူတွေကိုပဲ ယူလာရမယ်။
၂၇ အဲဒီမှာ မီးရှို့ရာအလှူတွေရဲ့ သွေးနဲ့အသားကို+ ယေဟောဝါဘုရားရဲ့ ပူဇော်ရာပလ္လင်ပေါ်မှာ ဆက်သရမယ်။ တခြားပူဇော်သက္ကာတွေရဲ့ သွေးကို ယေဟောဝါဘုရားရဲ့ ပူဇော်ရာပလ္လင်ခြေရင်းမှာ သွန်ချရမယ်။+ အသားကိုတော့ စားနိုင်တယ်။
၂၈ “ကျွန်တော် မှာကြားနေတဲ့ ဒီစကားအားလုံးကို ဂရုတစိုက် နာခံပါ။ ဒါဟာ ယေဟောဝါဘုရားရှေ့မှာ ကောင်းမွန်ရာ၊ မှန်ကန်ရာကို လုပ်နေတာဖြစ်လို့ ကိုယ်တိုင်ရော သားမြေးတွေပါ အမြဲကောင်းစားလိမ့်မယ်။
၂၉ “ခင်ဗျားတို့မောင်းထုတ်မယ့် လူမျိုးတွေကို ယေဟောဝါဘုရား အစတုံးဖျက်ဆီးတဲ့အခါ+ သူတို့ပြည်မှာ ခင်ဗျားတို့ နေထိုင်ရလိမ့်မယ်။
၃၀ သူတို့ အစတုံးဖျက်ဆီးခံရပြီးနောက် ခင်ဗျားတို့ ထောင်ချောက် မမိအောင် သတိပြုပါ။ ‘ဒီလူမျိုးတွေက သူတို့ရဲ့ဘုရားတွေကို ဘယ်လိုမျိုး ဝတ်ပြုနေကြပါလိမ့်။ ငါလည်း သူတို့လို လုပ်ဦးမှပဲ’+ လို့တွေးပြီး သူတို့ရဲ့ဘုရားတွေအကြောင်း မမေးမြန်းနဲ့။
၃၁ နတ်ဘုရားတွေကို သူတို့ကိုးကွယ်သလို ယေဟောဝါဘုရားကို မကိုးကွယ်နဲ့။ သူတို့က နတ်ဘုရားတွေကို ကိုးကွယ်တဲ့အခါ ယေဟောဝါ မုန်းတီးတဲ့ ရွံရှာဖွယ်ရာတွေကို လုပ်ကြတယ်။ ကိုယ့်သားသမီးတွေကိုတောင် မီးရှို့ပူဇော်ကြတယ်။+
၃၂ ကျွန်တော် မှာကြားနေတဲ့ ဒီစကားတွေအတိုင်း ဂရုတစိုက် လုပ်ဆောင်ပါ။+ ထပ်မဖြည့်ပါနဲ့။ မနုတ်ပယ်ပါနဲ့။+