နာဟုံ ၂:၁-၁၃
၂ ကွဲလွင့်စေသူက မင်းကို* တိုက်ဖို့ ရောက်လာပြီ။+
ခံတပ်တွေကို ကာကွယ်ထားပါ။
လမ်းကို စောင့်ကြည့်နေပါ။
ရင်ဆိုင်ဖို့ အသင့်ပြင်ထားပါ။ အားအင်ရှိသမျှ စုစည်းထားပါ။
၂ ဖျက်ဆီးသူတွေက သူတို့ကို ဖျက်ဆီးလိုက်ပြီ။+
သူတို့ရဲ့အညွန့်တွေကိုလည်း ဖျက်ဆီးလိုက်ပြီ။
ဒါကြောင့် ယေဟောဝါက ယာကုပ်ရဲ့ ဂုဏ်ကျက်သရေနဲ့ အစ္စရေးရဲ့ ဂုဏ်ကျက်သရေကို ပြန်ပေးလိမ့်မယ်။
၃ ခွန်အားကြီးသူတွေ ကိုင်ထားတဲ့ ဒိုင်းလွှားဟာ နီရဲနေတယ်။
စစ်သူရဲတွေ ကြက်သွေးရောင် ဝတ်ဆင်ထားတယ်။
စစ်ပွဲအတွက် အသင့်ပြင်တဲ့နေ့မှာ စစ်မြင်းရထားမှာတပ်ထားတဲ့ သံချပ်တွေဟာ မီးလို ဖိတ်ဖိတ်တောက်နေတယ်။
ဂျူနီပါထင်းရှူးသားနဲ့ လုပ်ထားတဲ့ လှံတွေကို ဝှေ့ယမ်းနေတယ်။
၄ စစ်မြင်းရထားတွေက လမ်းတစ်လျှောက် ဒုန်းစိုင်းနှင်နေတယ်။
လူထုရင်ပြင်တွေမှာ သွားချည်လာချည်နဲ့ ကဆုန်ပေါက်နေတယ်။
မီးတုတ်လို တောက်ပပြီး လျှပ်စီးလို လက်နေတယ်။
၅ သူက* တပ်မှူးတွေကို ဆင့်ခေါ်လိမ့်မယ်။
သူတို့ချီတက်လာတဲ့အခါ တိုက်မိလဲကုန်မယ်။
မြို့ရိုးဆီ ပြေးလာပြီး အဆီးအတားတွေ ချထားလိမ့်မယ်။
၆ မြစ်ရေတံခါးတွေ ပွင့်သွားမယ်။
နန်းတော်လည်း ပြိုကျသွားမယ်။
၇ ထုတ်ပြန်ထားတဲ့ အမိန့်ကတော့–
သူဟာ လူပုံအလယ်မှာ အရှက်ကွဲရမယ်။ သုံ့ပန်းဘဝ ရောက်ရမယ်။
သူ့ရဲ့ကျွန်မတွေ ရင်ဘတ်ထုပြီး ချိုးငှက်တွေလို ညည်းတွားရမယ်။
၈ နိနဝေမြို့ဟာ+ တစ်ဘဝလုံး ရေကန်နဲ့ တူခဲ့တယ်။
အခုတော့ ရေတွေ စီးထွက်ကုန်ပြီ။
“ရပ်ကြ။ ရပ်ကြ” လို့အော်ပြောပေမဲ့ ဘယ်သူမှ ပြန်မလှည့်လာကြဘူး။+
၉ ငွေကို လုယက်ကြ။ ရွှေကိုလည်း လုယက်ကြ။
ရတနာတွေ မကုန်နိုင်ဘူး။
အဖိုးတန်ပစ္စည်း အမျိုးမျိုးကလည်း မနည်းမနောပဲ။
၁၀ မြို့က ဟာလာဟင်းလင်း ဖြစ်သွားပြီ။ လူသူကင်းမဲ့ပြီး ပျက်စီးသွားပြီ။+
သူတို့ရဲ့စိတ်နှလုံးဟာ ကြောက်စိတ်ကြောင့် အရည်ပျော်ကုန်ပြီ။
ဒူးချင်းရိုက်ပြီး တင်ပါး တဆတ်ဆတ်တုန်နေပြီ။ မျက်နှာတွေ နီရဲနေပြီ။
၁၁ ခြင်္သေ့အောင်းတဲ့ ဂူက ဘယ်မှာလဲ။+
အဲဒီမှာ ခြင်္သေ့က သားပေါက်တွေကို ကျွေးမွေးခဲ့တယ်။
ခြောက်လှန့်သူမရှိဘဲ သားပေါက်တွေနဲ့အတူ ဝင်ထွက်သွားလာခဲ့တယ်။
၁၂ ခြင်္သေ့က သားပေါက်တွေ စားနိုင်သလောက် သားကောင်ကို အပိုင်းပိုင်း ဆွဲဖဲ့ပေးခဲ့တယ်။
ခြင်္သေ့မတွေအတွက် သားကောင်ရဲ့လည်မျိုကို ကိုက်ဖြတ်ပေးခဲ့တယ်။
သူ့ရဲ့တွင်းတွေကို သားကောင်တွေနဲ့၊သူ့ရဲ့ဂူတွေကိုလည်း အပိုင်းပိုင်း ဆွဲဖဲ့ထားတဲ့ တိရစ္ဆာန်တွေနဲ့ ဖြည့်ထားခဲ့တယ်။
၁၃ “မင်းကို ငါတိုက်ခိုက်မယ်။+ မင်းရဲ့ စစ်မြင်းရထားတွေကို မီးရှို့မယ်။+
ဓားဘေးက မင်းရဲ့ ခြင်္သေ့ပျိုတွေကို ဝါးမျိုလိမ့်မယ်။
ကမ္ဘာမြေပေါ်မှာ မင်းအတွက် သားကောင်မရှိအောင် ငါလုပ်မယ်။
စေတမန်တွေရဲ့အသံကို မင်း ထပ်ကြားရတော့မှာ မဟုတ်ဘူး”+ လို့ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတယ်။