မာကု ၈:၁-၃၈

  • လူ ၄,၀၀၀ ကို ယေရှုကျွေးမွေး (၁-၉)

  • အံ့ဖွယ်အမှုပြဖို့ တောင်းဆိုကြ (၁၀-၁၃)

  • ဖာရိရှဲတွေနဲ့ ဟေရုဒ်ရဲ့ တဆေး (၁၄-၂၁)

  • ဗက်ဇဲဒရွာမှာ မျက်မမြင်တစ်ယောက်ကို ကုသ (၂၂-၂၆)

  • ယေရှု ဘယ်သူဖြစ်မှန်း ပေတရုပြော (၂၇-၃၀)

  • သေဆုံးမယ့်အကြောင်း ယေရှုကြိုပြော (၃၁-၃၃)

  • ယေရှုရဲ့ စစ်မှန်တဲ့နောက်လိုက် (၃၄-၃၈)

 အဲဒီအချိန်မှာ လူတွေ အုပ်လိုက်ကြီး ရောက်လာပြန်တယ်။ စားစရာ မရှိတဲ့အတွက် ယေရှုက တပည့်တွေကို ခေါ်ပြီး၊ ၂  “ဒီလူအုပ်ကို ကျွန်တော် သနားတယ်။+ သုံးရက်လုံးလုံး ကျွန်တော်နဲ့အတူ ရှိနေကြတာ။ သူတို့မှာ စားစရာလည်း မရှိဘူး။+ ၃  တချို့ဆိုရင် အဝေးကြီးကို ပြန်ရမှာ။ တစ်ခုခု မကျွေးဘဲနဲ့ အိမ်ပြန်ခိုင်းလိုက်ရင် လမ်းမှာ အားပြတ်ကုန်မယ်” လို့ပြောတယ်။ ၄  ဒါပေမဲ့ တပည့်တွေက “ဒီလူတွေ အဝစားနိုင်လောက်တဲ့ စားစရာကို ဒီလောက်ခေါင်တဲ့ နေရာမျိုးမှာ ဘယ်လိုလုပ် ရနိုင်မှာလဲ” ဆိုတော့၊ ၅  ယေရှုက “ခင်ဗျားတို့မှာ မုန့်ဘယ်နှစ်လုံးရှိသလဲ” လို့ မေးတဲ့အခါ “ခုနစ်လုံး ရှိပါတယ်”+ လို့ဖြေတယ်။ ၆  ဒါနဲ့ လူအုပ်ကို မြေပေါ် ထိုင်ခိုင်းတယ်။ မုန့်ခုနစ်လုံးကိုယူ၊ ကျေးဇူးတင်ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ပြီး တပည့်တွေကို ပေးတယ်။ တပည့်တွေက လူအုပ်ကို ပြန်ဝေပေးတယ်။+ ၇  ဒါ့အပြင် ငါးကလေး နည်းနည်း ရှိနေတဲ့အတွက် ကျေးဇူးတင်ချီးမွမ်းပြီးနောက် ဝေခိုင်းလိုက်တယ်။ ၈  လူတွေ အဝစားပြီးနောက် စားကြွင်းစားကျန်ကို ကောက်သိမ်းတဲ့အခါ တောင်းကြီး ခုနစ်တောင်း အပြည့်ရတယ်။+ ၉  စားတဲ့သူက ယောက်ျား ၄,၀၀၀ လောက်ရှိတယ်။ အဲဒီနောက် သူတို့ကို အိမ်ပြန်လွှတ်လိုက်တယ်။ ၁၀  ယေရှုလည်း ချက်ချင်းပဲ တပည့်တွေနဲ့အတူ လှေစီးပြီး ဒါလမနုသနယ်ကို ရောက်လာတယ်။+ ၁၁  ဖာရိရှဲတွေ ရောက်လာပြီး ယေရှုနဲ့ ဆွေးနွေးငြင်းခုံတယ်။ ယေရှုကို အကဲစမ်းချင်တဲ့အတွက် ဘုရားဆီက အံ့ဖွယ်အမှုတစ်ခုလောက် ပြပါလို့ တောင်းဆိုတယ်။+ ၁၂  ယေရှုက စိတ်ထိခိုက်လွန်းလို့ “ဒီလူမျိုးဆက်ဟာ အံ့ဖွယ်အမှုကို ဘာလို့မြင်ချင်ရတာလဲ။+ ကျွန်တော် မှန်တာကိုပြောမယ်။ ဒီလူမျိုးဆက်ဟာ ဘယ်အံ့ဖွယ်အမှုကိုမှ မြင်ရမှာ မဟုတ်ဘူး”+ လို့ပြောတယ်။ ၁၃  သူတို့ဆီကနေ ထွက်သွားပြီးနောက် လှေစီးပြီး ကမ်းတစ်ဖက်ကို ပြန်သွားတယ်။ ၁၄  တပည့်တွေ စားစရာယူလာဖို့ မေ့သွားတဲ့အတွက် လှေပေါ်မှာ မုန့်တစ်လုံးပဲ ပါလာတယ်။+ ၁၅  ယေရှုက “မျက်စိရှင်ရှင်ထားပြီး ဖာရိရှဲတို့ရဲ့ တဆေးနဲ့ ဟေရုဒ်ရဲ့ တဆေးကို သတိထားကြ”+ လို့ ပြတ်ပြတ်သားသား ပြောတော့၊ ၁၆  တပည့်တွေက စားစရာ မပါလာတဲ့အကြောင်း ငြင်းခုံကြတယ်။ ၁၇  ဒါကိုသိတော့ ယေရှုက “စားစရာမပါလာတဲ့ ကိစ္စအတွက်နဲ့ ဘာလို့ ငြင်းခုံနေတာလဲ။ အခုထိ မသိသေးဘူးလား၊ သဘောမပေါက်သေးဘူးလား။ နားမလည်နိုင်ကြဘူးလား။ ၁၈  ‘ခင်ဗျားတို့ မျက်စိရှိလျက်နဲ့ မမြင်ဘူးလား။ နားရှိလျက်နဲ့ မကြားဘူးလား။’ ၁၉  ယောက်ျား ၅,၀၀၀ ကို ကျွန်တော် မုန့်ငါးလုံးဖဲ့ပေးတုန်းက+ စားကြွင်းစားကျန် ဘယ်နှစ်တောင်းအပြည့် ကောက်သိမ်းခဲ့ရသလဲ၊ မှတ်မိကြသလား” လို့ မေးတဲ့အခါ “ဆယ့်နှစ်တောင်း ရတယ်”+ လို့ သူတို့ဖြေတယ်။ ၂၀  “ယောက်ျား ၄,၀၀၀ ကို မုန့်ခုနစ်လုံး ဖဲ့ပေးတုန်းကလည်း စားကြွင်းစားကျန် တောင်းကြီး ဘယ်နှစ်တောင်းအပြည့် ကောက်သိမ်းခဲ့ရသလဲ” လို့မေးတဲ့အခါ “ခုနစ်တောင်း ရတယ်”+ လို့ သူတို့ဖြေတယ်။ ၂၁  အဲဒီအခါ ယေရှုက “ကျွန်တော်ဆိုလိုတာကို အခုထိ သဘောမပေါက်သေးဘဲကိုး” လို့ပြောတယ်။ ၂၂  ဗက်ဇဲဒရွာကို ရောက်လာတဲ့အခါ လူတွေက မျက်မမြင်တစ်ယောက်ကို ယေရှုဆီ ခေါ်လာပြီး တို့ထိပေးဖို့ တောင်းပန်တယ်။+ ၂၃  ဒါနဲ့ ယေရှုက မျက်မမြင်ကို ရွာအပြင်ဘက် လက်ဆွဲခေါ်သွားပြီး သူ့မျက်စိကို တံတွေးနဲ့ တို့လိုက်တယ်။+ ပြီးတော့ သူ့အပေါ် လက်တင်ပြီး “တစ်ခုခုမြင်ရသလား” လို့မေးတယ်။ ၂၄  သူက မော့ကြည့်ပြီး “လူတွေကို မြင်ပါတယ်။ ဒါပေမဲ့ သစ်ပင်တွေ လမ်းလျှောက်နေသလိုပဲ” လို့ဖြေတယ်။ ၂၅  ယေရှုက နောက်တစ်ကြိမ် သူ့မျက်စိကို တို့လိုက်တဲ့အခါ သူအမြင်အာရုံ ပြန်ရလာပြီး အားလုံးကို ရှင်းရှင်းလင်းလင်း မြင်ရတယ်။ ၂၆  “ရွာထဲ မဝင်နဲ့ဦး” လို့မှာပြီး သူ့အိမ်ကိုပဲ ပြန်ခိုင်းလိုက်တယ်။ ၂၇  ကဲသရိ ဖိလိပ္ပိနယ်မှာရှိတဲ့ ရွာတွေဆီ သွားတဲ့လမ်းမှာ ယေရှုက “ကျွန်တော့်ကို ဘယ်သူလို့ ပြောကြသလဲ” ဆိုပြီးမေးတဲ့အခါ၊+ ၂၈  တပည့်တွေက “နှစ်ခြင်းပေးသူ ယောဟန်လို့ ပြောကြတယ်။+ တချို့က ဧလိယတဲ့။+ တချို့ကျပြန်တော့ ပရောဖက်တစ်ယောက်ပဲတဲ့” ဆိုပြီး ဖြေတယ်။ ၂၉  “ခင်ဗျားတို့ကော ကျွန်တော့်ကို ဘယ်သူလို့ ပြောမလဲ” ဆိုပြီး ယေရှုမေးတဲ့အခါ ပေတရုက “သခင်ဟာ ခရစ်တော်ပါ”+ လို့ဖြေတယ်။ ၃၀  အဲဒီအခါ သူ့အကြောင်းကို ဘယ်သူ့ကိုမှ မပြောဖို့ ယေရှု အသေအချာမှာတယ်။+ ၃၁  ပြီးတော့ လူသားဟာ ဒုက္ခအများကြီး ခံရမယ်၊ အကြီးအကဲတွေ၊ ပုရောဟိတ်ကြီးတွေ၊ ကျမ်းတတ်တွေ ငြင်းပယ်တာကို ခံရမယ်၊ အသတ်ခံရပြီးနောက်+ သုံးရက်မြောက်နေ့မှာ အသက်ပြန်ရှင်လာမယ်ဆိုတဲ့အကြောင်း+ တပည့်တွေကို ပြောပြတယ်။ ၃၂  အဲဒီလို ပွင့်ပွင့်လင်းလင်း ပြောတဲ့အခါ ပေတရုက ယေရှုကို ခေါ်ထုတ်သွားပြီး အပြစ်တင်တယ်။+ ၃၃  ယေရှုက မျက်နှာလွှဲလိုက်ပြီး တပည့်တွေကို ကြည့်တယ်။ အဲဒီနောက် ပေတရုကို “စာတန်၊ ထွက်သွားပါ။ ခင်ဗျားက ဘုရားသခင် စဉ်းစားသလို မစဉ်းစားဘဲ လူတွေစဉ်းစားသလို စဉ်းစားနေတယ်”+ လို့ ဆုံးမတယ်။ ၃၄  ယေရှုက တပည့်တွေနဲ့ လူအုပ်ကိုခေါ်ပြီး “ကျွန်တော့်နောက်လိုက် ဖြစ်ချင်သူတိုင်း ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ရမယ်။ ဒုက္ခသစ်တိုင်ကို* ထမ်းပြီး ကျွန်တော့်နောက်ကို အမြဲလိုက်ရမယ်။+ ၃၅  ကိုယ့်အသက်ကို ကယ်ချင်သူဟာ အသက်ဆုံးရလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်ကြောင့်၊ သတင်းကောင်းကြောင့် အသက်ဆုံးသူတိုင်း အသက်ပြန်ရှင်ရလိမ့်မယ်။+ ၃၆  တစ်လောကလုံးကို ပိုင်ဆိုင်ထားပေမဲ့ အသက်ဆုံးရှုံးသွားရင် ဘာအကျိုးရှိမှာလဲ။+ ၃၇  ကိုယ့်အသက်ကို ဘာနဲ့ပြန်လဲယူလို့ ရမှာလဲ။+ ၃၈  ဖောက်ပြန်ပြီး ပြစ်မှားတတ်တဲ့ ဒီလူမျိုးဆက်* ထဲက တစ်ယောက်ယောက်ဟာ ကျွန်တော့်ကြောင့်၊ ကျွန်တော့်စကားကြောင့် ရှက်မယ်ဆိုရင် လူသားကလည်း သန့်ရှင်းတဲ့ ကောင်းကင်တမန်တွေ ခြံရံပြီး အဖဘုရားရဲ့ ဘုန်းတန်ခိုးနဲ့ လာတဲ့အခါ+ သူ့ကိုလက်ခံဖို့ ရှက်လိမ့်မယ်”+ လို့ပြောတယ်။

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
ခက်ဆစ်ကိုကြည့်။