ဖိလိပ္ပိ ၃:၁-၂၁

  • လူတွေ ယုံကြည်အားကိုးတဲ့အရာကို အားမကိုးနဲ့ (၁-၁၁)

    • ခရစ်တော်ကြောင့် အရာရာကို အကျိုးမရှိတဲ့အရာလို့ ယူမှတ်ခဲ့ (၇-၉)

  • ပန်းတိုင်ထားပြီး ကြိုးစားနေ (၁၂-၂၁)

    • ကောင်းကင်နိုင်ငံတော်သားတွေ (၂၀)

 ညီအစ်ကိုတို့၊ နောက်ဆုံး မှာကြားချင်တာက ဘုရားသခင်ကြောင့် အမြဲ ဝမ်းမြောက်နေကြပါ။+ ခင်ဗျားတို့ဆီ  ဒီလိုထပ်ရေးလိုက်ရတာဟာ ကျွန်တော့်အတွက်  အပန်းမကြီးပါဘူး၊ ခင်ဗျားတို့ကို ကာကွယ်ပေးချင်လို့ပါ။ ၂  ခွေးတွေကို* သတိထားကြ။ ထိခိုက်နစ်နာစေသူတွေကို  သတိထားကြ။ အရေဖျားဖြတ်ဖို့ အားပေးသူတွေကို* သတိထားကြ။+ ၃  ကျွန်တော်တို့ဟာ အမှန်တကယ် အရေဖျားဖြတ်ထားတဲ့သူတွေ၊+ ဘုရားသခင့် စွမ်းအားတော်နဲ့ အမှုဆောင်နေသူတွေပါ။ ခရစ်တော်ယေရှု လုပ်ပေးခဲ့တာတွေအတွက် ကျွန်တော်တို့ ဂုဏ်ယူဝါကြွားတယ်၊+ လူတွေ ယုံကြည်အားကိုးတဲ့အရာကို အားမကိုးဘူး။ ၄  လူတွေ ယုံကြည်အားကိုးတဲ့အရာကို အားကိုးစတမ်းဆိုရင် ကျွန်တော့်မှာလည်း အဲဒီလိုအားကိုးဖို့ ခိုင်လုံတဲ့အကြောင်းရင်း ရှိတယ်။ တခြားသူတွေထက်တောင်မှ ခိုင်လုံတဲ့အကြောင်းရင်း  ပိုရှိသေးတယ်။ ၅  ဘာလို့လဲဆိုတော့ ကျွန်တော်ဟာ ရှစ်ရက်သားအရွယ်မှာ  အရေဖျားဖြတ်ခဲ့သူပါ။+ အစ္စရေးလူမျိုး၊ ဗင်ယာမိန်အနွယ်ဝင်ပါ။ ဟီဘရူးမိဘကနေ မွေးဖွားလာတဲ့ ဟီဘရူးတစ်ယောက်ပါ။+ ပညတ်နဲ့ပတ်သက်လာရင် ဖာရိရှဲတစ်ယောက်ပါ။+ ၆  စိတ်ထက်သန်လွန်းလို့ အသင်းတော်ကို ညှဉ်းဆဲခဲ့တဲ့သူ၊+ ပညတ်ကို တစ်သဝေမတိမ်း လိုက်နာပြီး ဖြောင့်မတ်ဖို့ ကြိုးစားတဲ့သူပါ။ ၇  ဒါပေမဲ့ ကျွန်တော့်အတွက် အကျိုးအမြတ်ဖြစ်တဲ့အရာတွေကို ခရစ်တော်ကြောင့် အကျိုးမရှိတဲ့အရာလို့ ယူမှတ်ခဲ့တယ်။*+ ၈  ဒါ့အပြင် သခင်ခရစ်တော် ယေရှုအကြောင်း သိကျွမ်းခွင့်ဟာ သာလွန်ထူးမြတ်တဲ့အတွက် အရာအားလုံးကို အကျိုးမရှိတဲ့အရာလို့ ကျွန်တော် ယူမှတ်တယ်။ ခရစ်တော်ကြောင့် အရာအားလုံးကို အကျိုးမရှိတဲ့အရာလို၊ အမှိုက်သရိုက်လို သဘောထားတယ်။ အကျိုးအမြတ်အနေနဲ့ ခရစ်တော်ကို ရပြီး၊ ၉  ခရစ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ရှိနိုင်ဖို့ပဲ။ ကျွန်တော်ဟာ ပညတ်တရားစောင့်ထိန်းလို့ ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရတာ မဟုတ်ဘူး။ ခရစ်တော်ကို ယုံကြည်လို့+ ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရတာ။+ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူတွေလို့ ဘုရားသခင် သတ်မှတ်တာ။+ ၁၀  ဒါကြောင့် ခရစ်တော်ကို သိဖို့၊ သူ့ကို ထမြောက်စေတဲ့အရှင်ရဲ့ တန်ခိုးကို သိဖို့ ကျွန်တော် ပန်းတိုင်ထားတယ်။+ ခရစ်တော်လို ဆင်းရဲဝေဒနာခံဖို့၊+ အသေခံဖို့ အသင့်ရှိတယ်။+ ၁၁  ဖြစ်နိုင်မယ်ဆိုရင် အစောပိုင်း ရှင်ပြန်ထမြောက်ခြင်းမှာ ကျွန်တော် ပါဝင်ခွင့်ရချင်တယ်။+ ၁၂  အဲဒီဆုကျေးဇူးကို ရရှိထားပြီ၊ ကျွန်တော် ပြည့်ဝစုံလင်နေပြီလို့တော့ မဆိုလိုပါဘူး။ အဲဒီဆုကျေးဇူးကို အမိအရ ဆုပ်ကိုင်နိုင်ဖို့ အမြဲ ကြိုးစားအားထုတ်နေရတယ်။+ အဲဒီဆုကျေးဇူးကို ဆုပ်ကိုင်နိုင်ဖို့ ခရစ်တော်ယေရှုက ကျွန်တော့်ကို ရွေးချယ်ခဲ့တယ်။+ ၁၃  ညီအစ်ကိုတို့၊ ဒီဆုကျေးဇူးကို ကျွန်တော် အမိအရ ဆုပ်ကိုင်ထားပြီလို့ မယူမှတ်ပါဘူး။ ဒါပေမဲ့ နောက်မှာ ချန်ရစ်ခဲ့တာတွေကို မေ့ထားပြီး+ ရှေ့မှာရှိတာတွေကို လက်လှမ်းနေတာတော့ သေချာတယ်။+ ၁၄  ခရစ်တော်ယေရှုအားဖြင့် ကောင်းကင်အသက်တာ ခေါ်တော်မူခြင်းဆိုတဲ့+ ဘုရားပေးဆုကျေးဇူးကိုရဖို့ ပန်းတိုင်ထားပြီး ကြိုးစားနေတယ်။+ ၁၅  ဒါကြောင့် ရင့်ကျက်သူတွေအနေနဲ့+ ဒီစိတ်သဘောထားမျိုး မွေးမြူကြစို့။ အဲဒီသဘောထားမျိုး  မရှိဘူးဆိုရင်တော့ ရှိလာအောင် ဘုရားသခင် ကူညီပေးပါလိမ့်မယ်။ ၁၆  ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဒီလောက်ထိ တိုးတက်လာပြီဖြစ်လို့ ဒီလမ်းစဉ်အတိုင်းပဲ ဆက်ပြီး စနစ်တကျ ကျင့်ကြံနေကြစို့။ ၁၇  ညီအစ်ကိုတို့၊ ကျွန်တော့်ကို တုပကြပါ။+ ကျွန်တော်တို့ပြတဲ့ စံနမူနာကောင်းကို လိုက်တဲ့သူတွေကို ဂရုတစိုက် ကြည့်နေကြပါ။ ၁၈  ခရစ်တော်ရဲ့ ဒုက္ခသစ်တိုင်ကို* ဆန့်ကျင်နေသူတွေ အများကြီးရှိတဲ့အကြောင်း ကျွန်တော် အကြိမ်ကြိမ် ပြောပြခဲ့ဖူးတယ်။ အခုလည်း မျက်ရည်ကျပြီး ပြောရဦးမယ်။ ၁၉  သူတို့ရဲ့အဆုံးဟာ ပျက်စီးခြင်းပါပဲ။ သူတို့ရဲ့ဘုရားဟာ သူတို့ဝမ်းဗိုက်ပဲ။ ရှက်ရမယ့်အရာတွေကို ဂုဏ်ယူနေကြတယ်။  မြေကြီးပေါ်ကအရာတွေဆီပဲ  စိတ်ရောက်နေကြတယ်။+ ၂၀  ကောင်းကင်နိုင်ငံသားတွေဖြစ်တဲ့+ ကျွန်တော်တို့ကတော့ ကောင်းကင်ကနေ ရောက်လာမယ့် ကယ်တင်ရှင် သခင်ယေရှုခရစ်ကို မျှော်လင့်တကြီး စောင့်စားနေကြတယ်။+ ၂၁  အဲဒီသခင်က အရာခပ်သိမ်းကို ခြေအောက်မှာ ချထားနိုင်တဲ့+ မိမိရဲ့ကြီးမားတဲ့တန်ခိုးကို သုံးပြီး ကျွန်တော်တို့ရဲ့ အားနည်းတဲ့ ခန္ဓာကိုယ်ကို သူ့ကိုယ်ခန္ဓာလို ဘုန်းအသရေနဲ့ ပြည့်စုံစေဖို့ ပြောင်းလဲပေးလိမ့်မယ်။+

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “ခွေးလိုလူစားမျိုးကို။”
ဒါမှမဟုတ်၊ “ကိုယ်ခန္ဓာ လှီးဖြတ်သူတွေကို။”
“တလိုတလား စွန့်လွှတ်ခဲ့တယ်” လည်းဖြစ်နိုင်။
ခက်ဆစ်ကိုကြည့်။