မဿဲ ၁၀:၁-၄၂
၁၀ ယေရှုက တပည့် ၁၂ ယောက်ကို ခေါ်ပြီး နတ်ဆိုးတွေကို နှင်ထုတ်နိုင်တဲ့ တန်ခိုး၊+ ရောဂါဝေဒနာ အမျိုးမျိုး ကုသနိုင်တဲ့တန်ခိုးကို ပေးအပ်တယ်။
၂ တမန်တော် ၁၂ ယောက်ရဲ့ နာမည်ကတော့–+ ပေတရုလို့ ခေါ်တဲ့ ရှိမုန်နဲ့+ သူ့ညီ အန္ဒြေ၊+ ဇေဗေဒဲရဲ့ သား ယာကုပ်နဲ့ သူ့ညီ ယောဟန်၊+
၃ ဖိလိပ္ပု၊ ဗာသောလမဲ၊+ သောမ၊+ အခွန်ခံ မဿဲ၊+ အာလဖဲရဲ့ သား ယာကုပ်၊ သဒ္ဒဲ၊
၄ စိတ်ထက်သန်သူ ရှိမုန်၊ ယေရှုကို နောက်ပိုင်းမှာ သစ္စာဖောက်သွားတဲ့ ယုဒရှကာရုတ်+ တို့ ဖြစ်တယ်။
၅ ယေရှုက တမန်တော် ၁၂ ယောက်ကို စေလွှတ်ပြီး အခုလိုမှာတယ်–+ “လူမျိုးခြားတွေဆီ မသွားကြနဲ့။ ရှမာရိမြို့တွေထဲ မဝင်ကြနဲ့။+
၆ အစ္စရေးအမျိုးထဲက ပျောက်နေတဲ့ သိုးတွေဆီကိုပဲ သွားကြပါ။+
၇ သွားတဲ့အခါ ‘ကောင်းကင်နိုင်ငံ နီးနေပြီ’ ဆိုပြီး ဟောပြောကြပါ။+
၈ ဖျားနာသူတွေကို ကျန်းမာအောင် လုပ်ပေးပါ။+ လူသေတွေကို အသက်ပြန်ရှင်လာအောင် လုပ်ပေးပါ။ အနာကြီးရောဂါသည်တွေကို ကုသပေးပါ။ နတ်ဆိုးတွေကို နှင်ထုတ်ပါ။ အခမဲ့ ရထားတဲ့အတွက် အခမဲ့ ပေးကမ်းကြပါ။
၉ ခါးပိုက်ဆောင်အိတ်ထဲ ရွှေငွေတွေ၊ ကြေးတွေ မဆောင်ထားကြနဲ့။+
၁၀ လမ်းခရီးအတွက် ရိက္ခာအိတ် မဆောင်ထားကြနဲ့။ အလုပ်လုပ်တဲ့သူဟာ ကျွေးမွေးတာ ခံထိုက်တယ်။+ အင်္ကျီ၊ ဖိနပ်၊ တောင်ဝှေးတွေကို အပိုမဆောင်ထားကြနဲ့။+
၁၁ “မြို့တစ်မြို့၊ ရွာတစ်ရွာထဲ ဝင်တဲ့အခါ ထိုက်တန်သူကို ရှာပြီး အဲဒီမြို့ရွာကနေ မထွက်မချင်း သူ့အိမ်မှာပဲ တည်းခိုပါ။+
၁၂ အိမ်ထဲဝင်တဲ့အခါ အိမ်သားတွေကို ‘ငြိမ်သက်ခြင်း ရှိပါစေ’ ဆိုပြီး နှုတ်ဆက်ပါ။
၁၃ သူတို့ လက်ခံရင် အဲဒီအိမ်မှာ ငြိမ်သက်ခြင်း သက်ရောက်လိမ့်မယ်။+ လက်မခံရင်တော့ ငြိမ်သက်ခြင်းဟာ ခင်ဗျားတို့ဆီပဲ ပြန်သက်ရောက်လိမ့်မယ်။
၁၄ ခင်ဗျားတို့ကို လက်မခံဘူး၊ ခင်ဗျားတို့စကားကို နားမထောင်ဘူးဆိုရင် အဲဒီအိမ်၊ အဲဒီမြို့ကနေ ထွက်ခွာတဲ့အခါ ခြေထောက်က ဖုန်တွေကို ခါလိုက်ပါ။+
၁၅ ကျွန်တော် မှန်တာကို ပြောမယ်။ တရားစီရင်ရာနေ့မှာ အဲဒီမြို့ဟာ သောဒုံမြို့နဲ့ ဂေါမောရမြို့ထက်+ ပိုခံရလိမ့်မယ်။
၁၆ “ဝံပုလွေအုပ်ထဲ သိုးတွေ လွှတ်လိုက်သလို ခင်ဗျားတို့ကို လွှတ်လိုက်ပြီ။ ဒါကြောင့် မြွေလို သတိကြီးပြီး ချိုးငှက်လို အပြစ်ကင်းကြပါ။+
၁၇ လူတွေကို သတိထားပါ။ ခင်ဗျားတို့ကို တရားရုံးပို့ပြီး+ တရားဇရပ်တွေမှာ+ ရိုက်နှက်ကြလိမ့်မယ်။+
၁၈ ကျွန်တော့်ကြောင့် ခင်ဗျားတို့ကို ဘုရင်ခံတွေ၊ ဘုရင်တွေရှေ့ ပို့ဆောင်ကြလိမ့်မယ်။+ ဒီနည်းနဲ့ သူတို့ကိုရော လူမျိုးခြားတွေကိုပါ သက်သေခံခွင့်ရလိမ့်မယ်။+
၁၉ ခင်ဗျားတို့ကို အပ်နှံတဲ့အခါ ဘယ်လို ပြောရမလဲ၊ ဘာပြောရမလဲ ဆိုပြီး တွေးပူမနေပါနဲ့။ ပြောရမယ့် စကားကို အဲဒီအချိန်ကျရင် သိလာလိမ့်မယ်။+
၂၀ ခင်ဗျားတို့ပဲ ပြောရမှာ မဟုတ်ဘူး၊ ကောင်းကင်အဖဆီက လာတဲ့ စွမ်းအားတော်က ကူပြောပေးလိမ့်မယ်။+
၂၁ ဒါ့အပြင် ညီအစ်ကိုတွေ အသတ်ခံရအောင် အချင်းချင်း အပ်နှံလိမ့်မယ်။ ဖခင်က သားသမီးကို အပ်လိမ့်မယ်။ သားသမီးကလည်း မိဘကို ဆန့်ကျင်ပြီး အသတ်ခံရအောင် လုပ်ကြလိမ့်မယ်။+
၂၂ ကျွန်တော့်နာမည်ကြောင့် ခင်ဗျားတို့ကို လူတွေ မုန်းကြလိမ့်မယ်။+ ဒါပေမဲ့ အဆုံးထိ ခံနိုင်ရည် ရှိတဲ့သူဟာ ကယ်တင်ခံရလိမ့်မယ်။+
၂၃ ခင်ဗျားတို့ကို ဒီမြို့မှာ ညှဉ်းဆဲရင် နောက်တစ်မြို့ကို ထွက်ပြေးပါ။+ ကျွန်တော် မှန်တာကို ပြောမယ်။ အစ္စရေးမြို့ရွာတွေကို လှည့်လည်ဟောပြောလို့ မပြီးခင် လူသား ရောက်လာလိမ့်မယ်။
၂၄ “တပည့်ဟာ ဆရာထက် မသာနိုင်ဘူး။ ကျွန်ကလည်း သခင်ထက် မသာနိုင်ဘူး။+
၂၅ တပည့်ဟာ ဆရာလို၊ ကျွန်ဟာ သခင်လို ဖြစ်လာရင်ပဲ+ ကျေနပ်သင့်ပြီ။ လူတွေက အိမ်ထောင်ဦးစီးကိုတောင် ဗေလဇေဗုလ*+ လို့ ခေါ်ရင် အိမ်သူအိမ်သားတွေကိုဆိုရင်တော့ ပိုဆိုးမှာပေါ့။
၂၆ ဒါကြောင့် သူတို့ကို မကြောက်ပါနဲ့။ ဖုံးကွယ်ထားသမျှ ပေါ်လာရလိမ့်မယ်။ လျှို့ဝှက်ချက်မှန်သမျှ သိလာရလိမ့်မယ်။+
၂၇ အမှောင်ထဲမှာ ကျွန်တော် ပြောတဲ့ စကားတွေကို အလင်းမှာ ပြောကြပါ။ ကျွန်တော် တိုးတိုးလေး ပြောတဲ့ စကားတွေကို အိမ်မိုးပေါ်ကနေ ကြေညာကြပါ။+
၂၈ ကိုယ်ခန္ဓာကို သတ်နိုင်ပေမဲ့ အသက်ကို* မဖျက်ဆီးနိုင်တဲ့ လူတွေကို မကြောက်ပါနဲ့။+ ကိုယ်ခန္ဓာရော အသက်ကိုပါ ဂေဟင်နာ* အရပ်မှာ ဖျက်ဆီးနိုင်တဲ့အရှင်ကိုပဲ ကြောက်ကြပါ။+
၂၉ စာငှက်နှစ်ကောင်ကို ငွေတစ်ပြားနဲ့* ဝယ်လို့ ရတယ် မဟုတ်လား။ အဖဘုရား မသိဘဲနဲ့ အဲဒီစာငှက်တစ်ကောင်မှ မြေပေါ် မကျဘူး။+
၃၀ ခင်ဗျားတို့ရဲ့ ဆံပင်တွေကိုတောင် အကုန် ရေတွက်ထားတယ်။
၃၁ ဒါကြောင့် မကြောက်ပါနဲ့။ ခင်ဗျားတို့ဟာ စာငှက်လေးတွေထက် ပိုတန်ဖိုးရှိပါတယ်။+
၃၂ “လူတွေရှေ့မှာ ကျွန်တော့်ကို အသိအမှတ်ပြုသူတိုင်းကို+ ကောင်းကင်အဖရှေ့မှာ ကျွန်တော် အသိအမှတ်ပြုမယ်။+
၃၃ လူတွေရှေ့မှာ ကျွန်တော့်ကို ငြင်းပယ်သူကိုတော့ ကောင်းကင်အဖရှေ့မှာ ငြင်းပယ်မယ်။+
၃၄ ကမ္ဘာမြေပေါ် ငြိမ်သက်ခြင်းကို ကျွန်တော် ယူဆောင်လာတယ်လို့ မထင်ကြနဲ့။ ငြိမ်သက်ခြင်းအစား ဓားကို ယူဆောင်လာတယ်။+
၃၅ အဖေနဲ့ သား၊ အမေနဲ့ သမီး၊ ယောက္ခမနဲ့ ချွေးမ စိတ်ဝမ်းကွဲပြားစေဖို့ ကျွန်တော် ရောက်လာတာ။+
၃၆ ကိုယ့်အိမ်သူအိမ်သားတွေဟာ ကိုယ့်ရန်သူ ဖြစ်လိမ့်မယ်။
၃၇ ကျွန်တော့်ထက် မိဘကို ပိုချစ်တဲ့သူဟာ ကျွန်တော့်တပည့် မဖြစ်ထိုက်ဘူး။ ကျွန်တော့်ထက် သားသမီးကို ပိုချစ်တဲ့သူကလည်း ကျွန်တော့်တပည့် မဖြစ်ထိုက်ဘူး။+
၃၈ ဒုက္ခသစ်တိုင်ကို* ထမ်းပြီး ကျွန်တော့်နောက်ကို မလိုက်တဲ့သူဟာ ကျွန်တော့်တပည့် မဖြစ်ထိုက်ဘူး။+
၃၉ ကိုယ့်အသက်ကို* ကယ်ဖို့ ကြိုးစားသူဟာ အသက်ဆုံးရလိမ့်မယ်။ ကျွန်တော့်ကြောင့် အသက်ဆုံးတဲ့သူကတော့ အသက်ပြန်ရှင်ရလိမ့်မယ်။+
၄၀ “ခင်ဗျားတို့ကို ကြိုဆိုလက်ခံသူဟာ ကျွန်တော့်ကို လက်ခံတဲ့သူပဲ။ ကျွန်တော့်ကို လက်ခံသူဟာ ကျွန်တော့်ကို စေလွှတ်တဲ့အရှင်ကို လက်ခံတဲ့သူပဲ။+
၄၁ လူတစ်ယောက်ကို ပရောဖက်ပဲ ဆိုပြီး ကြိုဆိုလက်ခံတဲ့သူဟာ ပရောဖက် ရမယ့် အကျိုးကျေးဇူးကို ခံစားရလိမ့်မယ်။+ လူတစ်ယောက်ကို ဖြောင့်မတ်သူပဲ ဆိုပြီး ကြိုဆိုလက်ခံတဲ့သူဟာ ဖြောင့်မတ်သူ ရမယ့် အကျိုးကျေးဇူးကို ခံစားရလိမ့်မယ်။
၄၂ ကလေးငယ်နဲ့တူတဲ့ ဟောဒီလူတွေကို ကျွန်တော့်တပည့်ပဲ ဆိုပြီး ရေအေးတစ်ခွက် တိုက်တယ် ဆိုပါစို့။ ကျွန်တော် မှန်တာကို ပြောမယ်။ သူ အကျိုးကျေးဇူး မခံစားရဘဲ မနေဘူး။”+
အောက်ခြေမှတ်ချက်များ
^ နတ်ဆိုးမင်း စာတန်ကို ရည်ညွှန်းတဲ့ နာမည်။
^ မူရင်း၊ “အဿရိတစ်ပြား။” နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။