တောလည်ရာ ၆:၁-၂၇

  • နာဇရိသစ္စာ (၁-၂၁)

  • ပုရောဟိတ်တွေ ကောင်းချီးပေးပုံ (၂၂-၂၇)

 ယေဟောဝါက  မောရှေကို မိန့်မှာတယ်– ၂  “အစ္စရေးတွေကိုပြောပါ။ ‘ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် ယေဟောဝါအတွက် နာဇရိလူ*+ အဖြစ်  နေထိုင်ဖို့ သစ္စာကတိပြုတယ်ဆိုရင်၊ ၃  ဝိုင်နဲ့ အရက်ယမကာကို ရှောင်ရမယ်။ ဝိုင်အချဉ်ရည်၊  အချဉ်ဖောက်ထားတဲ့ အရက်ယမကာ၊+ စပျစ်သီးနဲ့လုပ်တဲ့ အရည်ကို မသောက်ရဘူး။ စပျစ်သီး အစိမ်းရော အခြောက်ပါ မစားရဘူး။ ၄  နာဇရိလူအဖြစ် နေထိုင်ချိန် တစ်လျှောက်လုံးမှာ စပျစ်သီးစိမ်းကအစ အခွံအဆုံး စပျစ်ပင်ကရသမျှ ဘာကိုမှ မစားရဘူး။ ၅  “‘နာဇရိသစ္စာခံချိန်  တစ်လျှောက်လုံးမှာ  သူ  ဆံပင်မဖြတ်ရဘူး။+ ယေဟောဝါအတွက် သီးသန့်ဖယ်ထားချိန် စေ့သွားတဲ့အထိ ဆံပင်ရှည်ထားရမယ်။  ဒီနည်းနဲ့  သန့်ရှင်းနေရမယ်။ ၆  ယေဟောဝါအတွက် သီးသန့်ဖယ်ထားချိန်  တစ်လျှောက်လုံးမှာ လူသေကောင်* အနား မသွားရဘူး။ ၇  မိဘ၊ ညီအစ်ကိုမောင်နှမ သေရင်တောင် ကိုယ်ကို မညစ်ညူးစေရဘူး။+  ဆံပင်ရှည်ထားတာဟာ ဘုရားသခင်အတွက် နာဇရိလူဖြစ်တယ်ဆိုတဲ့  အမှတ်အသားပဲ။ ၈  “‘နာဇရိ  သစ္စာခံချိန်  တစ်လျှောက်လုံးမှာ သူဟာ ယေဟောဝါအတွက် သန့်ရှင်းတယ်။ ၉  ဒါပေမဲ့ တစ်ယောက်ယောက်က သူ့ဘေးမှာ ရုတ်တရက် သေသွားလို့+ ဘုရားသခင်အတွက်  သီးသန့်ဖယ်ထားတယ်ဆိုတဲ့ အမှတ်အသားဖြစ်တဲ့ ဆံပင်ကို ညစ်ညူးစေတယ်ဆိုရင်  စင်ကြယ်ကြောင်း အတည်ပြုတဲ့နေ့၊ ခုနစ်ရက်မြောက်နေ့မှာ ကတုံးတုံးရမယ်။+ ၁၀  ရှစ်ရက်မြောက်နေ့မှာ  ချိုးနှစ်ကောင်  ဒါမှမဟုတ် ခိုကလေးနှစ်ကောင်ကို တွေ့ဆုံရာတဲတော် ဝင်ပေါက်မှာရှိတဲ့ ပုရောဟိတ်ဆီ ယူလာရမယ်။ ၁၁  ပုရောဟိတ်က တစ်ကောင်ကို  အပြစ်ဖြေရာအလှူအဖြစ်၊ နောက်တစ်ကောင်ကို မီးရှို့ရာအလှူအဖြစ် ပူဇော်ပြီး လူသေကောင်ကို ထိမိလို့ အပြစ်ရှိနေသူအတွက် အပြစ်ဖြေပေးရမယ်။+ အဲဒီနေ့မှာ သူက ကိုယ်ကိုဆက်ကပ်ပြီး  ဆံပင်ရှည်ပြန်ထားရမယ်။ ၁၂  ယေဟောဝါအတွက် ကိုယ်ကို သီးသန့်ဖယ်ထားပြီး နာဇရိလူအဖြစ် နေထိုင်တဲ့အချိန်ကို အသစ်ကပြန်စရမယ်။ ဒုစရိုက်ဖြေရာအလှူအဖြစ် တစ်နှစ်သားအရွယ် သိုးထီးလေးကို ယူလာရမယ်။ ဒါပေမဲ့ သူက ကိုယ်ကိုညစ်ညူးစေတဲ့အတွက် နာဇရိလူ အဖြစ်နေထိုင်ခဲ့တဲ့ အရင်နေ့ရက်တွေကို ထည့်မတွက်ရဘူး။ ၁၃  “‘နာဇရိလူ  လိုက်နာရမယ့် ပညတ်ကတော့ နာဇရိသစ္စာခံချိန်+ စေ့သွားရင်  တွေ့ဆုံရာတဲတော်  ဝင်ပေါက်ဆီ  လာရမယ်။ ၁၄  ယေဟောဝါဆီ ဆက်သရမယ့် အလှူတွေကတော့ မီးရှို့ရာအလှူအဖြစ် အနာအဆာမရှိတဲ့ တစ်နှစ်သားအရွယ် သိုးထီးလေးတစ်ကောင်၊+ အပြစ်ဖြေရာအလှူအဖြစ် အနာအဆာမရှိတဲ့ တစ်နှစ်သားအရွယ် သိုးမလေးတစ်ကောင်၊+ မိတ်သဟာယ ပူဇော်သက္ကာအဖြစ် အနာအဆာမရှိတဲ့ သိုးထီးတစ်ကောင်ကို ယူလာရမယ်။+ ၁၅  ဂျုံနုကို ဆီနယ်ပြီး လုပ်ထားတဲ့ တဆေးမဲ့မုန့်လက်ကောက်တွေ၊  ဆီသုတ်ထားတဲ့  တဆေးမဲ့မုန့်ပြားတွေ ထည့်ထားတဲ့ တောင်းကိုလည်း ကောက်နှံအလှူ၊+ သွန်းလောင်းရာအလှူတွေနဲ့အတူ+ ယူလာရမယ်။ ၁၆  ပုရောဟိတ်က အဲဒါတွေကို ယေဟောဝါရှေ့ ယူလာပြီး အပြစ်ဖြေရာအလှူနဲ့ မီးရှို့ရာအလှူကို  ဆက်သရမယ်။ ၁၇  ပြီးတော့ တဆေးမဲ့မုန့်တွေ ထည့်ထားတဲ့ တောင်းနဲ့အတူ သိုးထီးကို မိတ်သဟာယ ပူဇော်သက္ကာအဖြစ် ယေဟောဝါဆီ ဆက်သရမယ်။ ကောက်နှံအလှူနဲ့+ သွန်းလောင်းရာအလှူကိုလည်း ဆက်သရမယ်။ ၁၈  “‘နာဇရိလူက မဖြတ်ဘဲထားတဲ့ သူ့ဆံပင်ကို တွေ့ဆုံရာတဲတော် ဝင်ပေါက်မှာ ရိတ်ရမယ်။+ နာဇရိသစ္စာခံချိန်အတွင်းမှာ ရှည်လာတဲ့ ဆံပင်ကို မိတ်သဟာယပူဇော်သက္ကာ ပူဇော်ထားတဲ့မီးထဲ  ထည့်ရမယ်။ ၁၉  နာဇရိအမှတ်အသားဖြစ်တဲ့ ဆံပင်ကိုဖြတ်ပြီးရင် ပုရောဟိတ်က ပြုတ်ထားတဲ့+ သိုးထီးလက်ပြင်သားတစ်ဖက်၊ တောင်းထဲက တဆေးမဲ့မုန့်လက်ကောက်တစ်ခု၊ တဆေးမဲ့မုန့်ပြားတစ်ချပ်ကို နာဇရိလူရဲ့လက်ပေါ် တင်ပေးရမယ်။ ၂၀  ပြီးတော့  အဲဒါတွေကို  ချီလွှဲရာအလှူအဖြစ်  ယေဟောဝါရှေ့မှာ  ချီလွှဲရမယ်။+ အဲဒါတွေနဲ့အတူ ချီလွှဲရာအလှူရဲ့ ရင်ဒူးသားနဲ့ မြင့်မြတ်တဲ့ဝေစုရဲ့ ပေါင်သားဟာ+ ပုရောဟိတ်အတွက် သန့်ရှင်းမြင့်မြတ်ရာဖြစ်တယ်။ ပြီးရင်တော့ နာဇရိလူက ဝိုင်သောက်လို့ရပြီ။ ၂၁  “‘နာဇရိလူဟာ သတ်မှတ်ထားတာထက်ပိုပြီး ယေဟောဝါဆီ ပူဇော်မယ်လို့ သစ္စာဆိုထားတဲ့အပြင် တတ်လည်းတတ်နိုင်တယ်ဆိုရင် အဲဒီအတိုင်း လုပ်ရမယ်။ ဒါဟာ နာဇရိလူ လိုက်နာရမယ့် ပညတ်ပဲ။’”+ ၂၂  ယေဟောဝါက  မောရှေကို ပြောတယ်– ၂၃  “အာရုန်နဲ့သူ့သားတွေကို  ပြောပါ၊  ‘အစ္စရေးတွေကို ကောင်းချီးပေးတဲ့အခါ+ ၂၄  “မင်းတို့ကို ယေဟောဝါဘုရား ကောင်းချီးပေးပြီး+ စောင့်ရှောက်ပါစေ။ ၂၅  မင်းတို့အပေါ် ယေဟောဝါဘုရားရဲ့ မျက်နှာအလင်း ထွန်းလင်းပါစေ။+ မင်းတို့ကို ကိုယ်တော် မျက်နှာသာပေးပါစေ။ ၂၆  ယေဟောဝါဘုရားက မင်းတို့ကို ကြည့်ရှုစောင်မပါစေ။ ငြိမ်သက်ခြင်း ပေးသနားပါစေ”’+ ဆိုပြီး ပြောရမယ်။ ၂၇  အာရုန်နဲ့သူ့သားတွေ ကောင်းချီးပေးတဲ့အခါ  ငါ့နာမည်ကို  သုံးရင်+ အစ္စရေးတွေကို  ငါကောင်းချီးပေးမယ်။”+

အောက်ခြေမှတ်ချက်များ

ဟီဘရူးလို နာဇာ။ အဓိပ္ပာယ်၊ “ရွေးချယ်ထားသူ၊ ဆက်ကပ်ထားသူ၊ သီးသန့်ဖယ်ထားခံရသူ။”
ခက်ဆစ် “အသက်” ကိုကြည့်။