ဒေသနာ ၈:၁-၁၇
၈ ဘယ်သူဟာ ဉာဏ်ပညာရှိသူနဲ့ တူသလဲ။ ပြဿနာတစ်ခုရဲ့ ဖြေရှင်းနည်းကို ဘယ်သူသိသလဲ။ ဉာဏ်ပညာဟာ မျက်နှာမှာ ပေါ်လွင်နေတတ်တယ်။ မျက်နှာထား တင်းမာနေရင်တောင် ဉာဏ်ပညာကြောင့် ပျော့ပျောင်းသွားတတ်တယ်။
၂ ငါပြောမယ်– “ဘုရားသခင်ဆီ ကတိသစ္စာပြုထားတာကို ထောက်ပြီး+ ဘုရင့်အမိန့်ကိုနာခံပါ။+
၃ ဘုရင့်ရှေ့ကနေ အလျင်စလို မထွက်သွားနဲ့။+ မကောင်းတဲ့ကိစ္စမှာ ဝင်မပါနဲ့။+ ဘုရင်က သူလုပ်ချင်တာမှန်သမျှကို လုပ်နိုင်တယ်။
၄ ဘုရင့်စကားဟာ တစ်ချက်လွှတ်အမိန့် ဖြစ်တဲ့အတွက်+ ‘မင်းကြီး ဘယ်လိုလုပ်လိုက်တာလဲ’ လို့ ဘယ်သူပြောနိုင်မှာလဲ။”
၅ အမိန့်လိုက်နာတဲ့သူဟာ အန္တရာယ်ကြုံတွေ့မှာ မဟုတ်ဘူး။+ ဉာဏ်ပညာရှိသူကတော့ အချိန်အခါကိုရော လုပ်ပုံလုပ်နည်းကိုပါ သိတယ်။+
၆ လူသားတွေရဲ့ ဒုက္ခဟာ များပြားလှတာ မှန်ပါတယ်။ ဒါပေမဲ့ ကိစ္စတိုင်းမှာ အချိန်အခါနဲ့ လုပ်ပုံလုပ်နည်းဆိုတာ ရှိတယ်။+
၇ ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူမှ မသိဘူး။ ဒါကြောင့် ဘယ်လို ဖြစ်လာမယ်ဆိုတာ ဘယ်သူပြောနိုင်မှာလဲ။
၈ အသက်စွမ်းအားကို ထိန်းချုပ်နိုင်တဲ့လူ၊ အသက်စွမ်းအားကို ကန့်သတ်နိုင်တဲ့လူ မရှိသလို သေမယ့်နေ့ကို ထိန်းချုပ်နိုင်တဲ့လူလည်း တစ်ယောက်မှ မရှိဘူး။+ စစ်ဖြစ်နေချိန်မှာ စစ်သည်တစ်ယောက်ကိုမှ ထွက်ခွာခွင့် မပေးသလို ဆိုးညစ်မှုကလည်း ဆိုးညစ်သူတွေကို လွတ်မြောက်ခွင့်ပေးမှာ မဟုတ်ဘူး။*
၉ နေအောက်မှာ လုပ်ဆောင်နေတဲ့ အလုပ်အမျိုးမျိုးအကြောင်း ဆင်ခြင်ကြည့်လိုက်တဲ့အခါ ငါနားလည်သွားတာ တစ်ချက်ရှိတယ်။ ခေတ်အဆက်ဆက်မှာ လူလူချင်း အုပ်ချုပ်တာဟာ ထိခိုက်နစ်နာစရာတွေပဲ ဖြစ်စေတယ်။+
၁၀ သန့်ရှင်းရာအရပ်မှာ ဝင်ထွက်သွားလာလေ့ရှိတဲ့ လူဆိုးတွေ သင်္ဂြိုဟ်ခံရတာကို ငါတွေ့တယ်။ ဒါပေမဲ့ မကြာပါဘူး၊ သူတို့ဆိုးသွမ်းခဲ့တဲ့မြို့မှာ သူတို့ကို မေ့လျော့သွားကြတယ်။+ ဒါဟာလည်း အချည်းနှီးပါပဲ။
၁၁ မကောင်းတဲ့လုပ်ရပ်ကို ချက်ချင်း ပြစ်ဒဏ်မစီရင်တဲ့အတွက်+ လူတွေရဲ့စိတ်ဟာ မကောင်းမှုလုပ်ဖို့ ပိုပြီး အတင့်ရဲလာတတ်တယ်။+
၁၂ အပြစ်လုပ်တဲ့သူဟာ မကောင်းမှုကို အကြိမ်တစ်ရာ လုပ်တာတောင် အသက်ရှည်ရှည် နေရတယ်။ ဒါပေမဲ့ စစ်မှန်တဲ့ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသူတွေ ကောင်းကျိုးရလိမ့်မယ်ဆိုတာ ငါသိတယ်။ သူတို့က ဘုရားကို ကြောက်ရွံ့ရိုသေကြတာကိုး။+
၁၃ လူဆိုးကတော့ ဘုရားကို မကြောက်တဲ့အတွက် ကောင်းကျိုးရမှာ မဟုတ်ဘူး။+ အရိပ်နဲ့တူတဲ့ သူ့နေ့ရက်တွေဟာ ကြာရှည်မှာ မဟုတ်ဘူး။+
၁၄ ကမ္ဘာပေါ်မှာဖြစ်နေတဲ့ စိတ်ပျက်စရာကောင်းတဲ့ အရာတစ်ခုရှိတယ်။ ဆိုးညစ်သူတွေ ခံထိုက်တဲ့အရာကို ဖြောင့်မတ်သူတွေ ခံနေရပြီး+ ဖြောင့်မတ်သူတွေ ခံထိုက်တဲ့အရာကို လူဆိုးတွေ ခံနေရတယ်။+ ဒါလည်း အချည်းနှီးပါပဲ။
၁၅ ပျော်ပျော်နေတာကို ငါထောက်ခံတယ်။+ နေအောက်မှာ လူသားတွေအတွက် စားတာ၊ သောက်တာ၊ ပျော်ပျော်နေတာထက် ပိုကောင်းတာ ဘာမှမရှိဘူး။ နေအောက်မှာ ဘုရားသခင်ပေးထားတဲ့ အသက်တာအတွင်း ကြိုးစားပမ်းစား လုပ်ကိုင်ရင်း အဲဒီလိုစားသောက်ပြီး ပျော်ပျော်နေသင့်တယ်။+
၁၆ ဉာဏ်ပညာ ဆည်းပူးဖို့၊ ကမ္ဘာပေါ်မှာ လူတွေ လုပ်ကိုင်နေတဲ့ အရာတွေအကြောင်း သိနိုင်ဖို့ ငါနေ့မအိပ်ညမအိပ် ကြိုးစားတယ်။*+
၁၇ အဲဒီနောက် ဘုရားသခင်ရဲ့ လုပ်ဆောင်မှုတွေအကြောင်း ငါဆင်ခြင်ကြည့်တဲ့အခါ နေအောက်မှာ ဖြစ်နေတဲ့အရာတွေကို လူသားတွေ နားမလည်နိုင်မှန်း ငါ သဘောပေါက်လာတယ်။+ လူတွေ ဘယ်လောက်ပဲ ကြိုးစားပါစေ နားမလည်နိုင်ဘူး။ နားလည်နိုင်လောက်တဲ့ ဉာဏ်ပညာမျိုး ရှိပါတယ်လို့ ပြောနေပေမဲ့ သူတို့ တကယ် နားမလည်နိုင်ပါဘူး။+
အောက်ခြေမှတ်ချက်များ
^ “ဆိုးညစ်မှုက ဆိုးညစ်သူတွေကို မကယ်နိုင်ဘူး” လည်းဖြစ်နိုင်။
^ “ကမ္ဘာပေါ်မှာ လူတွေ နေ့မအိပ်ညမအိပ် လုပ်ကိုင်နေတဲ့အရာတွေအကြောင်း သိနိုင်ဖို့ ငါကြိုးစားတယ်” လည်းဖြစ်နိုင်။