တရားဟောရာ ၂၀:၁-၂၀

  • စစ်တိုက်ချိန်မှာ လိုက်နာရမယ့် စည်းမျဉ်းများ (၁-၂၀)

    • စစ်မှုထမ်းခွင့် ကင်းလွတ်သူများ (၅-၉)

၂၀  “ရန်သူတွေကို ချီတက်တိုက်ခိုက်တဲ့အခါ ကိုယ့်ထက်ပိုများတဲ့ မြင်းတွေ၊ မြင်းရထားတွေ၊ စစ်သည်တွေကို မြင်ရင် မကြောက်နဲ့။ ခင်ဗျားတို့ကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်ခဲ့တဲ့ ယေဟောဝါဘုရားဟာ ခင်ဗျားတို့နဲ့အတူ ရှိတယ်။+ ၂  တိုက်ပွဲဝင်ခါနီးမှာ ပုရောဟိတ်က ထွက်လာပြီး၊+ ၃  ‘အစ္စရေးတို့၊ နားထောင်ကြပါ။ အခု ရန်သူတွေကို တိုက်ရတော့မယ်။ သတ္တိမွေးကြ။ မကြောက်ကြနဲ့။ မတုန်လှုပ်ကြနဲ့။ ၄  ယေဟောဝါဘုရားက ခင်ဗျားတို့နဲ့အတူ ချီတက်ပြီး ရန်သူတွေကို တိုက်ခိုက်ပေးမယ်။ ခင်ဗျားတို့ကို ကယ်တင်မယ်’+ လို့ပြောရမယ်။ ၅  “ခေါင်းဆောင်တွေကလည်း ‘အိမ်သစ်ဆောက်ထားပေမဲ့ အိမ်သစ်တက်ပွဲ မလုပ်ရသေးတဲ့သူ ရှိသလား။ ရှိရင် အိမ်ပြန်နိုင်တယ်။ အိမ်မပြန်လို့ တိုက်ပွဲမှာ ကျဆုံးခဲ့ရင် တခြားလူက အိမ်သစ်တက်ပွဲ လုပ်လိမ့်မယ်။ ၆  စပျစ်ခြံ စိုက်ထားပေမဲ့ အသီးမခူးရသေးတဲ့သူ ရှိသလား။ ရှိရင် အိမ်ပြန်နိုင်တယ်။ အိမ်မပြန်လို့ တိုက်ပွဲမှာ ကျဆုံးခဲ့ရင် တခြားလူက အသီးခူးစားလိမ့်မယ်။ ၇  အမျိုးသမီးတစ်ယောက်နဲ့ စေ့စပ်ထားပေမဲ့ လက်မထပ်ရသေးသူ ရှိသလား။ ရှိရင် အိမ်ပြန်နိုင်တယ်။+ အိမ်မပြန်လို့ တိုက်ပွဲမှာ ကျဆုံးခဲ့ရင် တခြားလူက အဲဒီအမျိုးသမီးကို လက်ထပ်လိမ့်မယ်’ လို့ စစ်သည်တွေကို ပြောရမယ်။ ၈  အဲဒီအပြင် ‘ကြောက်တတ်တဲ့သူ၊ သတ္တိနည်းတဲ့သူ ရှိသလား။+ ရှိရင် အိမ်ပြန်ပါ။ အိမ်မပြန်ရင် သူ့ကြောင့် တခြားလူတွေ စိတ်အားလျော့ကုန်မယ်’+ လို့ပြောရမယ်။ ၉  ခေါင်းဆောင်တွေက စစ်သည်တွေကို မှာကြားပြီးပြီဆိုရင် ဦးဆောင်မယ့် တပ်မှူးတွေကို ခန့်အပ်ရမယ်။ ၁၀  “ခင်ဗျားတို့ မြို့တစ်မြို့ကို တိုက်ဖို့ ချီတက်တဲ့အခါ ငြိမ်းချမ်းရေးစကားကို အရင်ဆုံး ကမ်းလှမ်းရမယ်။+ ၁၁  သူတို့က လက်ခံပြီး မြို့တံခါး ဖွင့်ပေးတယ်ဆိုရင် မြို့သူမြို့သားအားလုံးကို ခင်ဗျားတို့ရဲ့ ကျွန်အဖြစ် ခိုင်းစေနိုင်တယ်။+ ၁၂  လက်မခံဘဲ စစ်ဆင်နွှဲမယ်ဆိုရင်တော့ မြို့ကို ဝိုင်းထားရမယ်။ ၁၃  ယေဟောဝါဘုရားက အဲဒီမြို့ကို ခင်ဗျားတို့လက်ထဲ အပ်မှာဖြစ်လို့ ယောက်ျားအားလုံးကို ဓားနဲ့သတ်ရမယ်။ ၁၄  မိန်းမတွေ၊ ကလေးတွေ၊ တိရစ္ဆာန်တွေ၊ မြို့ထဲမှာ ရှိသမျှပစ္စည်းတွေ၊ တိုက်ရာပါဥစ္စာတွေကိုတော့ သိမ်းယူရမယ်။+ ယေဟောဝါဘုရား အပ်ပေးတဲ့ ရန်သူတွေဆီက တိုက်ရာပါဥစ္စာတွေကို ခင်ဗျားတို့ ပိုင်ဆိုင်ရမယ်။+ ၁၅  “အနီးဝန်းကျင်က လူမျိုးတွေရဲ့ မြို့တွေကို မဟုတ်ဘဲ သိပ်အလှမ်းဝေးတဲ့ မြို့တွေကိုပဲ အဲဒီလိုလုပ်ရမယ်။ ၁၆  ဒါပေမဲ့ ယေဟောဝါဘုရား အမွေပေးမယ့်မြို့တွေထဲမှာ သက်ရှိတစ်ယောက်မှ မချန်ထားရမယ့်မြို့တွေ ရှိတယ်။+ ၁၇  ယေဟောဝါဘုရား မိန့်မှာထားတဲ့အတိုင်း ဟိတ္တိ၊ အာမောရိ၊ ခါနန်၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိလူမျိုးတွေရဲ့ မြို့တွေကို+ လုံးလုံးဖျက်ဆီးပစ်ရမယ်။ ၁၈  ဒါမှ သူတို့ရဲ့ဘုရားတွေကို ဝတ်ပြုတဲ့အခါလုပ်တဲ့ ရွံမုန်းစရာ အကျင့်ဓလေ့တွေကို လိုက်လုပ်ဖို့ ခင်ဗျားတို့ကို မသင်ပေးနိုင်မှာ။ အဲဒီအကျင့်ဓလေ့တွေကြောင့် ယေဟောဝါဘုရားကို ခင်ဗျားတို့ ပြစ်မှားမိနိုင်တယ်။+ ၁၉  “မြို့တစ်မြို့ကို တိုက်ခိုက်ဖို့ အကြာကြီးတပ်ချပြီး ဝိုင်းရံတဲ့အခါ သစ်ပင်တွေကို ပုဆိန်နဲ့ မခုတ်လှဲရဘူး။ အသီးကို ခူးစားနိုင်ပေမဲ့ အပင်ကို မခုတ်ရဘူး။+ ခင်ဗျားတို့ ဝိုင်းရံတိုက်ခိုက်ရမှာက လူတွေပဲ။ သစ်ပင်တွေ မပါဘူး။ ၂၀  စားလို့မရတဲ့ သစ်ပင်ကိုတော့ ခုတ်လှဲနိုင်တယ်။ ခင်ဗျားတို့ကို ခံတိုက်နေတဲ့မြို့ ကျရှုံးသွားအောင် မြို့ရိုးပတ်လည်မှာ တံတိုင်းခတ်တဲ့အခါ အဲဒီသစ်ပင်တွေကို သုံးနိုင်တယ်။

အောက်ခြေမှတ်ချက်များ