နေဟမိ ၈:၁-၁၈
၈ အဲဒီနောက် ရေတံခါးရှေ့မှာရှိတဲ့+ လူထုရင်ပြင်မှာ လူအားလုံး တညီတညွတ်တည်း စုဝေးကြတယ်။ အစ္စရေးတွေအတွက် ယေဟောဝါပေးခဲ့တဲ့+ မောရှေပညတ်ကျမ်းကို+ ယူလာပါဆိုပြီး ကျမ်းကူးသူ ဧဇရကို+ ပြောတော့၊
၂ ခုနစ်လပိုင်း တစ်ရက်နေ့မှာ+ ပုရောဟိတ်ဧဇရက ယောက်ျားမိန်းမတွေ၊ ကြားတဲ့အရာကို နားလည်နိုင်သူတွေပါဝင်တဲ့ လူစုကြီးရှေ့ကို ပညတ်ကျမ်း ယူလာတယ်။+
၃ သူက ရေတံခါးရှေ့ လူထုရင်ပြင်မှာရောက်နေတဲ့ ယောက်ျားမိန်းမတွေ၊ နားလည်နိုင်သူတွေ အားလုံးရှေ့မှာ မနက်မိုးလင်းချိန်ကနေ နေ့လယ်အထိ ပညတ်ကျမ်းကို အသံကျယ်ကျယ် ဖတ်ပြတယ်။+ လူတွေလည်း အာရုံစိုက် နားထောင်ကြတယ်။+
၄ အဲဒီအခါသမယအတွက် လုပ်ထားတဲ့ သစ်သားစင်မြင့်ပေါ်မှာ ကျမ်းကူးသူဧဇရ ရပ်နေတယ်။ သူ့ရဲ့ညာဘက်မှာ မာတသိ၊ ရှေမာ၊ အာနယ၊ ဥရိယ၊ ဟိလခိ၊ မာသေယ၊ ဘယ်ဘက်မှာ ပေဒါယ၊ မိရှေလ၊ မာလခိယ၊+ ဟာရှုံ၊ ဟာရှဗဒါန၊ ဇာခရိ၊ မေရှုလံတို့ ရပ်နေတယ်။
၅ ဧဇရဟာ လူအားလုံးထက် မြင့်တဲ့နေရာမှာ ရပ်နေတော့ လူတွေက သူ့ကို ကြည့်နေတယ်။ ပညတ်ကျမ်းကို သူဖွင့်လိုက်တဲ့အခါ လူအားလုံး မတ်တတ်ရပ်နေကြတယ်။
၆ အဲဒီနောက် ဧဇရက ကြီးမြတ်တဲ့အရှင်၊ စစ်မှန်တဲ့ဘုရား ယေဟောဝါကို ချီးမွမ်းတဲ့အခါ လူအားလုံးက “အာမင်၊ အာမင်”*+ လို့ပြောပြီး ကောင်းကင်ပေါ် လက်ဖြန့်ကြတယ်။ ပြီးတော့ ယေဟောဝါကို ဦးချပျပ်ဝပ်ကြတယ်။
၇ အဲဒီနောက် လူတွေ မတ်တတ်ရပ်ကြတယ်။ လေဝိအမျိုးသားတွေဖြစ်တဲ့ ယေရွှာ၊ ဗာနိ၊ ရှေရဘိ၊+ ယာမိန်၊ အက္ကုပ်၊ ရှဗေသဲ၊ ဟောဒိယ၊ မာသေယ၊ ကေလိတ၊ အာဇရိ၊ ယောဇဗတ်၊+ ဟာနန်နဲ့ ပေလာယတို့က လူတွေကို ပညတ်တရားအကြောင်း ရှင်းပြတယ်။+
၈ သူတို့က ဘုရားသခင်ရဲ့ ပညတ်ကျမ်းကို အသံကျယ်ကျယ်ဖတ်ပြီး အနက်အဓိပ္ပာယ်ကို ရှင်းပြတယ်။ ဖတ်ပြတဲ့အရာကို လူတွေ သဘောပေါက်အောင် ကူညီပေးတယ်။+
၉ လူတွေဟာ ပညတ်ကျမ်းမှာပါတဲ့ စကားတွေကို ကြားရတဲ့အခါ ငိုကြတယ်။ ဒါကြောင့် ဘုရင်ခံ* နေဟမိ၊ ကျမ်းကူးသူ ပုရောဟိတ်ဧဇရ၊+ လူတွေကို သွန်သင်ပေးတဲ့ လေဝိအမျိုးသားတွေက “ဒီနေ့ဟာ ယေဟောဝါဘုရားအတွက် မြင့်မြတ်တဲ့နေ့ပဲ။+ ဒါကြောင့် ဝမ်းမနည်းကြပါနဲ့။ မငိုကြပါနဲ့” ဆိုပြီးပြောတယ်။
၁၀ ပြီးတော့ နေဟမိက “သွားကြ။ စားကောင်းသောက်ဖွယ်တွေကို စားသောက်ကြပါ။ အစားအစာပြင်ဆင်ဖို့ မတတ်နိုင်သူတွေအတွက်လည်း ပို့ပေးလိုက်ပါ။+ ဒီနေ့ဟာ ကျွန်တော်တို့ရဲ့ သခင်အတွက် မြင့်မြတ်တဲ့နေ့ပဲ။ စိတ်မကောင်း မဖြစ်ကြပါနဲ့။ ယေဟောဝါဘုရား ပေးသနားတဲ့ ဝမ်းမြောက်ခြင်းဟာ ခင်ဗျားတို့အတွက် ရဲတိုက်ပဲ” ဆိုပြီး ပြောတယ်။
၁၁ လေဝိအမျိုးသားတွေကလည်း “တိတ်ပါတော့။ ဝမ်းမနည်းကြပါနဲ့တော့။ ဒီနေ့ဟာ မြင့်မြတ်တဲ့နေ့ပဲ” ဆိုပြီး လူတွေကို နှစ်သိမ့်ပေးကြတယ်။
၁၂ လူတွေလည်း ကြားနာခဲ့ရတဲ့ ကျမ်းစကားတွေကို သဘောပေါက်သွားတဲ့အတွက်+ စားသောက်ဖို့၊ စားစရာဝေစုတွေ ပို့ပေးဖို့၊ အားပါးတရ ရွှင်လန်းဖို့ ထွက်သွားကြတယ်။+
၁၃ ဒုတိယနေ့မှာ ဆွေမျိုးစုခေါင်းဆောင်တွေ၊ ပုရောဟိတ်တွေ၊ လေဝိအမျိုးသားတွေက ပညတ်ကျမ်းမှာပါတဲ့ စကားတွေကို ဒီထက်ပိုပြီး ထိုးထွင်းသိမြင်နိုင်ဖို့ ကျမ်းကူးသူ ဧဇရဆီ လာကြတယ်။
၁၄ အဲဒီအခါ ခုနစ်လပိုင်းမှာ ကျင်းပတဲ့ ပွဲတော်အတွင်း အစ္စရေးတွေ တဲတွေနဲ့နေရမယ်ဆိုပြီး မောရှေကတစ်ဆင့် ယေဟောဝါပေးခဲ့တဲ့ ပညတ်ကျမ်းမှာ ရေးထားတာကို တွေ့ကြတယ်။+
၁၅ ဒါနဲ့ သူတို့က “တောင်ပေါ်ကိုသွားပြီး သံလွင်ပင်၊ ထင်းရှူးပင်၊ မုရတုပင်၊* စွန်ပလွံပင်တွေရဲ့ သစ်ကိုင်းသစ်ခက်တွေ ခုတ်လာခဲ့။ တခြားအပင်တွေရဲ့ သစ်ခက်တွေကိုပါ ယူလာကြ။ ပညတ်ကျမ်းမှာ ရေးထားတဲ့အတိုင်း တဲတွေထိုးရမယ်” ဆိုပြီး ဂျေရုဆလင်မြို့နဲ့ မြို့ရွာအားလုံးမှာ ကြေညာခိုင်းလိုက်တယ်။+
၁၆ လူတွေလည်း ထွက်သွားပြီး သစ်ကိုင်းသစ်ခက်တွေ ယူလာတယ်။ အိမ်မိုးပေါ်မှာ၊ ခြံဝင်းထဲမှာ၊ ဘုရားသခင့်အိမ်တော်ဝင်းထဲမှာ၊+ ရေတံခါးရှေ့ လူထုရင်ပြင်မှာ၊+ ဧဖရိမ်တံခါးရှေ့ လူထုရင်ပြင်မှာ+ တဲတွေထိုးကြတယ်။
၁၇ သုံ့ပန်းဘဝကနေ ပြန်လာတဲ့ လူစုကြီးတစ်ခုလုံး တဲတွေထိုးပြီး နေထိုင်တယ်။ နုန်ရဲ့သား ယောရှုလက်ထက်ကစပြီး+ အခုချိန်အထိ တဲနေပွဲကို ဒီလိုမျိုး မကျင်းပဖူးတဲ့အတွက် အစ္စရေးတွေ အကြီးအကျယ် ပျော်ရွှင်နေကြတယ်။+
၁၈ ဘုရားသခင်ရဲ့ ပညတ်ကျမ်းကို ပထမနေ့ကနေ နောက်ဆုံးနေ့အထိ နေ့တိုင်း ဖတ်ပြပေးတယ်။+ ပွဲတော်ကို ခုနစ်ရက် လုပ်ပြီးတဲ့နောက် သတ်မှတ်ထားတဲ့အတိုင်း ရှစ်ရက်မြောက်နေ့မှာ အထူးစည်းဝေးပွဲ ကျင်းပကြတယ်။+
အောက်ခြေမှတ်ချက်များ
^ ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”
^ ဒါမှမဟုတ်၊ “တိရှရိသာ၊” ပါရှားဘုရင်ခံရဲ့ ဘွဲ့နာမည်။
^ အရွက်ပြောင်လက်ပြီး အပွင့်ဖြူဖွေး မွှေးကြိုင်တဲ့ ချုံပင်။