နေဟမိ ၆:၁-၁၉
၆ မြို့ရိုးပြိုပျက်တဲ့နေရာ တစ်နေရာမှ မကျန်အောင် ကျွန်တော် ပြန်တည်ဆောက်နေပြီဆိုတဲ့သတင်း+ သမ်ဘာလတ်၊ တောဘိ၊+ အာရပ်လူ+ ဂေရှင်နဲ့ ရန်သူတွေဆီ ရောက်သွားတယ်။ (အဲဒီအချိန်တုန်းက မြို့တံခါးတွေမှာ တံခါးရွက်တွေ မတပ်ရသေးဘူး။)+
၂ ချက်ချင်းပဲ သမ်ဘာလတ်နဲ့ ဂေရှင်က “သြနောချိုင့်ဝှမ်းထဲက+ ရွာတစ်ရွာမှာ ဆုံကြရအောင်” ဆိုပြီး သတင်းပို့လာတယ်။ တကယ်တော့ ကျွန်တော့်ကို ဒုက္ခပေးဖို့ သူတို့ ကြံစည်နေကြတာ။
၃ ဒါကြောင့် ကျွန်တော်က တမန်တွေလွှတ်ပြီး “ကျွန်တော် လုပ်ငန်းကြီး လုပ်နေတာမို့ ဆင်းမလာနိုင်ဘူး။ အလုပ်ကိုထားခဲ့ပြီး ဆင်းလာမယ်ဆိုရင် လုပ်ငန်းရပ်ဆိုင်းသွားမှာပေါ့” လို့ အကြောင်းပြန်လိုက်တယ်။
၄ ဒါပေမဲ့ သူတို့ အဲဒီအတိုင်း လေးကြိမ် သတင်းပို့လာတယ်။ ကျွန်တော်လည်း အကြိမ်တိုင်းမှာ အဲဒီလိုပဲ အကြောင်းပြန်တယ်။
၅ သမ်ဘာလတ်က သူ့နောက်လိုက်ကို ငါးကြိမ်မြောက် စေလွှတ်ပြီး အဲဒီလိုပဲ ပြောခိုင်းပြန်တယ်။ တံဆိပ်မခတ်ထားတဲ့ စာတစ်စောင်ကိုလည်း ထည့်ပေးလိုက်တယ်။
၆ စာထဲမှာ “တခြားလူမျိုးတွေရော ဂေရှင်ကပါ+ ပြောနေကြပြီ။ ခင်ဗျားနဲ့ဂျူးတွေက ပုန်ကန်ဖို့အကြံနဲ့ မြို့ရိုးကို တည်ဆောက်နေတာတဲ့။+ ဒီသတင်းအရဆိုရင် ခင်ဗျား ဘုရင်လုပ်တော့မယ်ပေါ့။
၇ ပရောဖက်တွေကိုလည်း ‘ယုဒပြည်မှာ ဘုရင်ရှိတယ်’ လို့ ဂျေရုဆလင်မြို့အနှံ့ ကြေညာခိုင်းထားတယ်ဆို။ အခု ဒီအကြောင်းတွေကို မင်းကြီးဆီ လျှောက်ထားကြလိမ့်မယ်။ ဒီတော့ ကျုပ်တို့ ဆွေးနွေးရအောင်။ အရောက်လာခဲ့ပါ” ဆိုပြီး ရေးထားတယ်။
၈ ဒါပေမဲ့ ကျွန်တော်က “ခင်ဗျားပြောတာတွေ တစ်ခုမှ မမှန်ဘူး။ ဒါ လုပ်ကြံပြောဆိုနေတာပဲ” ဆိုပြီး အကြောင်းပြန်လိုက်တယ်။
၉ သူတို့က ကျွန်တော်တို့ ကြောက်သွားအောင် ခြိမ်းခြောက်ပြီး “ဒီလူတွေ လက်လျှော့သွားမှာပါ။ အလုပ်ကို လက်စသတ်နိုင်မယ် မထင်ဘူး”+ လို့ပြောကြတယ်။ ဒါနဲ့ ခွန်အားပေးပါဆိုပြီး ဘုရားကို ကျွန်တော် ဆုတောင်းတယ်။+
၁၀ အဲဒီအချိန်မှာ မဟေတဗေလရဲ့မြေး၊ ဒေလာယရဲ့သား ရှေမာယက ဘယ်မှမသွားဘဲ အိမ်ထဲအောင်းနေတယ်။ ကျွန်တော် သူ့ဆီသွားတဲ့အခါ သူက “စစ်မှန်တဲ့ ဘုရားသခင်ရဲ့အိမ်တော်ဖြစ်တဲ့ ဗိမာန်တော်ထဲမှာ ဆုံကြရအောင်။ ညဘက်မှာ ခင်ဗျားကိုသတ်ဖို့ သူတို့လာကြမှာမို့လို့ ဗိမာန်တော်တံခါးတွေကို ပိတ်ပြီး ပုန်းနေရအောင်” ဆိုပြီးပြောတယ်။
၁၁ “ကျွန်တော့်လိုလူက ထွက်ပြေးပုန်းရှောင် နေရမှာလား။ ကျွန်တော် ဗိမာန်တော်ထဲ ဝင်ရင်ကော သေဒဏ်ကနေ လွတ်ပါ့မလား။+ မဝင်ဘူး” လို့ပြန်ပြောလိုက်တယ်။
၁၂ ရှေမာယ အဲဒီလို ပရောဖက်ပြုတာက ဘုရားသခင် စေခိုင်းလို့မဟုတ်ဘဲ တောဘိနဲ့ သမ်ဘာလတ်တို့+ ငှားရမ်းပြီး ပြောခိုင်းလို့ဆိုတာ ကျွန်တော် ရိပ်မိသွားတယ်။
၁၃ သူ့ကို ငှားရမ်းထားတာက ကျွန်တော့်ကို ခြိမ်းခြောက်ဖို့၊ အပြစ်ကျူးလွန်မိစေဖို့ပဲ။ အဲဒီအတိုင်းသာဖြစ်လာရင် ကျွန်တော် နာမည်ပျက်ပြီး သူတို့ကဲ့ရဲ့ဖို့ အကွက်တွေ့သွားမှာပေါ့။
၁၄ အို ဘုရားသခင်၊ တောဘိနဲ့+ သမ်ဘာလတ်တို့ လုပ်ခဲ့တာတွေကို မှတ်ထားပေးပါ။ ကျွန်တော့်ကို တစ်ချိန်လုံး ခြိမ်းခြောက်နေတဲ့ ပရောဖက်မ နောဒိနဲ့ ကျန်တဲ့ပရောဖက်တွေကိုလည်း မှတ်ထားပေးပါ။
၁၅ နောက်ဆုံးတော့ ဧလုလ* ၂၅ ရက်နေ့မှာ မြို့ရိုး တည်ဆောက်ပြီးသွားတယ်။ ၅၂ ရက်ကြာ ဆောက်လုပ်ခဲ့ကြတယ်။
၁၆ ဒီသတင်းကို ရန်သူတွေ ကြားတဲ့အခါ၊ ပတ်ဝန်းကျင်လူမျိုးတွေ မြင်တဲ့အခါ အကြီးအကျယ် အရှက်ရသွားကြတယ်။+ ကျွန်တော်တို့ ကိုးကွယ်တဲ့ ဘုရားသခင်ရဲ့ အကူအညီနဲ့ ဒီအလုပ်ပြီးစီးသွားမှန်း သဘောပေါက်သွားကြတယ်။
၁၇ အဲဒီအချိန်အတွင်းမှာ ယုဒအရာရှိတွေက+ တောဘိဆီ စာတွေအများကြီး ရေးပို့တယ်။ တောဘိကလည်း စာပြန်လေ့ရှိတယ်။
၁၈ တောဘိဟာ အာရာရဲ့သား+ ရှေကနိရဲ့ သမက်ဖြစ်တဲ့အပြင် သားယေဟောဟနန်ကလည်း ဗေရခိရဲ့သား မေရှုလံရဲ့သမီးနဲ့+ ယူထားတာကြောင့် ယုဒလူအများစုက သူ့ဘက် ရပ်တည်ပါ့မယ်လို့ ကတိသစ္စာပြုထားကြတယ်။
၁၉ သူတို့က တောဘိရဲ့ ကောင်းကြောင်းတွေ လာပြောတတ်သလို ကျွန်တော်ပြောတာတွေကိုလည်း သူ့ဆီ သတင်းပို့တတ်တယ်။ အဲဒီအခါ တောဘိက ကျွန်တော့်ဆီ ခြိမ်းခြောက်စာတွေ ပို့လေ့ရှိတယ်။+
အောက်ခြေမှတ်ချက်များ
^ နောက်ဆက်တွဲ ခ၁၅ ကိုကြည့်။