ဒံယေလ ၂:၁-၄၉
-
အိပ်မက်ကြောင့် နေဗုခဒ်နေဇာ စိတ်ညစ် (၁-၄)
-
ပညာရှိတစ်ယောက်မှ အိပ်မက်ကို မပြောပြနိုင် (၅-၁၃)
-
ဘုရားသခင်ဆီ ဒံယေလ အကူအညီတောင်း (၁၄-၁၈)
-
လျှို့ဝှက်ချက်ကိုဖွင့်ပြတဲ့ ဘုရားသခင်ကို ချီးမွမ်း (၁၉-၂၃)
-
အိပ်မက်ကို ဒံယေလ ပြောပြ (၂၄-၃၅)
-
အိပ်မက်အဓိပ္ပာယ် (၃၆-၄၅)
-
ကျောက်တစ်လုံးက ရုပ်တုကို ခြေမွှ (၄၄၊ ၄၅)
-
-
ဘုရင်က ဒံယေလကို ချီးမြှင့် (၄၆-၄၉)
၂ နေဗုခဒ်နေဇာဟာ နန်းစံဒုတိယနှစ်မှာ အိပ်မက်တွေမက်ပြီး စိတ်အနှောင့်အယှက် ဖြစ်လာတဲ့အတွက်+ အိပ်မပျော်နိုင်တော့ဘူး။
၂ ဒါကြောင့် အိပ်မက်အကြောင်း ပြောပြခိုင်းဖို့ မှော်ဆရာတွေ၊ မျက်လှည့်ဆရာတွေ၊ ပယောဂဆရာတွေ၊ ခါလဒဲလူတွေကို* ဆင့်ခေါ်စေဆိုပြီး အမိန့်ပေးလိုက်တယ်။ ဒါနဲ့ သူတို့ ရှေ့တော်မှာ လာခစားကြတယ်။+
၃ ဘုရင်က “ငါ အိပ်မက် မက်တယ်။ ဘာအကြောင်းမက်ခဲ့မှန်း မသိတော့လို့ စိတ်အနှောင့်အယှက် ဖြစ်နေတယ်” လို့ပြောတော့၊
၄ ခါလဒဲလူတွေက “အရှင်မင်းကြီး၊ အသက်တော် ထာဝစဉ်ရှည်ပါစေ။ ကျွန်တော်မျိုးတို့ကို အိပ်မက်အကြောင်း ပြောပြပါ။ အဓိပ္ပာယ်ကို ပြောပြပါ့မယ်” ဆိုပြီး အာရမိတ်စကားနဲ့*+ လျှောက်တင်ကြတယ်။
၅ ဒါနဲ့ ဘုရင်က “ငါအမိန့်တော်ချမှတ်မယ်– အိပ်မက်နဲ့ အိပ်မက်အဓိပ္ပာယ်ကို မပြောပြနိုင်ရင် မင်းတို့ကို အပိုင်းပိုင်း ခုတ်ပစ်မယ်။ မင်းတို့ရဲ့အိမ်တွေလည်း လူတွေ မစင်စွန့်တဲ့နေရာ* ဖြစ်ကုန်မယ်။
၆ အိပ်မက်နဲ့ အိပ်မက်အဓိပ္ပာယ်ကို ပြောပြနိုင်ရင်တော့ ဆုလက်ဆောင်တွေ ချီးမြှင့်ပြီး အကြီးအကျယ် ဂုဏ်ပြုမယ်။+ အခု၊ အိပ်မက်နဲ့ အိပ်မက်အဓိပ္ပာယ်ကို ပြောပြကြ” လို့ ခါလဒဲလူတွေကို ပြောတယ်။
၇ အဲဒီအခါ သူတို့က “မင်းကြီးရဲ့ အိပ်မက်ကိုသာ ပြောပြပါ။ အဓိပ္ပာယ်ကို ကျွန်တော်မျိုးတို့ ပြောပြပါ့မယ်” လို့ ဒုတိယအကြိမ် လျှောက်တင်ကြတယ်။
၈ ဘုရင်က “ငါ့အမိန့်ကို သိသွားလို့ မင်းတို့ အချိန်ဆွဲနေမှန်း ငါကောင်းကောင်းသိတယ်။
၉ ငါစိတ်ပြောင်းသွားမယ် အထင်နဲ့ မဟုတ်မဟတ်တွေ လျှောက်တင်ဖို့ ကြံစည်နေကြတာပဲ။ အိပ်မက်ကို မပြောပြနိုင်ရင်တော့ မင်းတို့ခံရမယ့်ပြစ်ဒဏ် တစ်ခုပဲရှိတယ်။ ဒါကြောင့် အိပ်မက်ကို ပြောပြကြ။ ဒါမှသာ အဓိပ္ပာယ်ကိုပါ ပြောပြနိုင်မယ်ဆိုတာ ငါသိရမယ်” လို့ပြောတယ်။
၁၀ ခါလဒဲလူတွေက “မင်းကြီးရဲ့အမိန့်အတိုင်း လုပ်နိုင်တဲ့သူ တစ်ယောက်မှ ကမ္ဘာပေါ်မှာ မရှိပါဘူး။ မှော်ဆရာတွေ၊ မျက်လှည့်ဆရာတွေ၊ ခါလဒဲ နက္ခတ်ဗေဒင်ဆရာတွေကို ကြီးမြတ်တဲ့ဘုရင်တွေ၊ ဘုရင်ခံတွေ တစ်ယောက်မှ အခုလိုမျိုး မမေးဖူးပါဘူး။
၁၁ မင်းကြီးမေးတာ ခက်ခဲလွန်းပါတယ်။ နတ်ဘုရားတွေကလွဲလို့ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်လူသားမှ ဒီမေးခွန်းကို မဖြေနိုင်ပါဘူး” ဆိုပြီး လျှောက်တင်ကြတယ်။
၁၂ အဲဒီအခါ နေဗုခဒ်နေဇာကအကြီးအကျယ် ဒေါသထွက်ပြီး ဗာဗုလုန်ပညာရှိ မှန်သမျှကို ကွပ်မျက်စေလို့ အမိန့်ထုတ်လိုက်တယ်။+
၁၃ အမိန့်တော်ကြောင့် ပညာရှိတွေ ကွပ်မျက်ခံရတော့မယ်။ ဒံယေလနဲ့ သူ့အပေါင်းအဖော်တွေကိုလည်း ကွပ်မျက်ဖို့ လိုက်ရှာကြတယ်။
၁၄ အဲဒီအခါ ဒံယေလက ဗာဗုလုန် ပညာရှိတွေကို ကွပ်မျက်ဖို့ ထွက်သွားတဲ့ ကိုယ်ရံတော်တပ်မှူး အာရုတ်ကို သတိပညာရှိရှိ မေးမြန်းကြည့်တယ်။
၁၅ “ဒီလောက်ပြင်းထန်တဲ့အမိန့်ကို မင်းကြီး ဘာလို့ ထုတ်ပြန်တာလဲ” လို့ ဒံယေလမေးတဲ့အခါ မင်းအရာရှိ အာရုတ်က အကြောင်းစုံ ရှင်းပြတယ်။+
၁၆ ဒါနဲ့ ဒံယေလက မင်းကြီးဆီ အခစားဝင်ပြီး အိပ်မက်အဓိပ္ပာယ်ကို ပြောပြနိုင်ဖို့ အချိန်နည်းနည်းပေးပါလို့ ခွင့်တောင်းတယ်။
၁၇ အဲဒီနောက် ဒံယေလက အိမ်ပြန်သွားပြီး အပေါင်းအဖော်တွေဖြစ်တဲ့ ဟာနနိ၊ မိရှေလနဲ့ အာဇရိတို့ဆီ အကြောင်းကြားလိုက်တယ်။
၁၈ ဒီလျှို့ဝှက်ချက်ကို ဖွင့်ပြပြီး ကရုဏာပြပါလို့ ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်ဆီ ဆုတောင်းဖို့လည်း မှာတယ်။ ဒါမှ ဗာဗုလုန် ပညာရှိတွေနဲ့အတူ ဒံယေလနဲ့ အပေါင်းအဖော်တွေ အသတ်မခံရမှာ။
၁၉ ညရောက်တော့ ဘုရားသခင်က ဒံယေလကို စိတ်အာရုံကတစ်ဆင့် အဲဒီလျှို့ဝှက်ချက်ကို ဖွင့်ပြတယ်။+ ဒံယေလလည်း ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်ကို ချီးမွမ်းတယ်။
၂၀ ဒံယေလက
“ဘုရားသခင်ရဲ့ နာမည်ကို အစဉ်ထာဝရ ချီးမွမ်းကြ။
ဉာဏ်ပညာနဲ့ ခွန်အားကို ဒီဘုရားကသာ ပေးနိုင်တယ်။+
၂၁ ဘုရားက အချိန်ကာလနဲ့ ရာသီဥတုကို ပြောင်းလဲနိုင်တယ်။+
ဘုရင်တွေကို နန်းတင်နန်းချတယ်။+
ပညာရှိတွေကို ဉာဏ်ပညာ ပေးတယ်။
ပိုင်းခြားသိမြင်နိုင်စွမ်းရှိသူတွေကို အသိပညာ ပေးတယ်။+
၂၂ နက်နဲရာတွေ၊ ဖုံးကွယ်ထားရာတွေကို ဖွင့်ပြတယ်။+
အမှောင်ထဲမှာ ရှိတာတွေကို သိတယ်။+
အလင်းက ဘုရားနဲ့အတူ ရှိနေတယ်။+
၂၃ ဘိုးဘေးတို့ရဲ့ ဘုရားသခင်၊ ဉာဏ်ပညာနဲ့ အစွမ်းသတ္တိ ပေးတဲ့အတွက်
ကိုယ်တော့်ကို ကျေးဇူးတင်ချီးမွမ်းပါတယ်။
ကျွန်တော်တို့ အသနားခံတဲ့ အတိုင်း ကိုယ်တော် အဖြေပေးတယ်။
မင်းကြီးသိချင်တာကို ကျွန်တော်တို့ကို အသိပေးတယ်”+ လို့ပြောတယ်။
၂၄ အဲဒီနောက် ဒံယေလက ဗာဗုလုန်ပညာရှိတွေကို ကွပ်မျက်ဖို့ တာဝန်ရထားတဲ့ အာရုတ်ဆီ သွားပြီး+ “ဗာဗုလုန်ပညာရှိ တစ်ယောက်ကိုမှ မကွပ်မျက်ပါနဲ့။ ကျွန်တော့်ကို ရှေ့တော်ခေါ်သွားပါ။ အိပ်မက်အဓိပ္ပာယ်ကို ပြောပြပါ့မယ်” လို့ပြောတယ်။
၂၅ အာရုတ်လည်း ဒံယေလကို ချက်ချင်း ရှေ့တော်သွင်းပြီး “အိပ်မက်အဓိပ္ပာယ်ကို ပြောပြနိုင်တဲ့ ယုဒသုံ့ပန်းတစ်ယောက်ကို တွေ့ပါပြီ”+ လို့လျှောက်တင်တယ်။
၂၆ ဘုရင်က ဗေလတရှာဇာလို့ခေါ်တဲ့+ ဒံယေလကို “ငါမြင်တဲ့အိပ်မက်နဲ့ အိပ်မက်အဓိပ္ပာယ်ကို မင်း တကယ်ပြောပြနိုင်သလား”+ လို့မေးတဲ့အခါ၊
၂၇ ဒံယေလက “မင်းကြီးမေးတဲ့ လျှို့ဝှက်ချက်ကို ပညာရှိတွေ၊ မျက်လှည့်ဆရာတွေ၊ မှော်ဆရာတွေ၊ နက္ခတ်ဗေဒင်ဆရာတွေ တစ်ယောက်မှ မဖြေနိုင်ပါဘူး။+
၂၈ ဒါပေမဲ့ လျှို့ဝှက်ချက်တွေကို ဖွင့်ပြတဲ့အရှင် ဘုရားသခင်တစ်ပါး ကောင်းကင်မှာ ရှိတယ်။+ အဲဒီဘုရားသခင်က အဆုံးပိုင်းကာလမှာဖြစ်မယ့် အရာတွေကို မင်းကြီးနေဗုခဒ်နေဇာကို အသိပေးလိုက်ပါပြီ။ သလွန်ပေါ်မှာ မင်းကြီးမြင်ခဲ့တဲ့ အိပ်မက်နဲ့ စိတ်အာရုံတွေကတော့–
၂၉ “အရှင်မင်းကြီး၊ သလွန်ပေါ်မှာ လဲလျောင်းရင်း အနာဂတ်မှာ ဖြစ်မယ့်အရာတွေအကြောင်း မင်းကြီး တွေးတောလိုက်တဲ့အခါ လျှို့ဝှက်ချက်တွေကို ဖွင့်ပြတဲ့အရှင်က ဖြစ်လာမယ့်အရာတွေကို မင်းကြီးကို အသိပေးပါပြီ။
၃၀ ကျွန်တော်က တခြားသူတွေထက် ဉာဏ်ပညာရှိလို့ ဒီလျှို့ဝှက်ချက်ကို ဘုရားသခင် ဖွင့်ပြတာ မဟုတ်ပါဘူး။ မင်းကြီးကို အိပ်မက်အဓိပ္ပာယ် ပြောပြနိုင်ဖို့ ကျွန်တော့်ကို ဖွင့်ပြတာပါ။ ဒါမှ မင်းကြီး ဘာအကြောင်း တွေးတောခဲ့မှန်း မင်းကြီး သိနိုင်မှာပါ။+
၃၁ “အရှင်မင်းကြီး ကြည့်လိုက်တော့ ရုပ်တုကြီးတစ်ခုကို မြင်ပါတယ်။ အင်မတန်ကြီးမားပြီး ပြောင်လက်နေတဲ့ အဲဒီရုပ်တုက မင်းကြီးရှေ့မှာ ရှိနေပါတယ်။ ရုပ်တုဟာ ကြောက်စရာကြီးပါ။
၃၂ ရုပ်တုရဲ့ ဦးခေါင်းက ရွှေစင်၊+ ရင်ဘတ်နဲ့လက်တွေက ငွေ၊+ ဝမ်းဗိုက်နဲ့ပေါင်က ကြေးနီ၊+
၃၃ ခြေထောက်က သံ၊+ ခြေဖမိုးနဲ့ခြေဖဝါးက သံတစ်ဝက် ရွှံ့စေးတစ်ဝက် ရောနေပါတယ်။+
၃၄ မင်းကြီး ကြည့်နေတုန်းမှာပဲ လူ့လက်နဲ့ထွင်းထားတာ မဟုတ်တဲ့ ကျောက်တစ်လုံးက သံနဲ့ ရွှံ့စေး ရောနေတဲ့ ခြေဖဝါးနဲ့ ခြေဖမိုးကို တိုက်ချခြေ မွှပစ်တယ်။+
၃၅ သံ၊ ရွှံ့စေး၊ ကြေးနီ၊ ငွေ၊ ရွှေအားလုံး ကြေမွကုန်ပြီး နွေရာသီမှာ ကောက်နယ်တလင်းကနေ လွင့်သွားတဲ့ဖွဲလို ဖြစ်သွားတယ်။ လေထဲ လွင့်ပါသွားတဲ့အတွက် အစအနတောင်ရှာမတွေ့တော့ဘူး။ ရုပ်တုကို တိုက်ချတဲ့ ကျောက်တုံးကတော့ တောင်ကြီးတစ်လုံး ဖြစ်လာပြီး မြေတစ်ပြင်လုံး ပြည့်သွားတယ်။
၃၆ “အဲဒါဟာ အိပ်မက်ပါ။ အခု၊ အဓိပ္ပာယ်ကို ပြောပြပါ့မယ်။
၃၇ မင်းကြီး၊ မင်းကြီးဟာ ဘုရင်တို့ရဲ့ဘုရင်ပါ။ ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်က မင်းကြီးကို နိုင်ငံသာမက ခွန်အား၊ အစွမ်းသတ္တိ၊ ဂုဏ်ကျက်သရေတွေ ပေးထားပါတယ်။+
၃၈ ဘုရားသခင်က ကမ္ဘာအရပ်ရပ်က လူတွေ၊ သားရဲတွေ၊ မိုးကောင်းကင်ငှက်တွေကို မင်းကြီးလက်ထဲ အပ်ပေးပြီး အုပ်ချုပ်စေပါပြီ။+ ဒါကြောင့် မင်းကြီးဟာ ရုပ်တုရဲ့ ရွှေဦးခေါင်းပါ။+
၃၉ “မင်းကြီးရဲ့နောက်မှာ မင်းကြီးရဲ့နိုင်ငံထက် နိမ့်ကျတဲ့ နိုင်ငံတစ်ခု ပေါ်လာမယ်။+ အဲဒီနောက် ပေါ်လာမယ့် တတိယနိုင်ငံကတော့ ကြေးနီဖြစ်ပြီး မြေတစ်ပြင်လုံးကို အုပ်စိုးလိမ့်မယ်။+
၄၀ “စတုတ္ထနိုင်ငံကတော့ သံလို ခိုင်မာမယ်။+ သံက အရာရာကို ချိုးဖဲ့ခြေ မွှသလို စတုတ္ထနိုင်ငံကလည်း အရင်နိုင်ငံအားလုံးကို ချိုးဖဲ့ခြေမွှပစ်မယ်။+
၄၁ “ခြေဖဝါးခြေဖမိုးနဲ့ ခြေချောင်းတွေက ရွှံ့စေးတစ်ဝက် သံတစ်ဝက် ရောနေတာကို မင်းကြီး မြင်တဲ့အတိုင်း အဲဒီနိုင်ငံက ကွဲပြားပါလိမ့်မယ်။ သံနဲ့ ရွှံ့စေး ရောနေတာကို မြင်တဲ့အတိုင်း အဲဒီနိုင်ငံမှာ သံလို မာကျောမှုမျိုးလည်း ရှိနေမယ်။
၄၂ ခြေချောင်းတွေက သံတစ်ဝက် ရွှံ့စေးတစ်ဝက် ရောနေတဲ့အတွက် အဲဒီနိုင်ငံဟာ ခိုင်မာခြင်းတစ်ဝက်၊ ကျိုးပဲ့လွယ်ခြင်းတစ်ဝက် ရောနှောနေမယ်။
၄၃ သံနဲ့ ရွှံ့စေး ရောနေတာကို မင်းကြီး မြင်တဲ့အတိုင်း သူတို့မှာ လူအမျိုးမျိုး* ရောနေမယ်။ ဒါပေမဲ့ သံနဲ့ ရွှံ့စေး ရောနှောလို့မရသလို သူတို့အချင်းချင်း ပူးပေါင်းလို့ရမှာ မဟုတ်ဘူး။
၄၄ “အဲဒီဘုရင်တွေလက်ထက်မှာ ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်က ဘယ်တော့မှ မပျက်စီးမယ့်+ နိုင်ငံတစ်ခုကို တည်ထောင်လိမ့်မယ်။+ အဲဒီနိုင်ငံဟာ တခြားလူတွေလက်ထဲ ရောက်မှာ မဟုတ်ဘူး။+ အထက်မှာပြောခဲ့တဲ့ နိုင်ငံအားလုံးကို ခြေမွှဖျက်ဆီးလိမ့်မယ်။+ ပြီးတဲ့နောက် အဲဒီနိုင်ငံတစ်ခုပဲ ထာဝစဉ် တည်တံ့နေမယ်။+
၄၅ လူ့လက်နဲ့မဟုတ်ဘဲ တောင်ပေါ်ကနေ ထွင်းထုတ်လိုက်တဲ့ ကျောက်တစ်လုံးက သံ၊ ကြေးနီ၊ ရွှံ့စေး၊ ငွေနဲ့ ရွှေတွေ ခြေမွှပစ်တာကို မင်းကြီး မြင်ခဲ့တဲ့အတိုင်းပါပဲ။+ ကြီးမြတ်တဲ့ ဘုရားသခင်က မင်းကြီးကို အနာဂတ်မှာ ဖြစ်မယ့်အရာတွေ အသိပေးလိုက်ပါပြီ။+ အိပ်မက်ဟာ မှန်ကန်ပါတယ်။ အဓိပ္ပာယ်ကိုလည်း ယုံကြည်စိတ်ချနိုင်ပါတယ်” လို့လျှောက်တင်တယ်။
၄၆ အဲဒီအခါ နေဗုခဒ်နေဇာက ဒံယေလရှေ့မှာ ပျပ်ဝပ်ပြီး ဂါရဝပြုတယ်။ ဒံယေလကို ဆုလက်ဆောင်ပေးဖို့၊ သူ့အတွက် နံ့သာပေါင်းပူဇော်ဖို့ အမိန့်ပေးတယ်။
၄၇ ပြီးတော့ “ဒီလျှို့ဝှက်ချက်ကို ဖွင့်ပြနိုင်တဲ့အတွက် မင်းရဲ့ဘုရားသခင်ဟာ ဘုရားတို့ရဲ့ဘုရား၊ ဘုရင်တို့ရဲ့သခင်၊ လျှို့ဝှက်ချက်တွေကို ဖွင့်ပြနိုင်တဲ့အရှင်ဖြစ်မှန်း သေချာတယ်”+ လို့ ဒံယေလကို ပြောတယ်။
၄၈ ဘုရင်က ဒံယေလကို ချီးမြှောက်ပြီး ဆုလက်ဆောင်အများကြီး ပေးတယ်။ သူ့ကို ဗာဗုလုန်ခရိုင်တစ်ခုလုံး အုပ်ချုပ်စေတယ်။+ ဗာဗုလုန်ပညာရှိတွေကို ကြီးကြပ်ရတဲ့ ဝန်ကြီးချုပ်အဖြစ် ခန့်လိုက်တယ်။
၄၉ ဒံယေလရဲ့ ပန်ကြားချက်အရ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကိုလည်း+ ဗာဗုလုန်ခရိုင်ရဲ့အုပ်ချုပ်ရေးမှူးတွေအဖြစ် ခန့်အပ်တယ်။ ဒံယေလကတော့ နန်းတော်မှာ အမှုထမ်းရတယ်။
အောက်ခြေမှတ်ချက်များ
^ နတ်ဆိုးပညာ၊ နက္ခတ်ဗေဒင်ပညာ တတ်ကျွမ်းသူတစ်စု။
^ ဒံ ၂:၄ခ ကနေ ၇:၂၈ အထိ အာရမိတ်လို ရေးထား။
^ “အမှိုက်ပုံ၊ နောက်ချေးပုံ” လည်းဖြစ်နိုင်။
^ သာမန်လူတန်းစားတွေ။