ဒေသနာ ၂:၁-၂၆

  • လိုက်စားခဲ့တာတွေကို ရှောလမုန် ပြန်ချိန်ဆ (၁-၁၁)

  • လူ့ဉာဏ်ပညာရဲ့ တန်ဖိုး အကန့်အသတ်ရှိ (၁၂-၁၆)

  • ကြိုးစားပမ်းစားလုပ်သမျှ အချည်းနှီးပဲ (၁၇-၂၃)

  • စားတာ၊ သောက်တာ၊ ကြိုးစားပမ်းစားလုပ်ကိုင်တာ (၂၄-၂၆)

 “ငါအပျော်အပါး လိုက်စားကြည့်ဦးမယ်။ ဒါမှ ဘာကောင်းကျိုးရမလဲ သိနိုင်မှာပေါ့” လို့ ငါ့စိတ်ထဲတွေးမိတယ်။ ဒါပေမဲ့ ဒါလည်း အချည်းနှီးပါပဲ။  ၂  “ရယ်မောတာဟာ ရူးသွပ်နေတာပဲ” လို့ ငါပြောတယ်။ “အပျော်အပါးကကော ဘာများကောင်းကျိုးပေးလို့လဲ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးမိတယ်။ ၃  စပျစ်ဝိုင်တမြမြနဲ့  ကြည်နူးနေရင် ဘာကောင်းကျိုးများရမလဲ သိအောင်လုပ်ဦးမှပဲဆိုပြီး  ငါဆုံးဖြတ်လိုက်တယ်။+ အဲဒီအတောအတွင်း ငါ့စိတ်ကို ဉာဏ်ပညာနဲ့ ထိန်းကွပ်ထားတယ်။ ကမ္ဘာပေါ်မှာနေရတဲ့ သက်တမ်းတိုလေးအတွင်း လူသားတွေ လုပ်ဆောင်ရမယ့် အကောင်းဆုံးအလုပ်ဟာ ဘာများလဲသိနိုင်ဖို့ မိုက်မဲခြင်းကိုတောင် ငါလက်ခံထားခဲ့တယ်။ ၄  ကြီးမားတဲ့အလုပ်တွေ ငါလုပ်တယ်။+ ငါ့အတွက် နန်းတော်တွေ တည်ဆောက်တယ်။+ စပျစ်ခြံတွေ စိုက်ပျိုးတယ်။+ ၅  ဥယျာဉ်တွေ၊ ပန်းခြံတွေလုပ်ပြီး သီးပင်အမျိုးမျိုး စိုက်ပျိုးတယ်။ ၆  စိမ်းလန်းနေတဲ့ တောအုပ်ကို ရေပေးဖို့ ရေကန်တွေ တည်ဆောက်တယ်။ ၇  ကျွန်ယောက်ျား၊ ကျွန်မိန်းမတွေ ရယူထားတယ်။+ ငါ့နန်းတော်မှာပဲ  မွေးလာတဲ့  ကျွန်တွေလည်း ရှိတယ်။  သိုးနွားဆိတ်စတဲ့  ခြံမွေးတိရစ္ဆာန်တွေကိုလည်း အများကြီးပိုင်တယ်။+ အရင်က ဂျေရုဆလင်မြို့မှာ ရှိခဲ့သူတွေ  ပိုင်ဆိုင်တာထက် ပိုများတယ်။ ၈  ရွှေငွေတွေ၊+ ဘုရင်တွေနဲ့ ပြည်နယ်တွေဆီကရတဲ့ ဘဏ္ဍာတွေကို ငါစုဆောင်းတယ်။+ သီချင်းသည် အမျိုးသား အမျိုးသမီးတွေကို ခစားစေတယ်။ ယောက်ျားတွေကို ပျော်ရွှင်ကြည်နူးစေတဲ့ မိန်းမတစ်ယောက်မက အများကြီးကိုလည်း ငါသိမ်းယူတယ်။ ၉  ငါဟာ အရင်က ဂျေရုဆလင်မြို့မှာ ရှိခဲ့သူအားလုံးထက် ဘုန်းတန်ခိုးကြီးပြီး သာလွန်ခဲ့တယ်။+ ဒါပေမဲ့ ငါ့မှာ ဉာဏ်ပညာရှိနေဆဲပါပဲ။ ၁၀  ငါ့အလိုဆန္ဒတစ်ခုကိုမှ မဖြည့်ဆည်းဘဲ မနေခဲ့ဘူး။+ အပျော်အပါးမှန်သမျှကိုလည်း မလိုက်စားဘဲ မနေခဲ့ဘူး။ ကြိုးစားပမ်းစား လုပ်ကိုင်ခဲ့ရာအားလုံးကြောင့် ငါရွှင်လန်းခဲ့ရတယ်။ ဒါဟာ ကြိုးစားပမ်းစား လုပ်ကိုင်လို့ရတဲ့ အကျိုးကျေးဇူးပဲ။+ ၁၁  ဒါပေမဲ့ ကိုယ်တိုင်လုပ်ခဲ့သမျှ၊ ပင်ပင်ပန်းပန်းနဲ့ ပြီးမြောက်အောင်မြင်ခဲ့သမျှတွေကို ပြန်စဉ်းစားကြည့်တဲ့အခါ+ အားလုံးဟာ အချည်းနှီးပဲ၊ လေကိုဖမ်းဆုပ်ဖို့ အားထုတ်နေတာပဲဆိုတာ ငါသိလာတယ်။+ နေအောက်မှာ တကယ် အဖိုးတန်တဲ့အရာ မရှိပါလား။+ ၁၂  အဲဒီနောက် ဉာဏ်ပညာ၊ ရူးသွပ်ခြင်း၊ မိုက်မဲခြင်းအကြောင်း ငါစူးစမ်းမိပြန်တယ်။+ (နောက်မှပေါ်လာမယ့် လူတစ်ယောက်က ဘာများစူးစမ်းနိုင်မှာလဲ။ အားလုံးဟာ လူတွေ စူးစမ်းပြီးသားအရာတွေချည်းပဲ။) ၁၃  အလင်းဟာ အမှောင်ထက် ပိုအကျိုးရှိသလို ဉာဏ်ပညာဟာ မိုက်မဲခြင်းထက် ပိုအကျိုးရှိတယ်ဆိုတာ ငါသိလိုက်ရတယ်။+ ၁၄  ဉာဏ်ပညာရှိသူက သွားနေတဲ့လမ်းကို  ရှင်းရှင်းလင်းလင်း  မြင်တယ်။+ ဉာဏ်တိမ်သူကတော့ အမှောင်ထဲမှာ လျှောက်နေတယ်။+ နောက်ဆုံးမှာ နှစ်ယောက်စလုံးဟာ ရလဒ်တစ်မျိုးတည်းကိုပဲ ကြုံရမှန်း ငါသဘောပေါက်လာတယ်။+ ၁၅  “ဉာဏ်တိမ်သူ ကြုံရတဲ့အရာကို ငါလည်း ကြုံရမှာပဲ”+ ဆိုပြီး တွေးမိတယ်။ ဒါဆိုရင် ဉာဏ်ပညာ အလွန်အကျွံရှိတော့ကော ငါဘာများအကျိုးရလို့လဲ။ “ဒါလည်း အချည်းနှီးပါပဲ” လို့ တစ်ကိုယ်တည်း ပြောနေမိတယ်။ ၁၆  ဉာဏ်ပညာရှိသူကိုဖြစ်စေ၊ ဉာဏ်တိမ်သူကိုဖြစ်စေ အမြဲသတိရကြမှာ မဟုတ်ဘူး။+ အနာဂတ်မှာ လူတိုင်းဟာ မေ့လျော့ခံရမှာပဲ။ ဉာဏ်ပညာရှိသူဟာ ဘယ်လိုသေဆုံးမလဲ။ ဉာဏ်တိမ်တဲ့သူလိုပဲ သေဆုံးမှာပေါ့။+ ၁၇  နေအောက်မှာ လုပ်နေတဲ့အရာမှန်သမျှ စိတ်ဆင်းရဲစရာကောင်းလွန်းလို့ အသက်ရှင်ရတာကိုတောင် ငါမုန်းလာတယ်။+ အားလုံးဟာ အချည်းနှီးပဲ၊+ လေကိုဖမ်းဆုပ်ဖို့ အားထုတ်နေတာပဲ။+ ၁၈  နေအောက်မှာ ငါကြိုးစားပမ်းစား လုပ်ဆောင်ခဲ့သမျှ+ နောက်လူအတွက် ချန်ထားခဲ့ရမှာဖြစ်လို့ အဲဒီအလုပ်တွေကို ငါမုန်းလာတယ်။+ ၁၉  အဲဒီလူက ဉာဏ်ပညာရှိမလား၊ ဉာဏ်တိမ်မလား ဘယ်သူသိလို့လဲ။+ နေအောက်မှာ ငါ ရေကုန်ရေခန်း ကြိုးစားပြီး၊ ဉာဏ်ပညာသုံးပြီး ရယူခဲ့ရာအားလုံးကို သူ ထိန်းချုပ်လိမ့်မယ်။ ဒါလည်း အချည်းနှီးပါပဲ။ ၂၀  ဒါကြောင့် နေအောက်မှာ ငါ ပင်ပင်ပန်းပန်း လုပ်ဆောင်ခဲ့ရာမှန်သမျှကို စိတ်ပျက်လာပြီ။ ၂၁  လူတစ်ယောက်က ဉာဏ်ပညာ၊ အသိပညာ၊ တတ်ကျွမ်းမှုတွေသုံးပြီး ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့ပေမဲ့ လုံ့လမစိုက်ခဲ့တဲ့ တခြားလူတစ်ယောက်လက်ထဲ အဲဒါတွေအားလုံး အပ်ခဲ့ရလိမ့်မယ်။+ ဒါလည်း အချည်းနှီးပါပဲ။ ဝမ်းနည်းစရာ ကောင်းလိုက်တာ။ ၂၂  လူဟာ နေအောက်မှာ ကြိုးစားပမ်းစား လုပ်ဆောင်ရာမှန်သမျှ၊ ကြိုးစားပမ်းစားလုပ်ဖို့ သူ့ကို တွန်းအားပေးခဲ့တဲ့  ရည်မှန်းချက်မှန်သမျှကနေ ဘာများအကျိုးရလို့လဲ။+ ၂၃  အလုပ်ကြောင့် စိတ်ဆင်းရဲစရာ၊ စိတ်ပျက်စရာတွေကိုပဲ သူတစ်သက်လုံး ခံစားရတယ်။+ ညဘက်မှာတောင် စိတ်အေးလက်အေး မအိပ်ရဘူး။+ ဒါလည်း အချည်းနှီးပါပဲ။ ၂၄  စားတာ၊ သောက်တာ၊ ကြိုးစားပမ်းစား လုပ်ကိုင်တာတွေကြောင့် ပျော်ရွှင်ရတာထက်ကောင်းတာ ဘာမှမရှိဘူး။+ ဒါဟာ စစ်မှန်တဲ့ဘုရားသခင် ပေးသနားတဲ့အရာပဲ ဆိုတာကိုလည်း ငါသဘောပေါက်လာတယ်။+ ၂၅  ငါ့ထက်ပိုပြီး စားနိုင်၊ သောက်နိုင်တဲ့သူ ဘယ်သူရှိလို့လဲ။+ ၂၆  စစ်မှန်တဲ့ ဘုရားသခင်က မိမိနှစ်သက်တဲ့သူကို ဉာဏ်ပညာ၊ အသိပညာ၊ ပျော်ရွှင်ရတဲ့အခွင့် ပေးသနားတယ်။+ အပြစ်လုပ်တဲ့သူကိုတော့ ရှာဖွေစုဆောင်းရမယ့်  အလုပ်ကို  ပေးတယ်။ သူရှာဖွေစုဆောင်းပြီးရင် ဘုရားနှစ်သက်တဲ့သူကို ပေးလိုက်ရမှာပဲ။+ ဒါလည်း အချည်းနှီးပါပဲ။ လေကိုဖမ်းဆုပ်ဖို့ အားထုတ်နေတာပဲ။

အောက်ခြေမှတ်ချက်များ