ထွက်မြောက်ရာ ၂၄:၁-၁၈

  • ပဋိညာဉ်ကို စောင့်ထိန်းဖို့ အစ္စရေးတွေ သဘောတူ (၁-၁၁)

  • မောရှေ ဆိုင်းနိုင်းတောင်ပေါ်ရောက် (၁၂-၁၈)

၂၄  ယေဟောဝါက မောရှေကို “အာရုန်၊ နာဒပ်၊ အဘိဟုနဲ့+ အစ္စရေးအကြီးအကဲ ၇၀ ကို ခေါ်ပြီး တောင်ပေါ် တက်လာပါ။ ခပ်လှမ်းလှမ်းကနေ ငါ့ကို ဦးညွှတ်ပျပ်ဝပ်ကြပါ။ ၂  မင်းတစ်ယောက်ပဲ ယေဟောဝါအနားကို လာရမယ်။ သူတို့ကတော့ မလာရဘူး။ အစ္စရေးတွေ တောင်ပေါ် တက်မလာရဘူး”+ လို့ပြောတယ်။ ၃  မောရှေက လူတွေဆီ လာပြီး ယေဟောဝါပြောတဲ့စကားတွေ၊ တရားဥပဒေတွေကို ပြန်ပြောပြတယ်။+ လူတွေက “ယေဟောဝါဘုရား မိန့်မှာသမျှ လိုက်နာပါ့မယ်” ဆိုပြီး တစ်သံတည်း ဖြေကြတယ်။+ ၄  မောရှေက ယေဟောဝါ မိန့်မှာသမျှကို ရေးမှတ်ထားတယ်။+ ပြီးတော့ မနက်စောစောထ၊ တောင်ခြေမှာ ပူဇော်ရာပလ္လင်တည်ပြီး အစ္စရေး ၁၂ နွယ်ကို ကိုယ်စားပြုတဲ့ ကျောက်တိုင် ၁၂ တိုင် စိုက်ထူတယ်။ ၅  အဲဒီနောက် အစ္စရေးလူငယ်တွေကို ရွေးချယ်တယ်။ သူတို့က မီးရှို့ရာအလှူတွေ ဆက်သတယ်။ နွားထီးတွေကိုလည်း မိတ်သဟာယ ပူဇော်သက္ကာတွေအဖြစ်+ ယေဟောဝါဆီ ဆက်သတယ်။ ၆  မောရှေက သွေးကိုယူပြီး တစ်ဝက်ကို ဖလားတွေထဲ ထည့်တယ်။ ကျန်တစ်ဝက်ကို ပူဇော်ရာပလ္လင်ပေါ် ဖျန်းလိုက်တယ်။ ၇  ပဋိညာဉ်ကျမ်းကို* ယူပြီး လူတွေကြားအောင် ကျယ်ကျယ်ဖတ်ပြတယ်။+ “ယေဟောဝါဘုရား မိန့်မှာသမျှကို နာခံလိုက်နာပါ့မယ်” လို့ လူတွေ ပြန်ပြောတဲ့အခါ၊+ ၈  မောရှေက သွေးကို ယူ၊ လူတွေပေါ် ဖျန်းပြီး+ “ဒါဟာ ပဋိညာဉ်နဲ့ဆိုင်တဲ့ သွေးပဲ။ ဒီကျမ်းစကားနဲ့အညီ ယေဟောဝါက ခင်ဗျားတို့နဲ့ ပဋိညာဉ် ဖွဲ့လိုက်ပြီ” လို့ပြောတယ်။+ ၉  မောရှေ၊ အာရုန်၊ နာဒပ်၊ အဘိဟုနဲ့ အစ္စရေးအကြီးအကဲ ၇၀ တို့ဟာ တောင်ပေါ် တက်သွားပြီး၊ ၁၀  အစ္စရေးတို့ရဲ့ဘုရားသခင်ကို ဖူးမြင်ကြတယ်။+ ဘုရားသခင်ရဲ့ ခြေဖဝါးအောက်မှာ ကောင်းကင်လို ပြာလဲ့နေတဲ့ နီလာကျောက်ပြား ခင်းထားသလို ဖြစ်နေတယ်။+ ၁၁  အဲဒီအစ္စရေးဂုဏ်သရေရှိသူတွေဟာ+ စစ်မှန်တဲ့ဘုရားသခင်နဲ့ဆိုင်တဲ့ စိတ်အာရုံကို မြင်ရတယ်။ အဲဒီနောက် စားသောက်ကြတယ်။ ဘုရားက သူတို့အပေါ် အန္တရာယ်မရောက်စေဘူး။ ၁၂  ယေဟောဝါက “ငါရှိတဲ့တောင်ပေါ်ကို တက်လာပြီး နေပါ။ လူတွေကို သွန်သင်ပေးရမယ့် ပညတ်ဥပဒေတွေပါတဲ့ ကျောက်ပြားတွေကို ငါရေးပြီး ပေးမယ်”+ လို့မောရှေကို ပြောတယ်။ ၁၃  မောရှေနဲ့ လက်ထောက်ယောရှုက ထသွားတယ်။+ စစ်မှန်တဲ့ဘုရားသခင်ရဲ့ တောင်ပေါ်ကို မောရှေတက်သွားတယ်။+ ၁၄  အကြီးအကဲတွေကိုတော့ “ကျွန်တော်တို့ပြန်လာတဲ့အထိ ဒီမှာ စောင့်နေကြ။+ ခင်ဗျားတို့နဲ့အတူ အာရုန်နဲ့ဟုရ+ ရှိတယ်။ အမှုအခင်းပေါ်လာရင် သူတို့ဆီ သွားပါ”+ ဆိုပြီးမှာခဲ့တယ်။ ၁၅  အဲဒီနောက် တောင်ကို မိုးတိမ်ဖုံးအုပ်နေတုန်းမှာ မောရှေ တောင်ပေါ်တက်သွားတယ်။+ ၁၆  ယေဟောဝါရဲ့ ဘုန်းအသရေဟာ+ ဆိုင်းနိုင်းတောင်ပေါ်မှာ+ ဆက်ရှိနေပြီး ခြောက်ရက်လုံး မိုးတိမ်ဖုံးလွှမ်းနေတယ်။ ခုနစ်ရက်မြောက်နေ့မှာ ဘုရားသခင်က မောရှေကို မိုးတိမ်ထဲကနေ ခေါ်တယ်။ ၁၇  ယေဟောဝါရဲ့ဘုန်းအသရေဟာ တောင်ထိပ်ပေါ်မှာ တောက်နေတဲ့မီးလျှံလို ဖြစ်နေတာကို အစ္စရေးတွေမြင်ရတယ်။ ၁၈  မောရှေလည်း မိုးတိမ်ထဲဝင်ပြီး တောင်ပေါ်တက်သွားတယ်။+ ရက်ပေါင်း ၄၀ လုံး တောင်ပေါ်မှာ နေတယ်။+

အောက်ခြေမှတ်ချက်များ

အခန်းကြီး ၂၀:၂၂-၂၃:၃၃ မှာပါတဲ့ ပညတ်ဥပဒေတွေပါဝင်။