ဒံယေလ ၆:၁-၂၈

  • ပါးရှားအရာရှိတွေ ဒံယေလကို အကောက်ကြံ (၁-၉)

  • ဒံယေလ ဆုတောင်းမြဲတောင်း (၁၀-၁၅)

  • ခြင်္သေ့တွင်းထဲ ဒံယေလ ပစ်ချခံရ (၁၆-၂၄)

  • ဒံယေလရဲ့ဘုရားကို ဒါရိမင်း ချီးမွမ်း (၂၅-၂၈)

 ဒါရိမင်းက တစ်နိုင်ငံလုံးကို ကြီးကြပ်ဖို့ ဘုရင်ခံချုပ် ၁၂၀ ကို ခန့်အပ်ရင် ကောင်းမယ်လို့ တွေးပြီး ခန့်အပ်လိုက်တယ်။+ ၂  အဲဒီဘုရင်ခံချုပ်တွေကို ကြီးကြပ်ဖို့ မင်းအရာရှိသုံးယောက်ကို ခန့်အပ်တယ်။ တစ်ယောက်က ဒံယေလ ဖြစ်တယ်။+ ဘုရင့်မှာ ထိခိုက်ဆုံးရှုံးမှုတွေ မရှိစေဖို့ ဘုရင်ခံချုပ်တွေက+ မင်းအရာရှိ သုံးယောက်ဆီ အစီရင်ခံရတယ်။ ၃  ဒံယေလဟာ ထူးခြားတဲ့စိတ်သဘော ရှိတဲ့အတွက် တခြားမင်းအရာရှိတွေ၊ ဘုရင်ခံချုပ်တွေထက် ပိုအရည်အချင်း ရှိတယ်။+ ဒါကြောင့် ဘုရင်က သူ့ကို တစ်နိုင်ငံလုံးကို ကြီးကြပ်ခိုင်းဖို့ အကြံရှိတယ်။ ၄  အဲဒီအခါ မင်းအရာရှိတွေ၊ ဘုရင်ခံချုပ်တွေက နိုင်ငံ့အရေးကိစ္စနဲ့ပတ်သက်ပြီး ဒံယေလကို စွပ်စွဲဖို့ အကြောင်းရင်း ရှာကြတယ်။ ဒါပေမဲ့ ဒံယေလဆီမှာ စွပ်စွဲစရာတွေ၊ အကျင့်ပျက်ခြစားမှုတွေ တစ်ခုမှ မတွေ့ရဘူး။ သူဟာ ယုံကြည်စိတ်ချထိုက်တယ်။ သူ့ဆီမှာ လစ်ဟင်းပျက်ကွက်မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေ တစ်ခုမှ မတွေ့ရဘူး။ ၅  ဒါနဲ့ သူတို့က “ဒံယေလဆီမှာ သူ့ဘုရားရဲ့ပညတ်ကို လိုက်နာတာကလွဲလို့ တခြားကိစ္စတွေမှာ ငါတို့ စွပ်စွဲစရာတွေ့မှာ မဟုတ်ဘူး”+ လို့ ပြောကြတယ်။ ၆  ဒါကြောင့်  အဲဒီမင်းအရာရှိတွေနဲ့ ဘုရင်ခံချုပ်တွေက အုပ်စုလိုက် အခစားဝင်ပြီး  “ဒါရိမင်းကြီး၊  အသက်တော် ထာဝစဉ်ရှည်ပါစေ။ ၇  ရက် ၃၀ အတွင်းမှာ  မင်းကြီးကလွဲလို့  တခြားဘုရား ဒါမှမဟုတ် တခြားလူ တစ်ယောက်ယောက်ဆီ အသနားခံ ဆုတောင်းသူတိုင်း  ခြင်္သေ့တွင်းထဲ  ပစ်ချစေဆိုတဲ့ အမိန့်ကို  ထုတ်ပြန်ပြီး+ အဲဒီတားမြစ်ချက်ကို အတည်ပြုဖို့ နန်းတွင်းအရာရှိ၊ ဝန်ကြီး၊ ဘုရင်ခံချုပ်၊ နန်းတွင်းအရာရှိကြီးနဲ့ ဘုရင်ခံတွေအားလုံး  တိုင်ပင်ထားပါတယ်။ ၈  အရှင်မင်းကြီး၊ ဒီအမိန့်ကို ထုတ်ပြန်ပေးပါ။+ မပယ်ဖျက်နိုင်တဲ့ မီးဒီးယားနဲ့ ပါးရှားဥပဒေအတိုင်း အမိန့်ကို ပြန်ရုပ်သိမ်းလို့ မရနိုင်အောင် လက်မှတ်ထိုးပေးပါ”+ လို့ လျှောက်တင်ကြတယ်။ ၉  ဒါရိမင်းလည်း အမိန့်စာနဲ့ တားမြစ်ချက်ကို လက်မှတ်ထိုးလိုက်တယ်။ ၁၀  အမိန့်စာကို လက်မှတ်ထိုးလိုက်ပြီဆိုတာ ဒံယေလ သိသိချင်း အိမ်ပြန်သွားတယ်။ အိမ်မိုးအထက်ခန်းမှာ ဖွင့်ထားတဲ့ ပြတင်းပေါက်တွေဟာ ဂျေရုဆလင်ဘက် မျက်နှာမူထားတယ်။+ လုပ်နေကျအတိုင်း ဒူးထောက်ပြီး သူကိုးကွယ်တဲ့ ဘုရားသခင်ကို တစ်နေ့သုံးကြိမ် ဆုတောင်းပြီး ချီးမွမ်းတယ်။ ၁၁  အဲဒီအချိန်မှာ လူတွေ ဗြုန်းခနဲ ဝင်လာတယ်။ သူကိုးကွယ်တဲ့ ဘုရားသခင်ဆီ အသနားခံ ဆုတောင်းပြီး မျက်နှာသာရဖို့ တောင်းလျှောက်နေတာကို တွေ့သွားတယ်။ ၁၂  ဒါနဲ့ သူတို့က ဘုရင့်ဆီသွားပြီး “အရှင်မင်းကြီး၊ ရက် ၃၀ အတွင်း မင်းကြီးကလွဲလို့  တခြားဘုရား  ဒါမှမဟုတ် တခြားလူတစ်ယောက်ယောက်ဆီ အသနားခံဆုတောင်းသူတိုင်း ခြင်္သေ့တွင်းထဲ ပစ်ချစေဆိုတဲ့ တားမြစ်ချက်ကို လက်မှတ်ထိုးထားတယ် မဟုတ်လား” ဆိုပြီး ထုတ်ပြန်ထားတဲ့ တားမြစ်ချက်အကြောင်း အသိပေးတဲ့အခါ ဘုရင်က “မပယ်ဖျက်နိုင်တဲ့ မီးဒီးယားနဲ့ ပါးရှားဥပဒေအတိုင်း ဒီကိစ္စကို အမိန့်ထုတ်ပြီးပြီ”+ လို့ဖြေတယ်။ ၁၃  အဲဒီအခါ သူတို့က “အရှင်မင်းကြီး၊ ဒံယေလဆိုတဲ့ ယုဒသုံ့ပန်းဟာ+ မင်းကြီးကိုရော မင်းကြီး လက်မှတ်ထိုးထားတဲ့ တားမြစ်ချက်ကိုပါ  အရေးမစိုက်ဘဲ  တစ်နေ့သုံးကြိမ် ဆုတောင်းနေပါတယ်”+ လို့ ချက်ချင်း လျှောက်ကြတယ်။ ၁၄  ဘုရင်ဟာ ဒီစကားကို ကြားတာနဲ့ တအားစိတ်ထိခိုက်သွားပြီး ဒံယေလကို ကယ်ဖို့ နည်းလမ်းရှာတယ်။ သူ့ကိုကယ်ဖို့ နေဝင်ချိန်အထိ အစွမ်းကုန် ကြိုးစားတယ်။ ၁၅  နောက်ဆုံး အဲဒီလူတွေ အုပ်စုလိုက် အခစားဝင်လာပြီး “အရှင်မင်းကြီး၊ မင်းကြီးထုတ်ထားတဲ့ တားမြစ်ချက်ဖြစ်စေ၊ အမိန့်ဖြစ်စေ လုံးဝပြောင်းလဲလို့ မရနိုင်ဘူးဆိုတဲ့ မီးဒီးယားနဲ့ ပါးရှားဥပဒေကို သတိရပါ”+ ဆိုပြီး လျှောက်တင်တယ်။ ၁၆  ဒါနဲ့  သူတို့က ဘုရင့်အမိန့်နဲ့ ဒံယေလကို ခေါ်လာပြီး ခြင်္သေ့တွင်းထဲ ပစ်ချကြတယ်။+ ဘုရင်က  “မင်းအမြဲဝတ်ပြုတဲ့  ဘုရားသခင်  ကယ်တင်မှာပါ”  လို့ဒံယေလကိုပြောတယ်။ ၁၇  အဲဒီနောက် တွင်းဝကို ကျောက်တုံးနဲ့ ပိတ်လိုက်တယ်။ ဒံယေလနဲ့ပတ်သက်ပြီး ဘာမှအပြောင်းအလဲ မလုပ်နိုင်ဖို့ ဘုရင်က အဲဒီကျောက်တုံးပေါ်မှာ သူ့ရဲ့တံဆိပ်လက်စွပ်၊ မှူးမတ်တွေရဲ့ တံဆိပ်လက်စွပ်နဲ့ တံဆိပ်ခတ်လိုက်တယ်။ ၁၈  အဲဒီနောက် ဘုရင်က နန်းတော်ကို ပြန်သွားပြီး တစ်ညလုံး အစာရှောင်တယ်။ ဘယ်သူ့ကိုမှ မဖျော်ဖြေခိုင်းဘူး။* အိပ်လို့လည်း မပျော်နိုင်ဘူး။ ၁၉  အရုဏ်တက်တာနဲ့ ဘုရင်က ထပြီး ခြင်္သေ့တွင်းဆီ  အပြေးအလွှား  သွားတော့တယ်။ ၂၀  တွင်းနားရောက်တဲ့အခါ ဆို့နင့်တဲ့အသံနဲ့ အော်ခေါ်ပြီး “အသက်ရှင်နေတဲ့ ဘုရားသခင်ရဲ့ကျွန် ဒံယေလ၊ မင်း အမြဲဝတ်ပြုတဲ့ ဘုရားသခင်က ခြင်္သေ့ရန်ကနေ ကယ်တင်နိုင်ခဲ့သလား” လို့မေးတယ်။ ၂၁  ချက်ချင်းပဲ ဒံယေလက “အရှင်မင်းကြီး၊ အသက်တော်  ထာဝစဉ်ရှည်ပါစေ။ ၂၂  ကျွန်တော်က ဘုရားသခင့်ရှေ့မှာ အပြစ်မဲ့တဲ့အပြင် မင်းကြီးကိုလည်း လုံးဝမပြစ်မှားခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်ကိုးကွယ်တဲ့ ဘုရားက ကောင်းကင်တမန်ကို လွှတ်ပြီး ခြင်္သေ့တွေရဲ့ ပါးစပ်ကို ပိတ်ထားတဲ့အတွက်+ ကျွန်တော့်ကို  အန္တရာယ်မပြုပါဘူး”+ လို့ဖြေတယ်။ ၂၃  အဲဒီအခါ ဘုရင်က ဝမ်းသာလုံးဆို့ပြီး ဒံယေလကို တွင်းထဲကနေ ဆွဲတင်ဖို့ အမိန့်ပေးတယ်။ ဒံယေလကို တွင်းထဲကနေ ဆွဲတင်တဲ့အခါ ထိခိုက်ဒဏ်ရာတစ်ခုမှ မရှိဘူး။ သူကိုးကွယ်တဲ့ ဘုရားသခင်ကို ယုံကြည်ကိုးစားခဲ့လို့ပဲ။+ ၂၄  အဲဒီနောက် ဘုရင်က ဒံယေလကို စွပ်စွဲခဲ့သူတွေကို ခေါ်လာပြီး သားမယားတွေနဲ့အတူ ခြင်္သေ့တွင်းထဲ ပစ်ချဖို့ အမိန့်ထုတ်လိုက်တယ်။ သူတို့ တွင်းအောက် မရောက်သေးခင် ခြင်္သေ့တွေက ဖမ်းဆွဲပြီး အရိုးပါမကျန် ကိုက်စားပစ်လိုက်တယ်။+ ၂၅  အဲဒီနောက် ဒါရိမင်းဟာ ကမ္ဘာမြေတစ်ခွင်မှာ နေထိုင်တဲ့၊ ဘာသာစကား  အမျိုးမျိုးပြောတဲ့  လူမျိုးအပေါင်းဆီ  သဝဏ်လွှာ  ရေးပို့လိုက်တယ်–+  “မင်းတို့ဆီမှာ  ငြိမ်သက်ခြင်း တိုးများပါစေ။ ၂၆  ငါ့နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့  လူအားလုံး ဒံယေလကိုးကွယ်တဲ့ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေကြစေလို့ ငါအမိန့်ထုတ်တယ်။+ အဲဒီဘုရားသခင်ဟာ  အသက်ရှင်တဲ့ဘုရား၊ ထာဝစဉ်တည်တဲ့အရှင်  ဖြစ်တယ်။ သူ့နိုင်ငံဟာ ဘယ်တော့မှ မပျက်စီးဘူး။ အုပ်ချုပ်ခွင့်အာဏာဟာ  ထာဝစဉ် တည်တံ့တယ်။+ ၂၇  အဲဒီဘုရားက ဒံယေလကို ခြင်္သေ့တွေရဲ့ရန်ကနေ ကယ်တင်လိုက်ပြီ။ ဒါကြောင့် ဒီဘုရားဟာ သူ့လူတွေကို မစကယ်တင်တဲ့ဘုရား၊+  ကောင်းကင်နဲ့ မြေကြီးပေါ်မှာ အံ့ဖွယ်အမှုတွေ၊ ထူးဆန်းတဲ့အရာတွေ လုပ်ဆောင်တဲ့ဘုရားပဲ။”+ ၂၈  ဒီလိုနဲ့ ဒံယေလဟာ ဒါရိမင်းရဲ့နိုင်ငံ၊+ ပါးရှားဘုရင် ဆိုင်းရပ်ရဲ့နိုင်ငံမှာ+ ကောင်းစားခဲ့တယ်။

အောက်ခြေမှတ်ချက်များ

“သီဆိုတီးမှုတ်သူတွေကို ရှေ့တော်မသွင်းဘူး” လည်းဖြစ်နိုင်။