မဿဲ ၁၁:၁-၃၀

  • နှစ်ခြင်းပေးသူ ယောဟန်ကို ချီးမွမ်း (၁-၁၅)

  • ခေါင်းမာတဲ့ လူမျိုးဆက်ကို ပြစ်တင်ပြောဆို (၁၆-၂၄)

  • နှိမ့်ချသူတွေကို မျက်နှာသာပေးတဲ့ အဖဘုရားကို ယေရှုချီးမွမ်း (၂၅-၂၇)

  • ယေရှုရဲ့ထမ်းပိုးက လန်းဆန်းစေ (၂၈-၃၀)

၁၁  ယေရှုက တပည့် ၁၂ ယောက်ကို မှာကြားပြီးတဲ့နောက် တခြားမြို့တွေမှာ ဟောပြောသွန်သင်ဖို့ အဲဒီကနေ ထွက်သွားတယ်။+ ၂  ယောဟန်က ခရစ်တော်ရဲ့ လုပ်ဆောင်မှုတွေအကြောင်း ထောင်ထဲကနေ+ ကြားတဲ့အခါ တပည့်တွေကို လွှတ်ပြီး၊+ ၃  “ခင်ဗျားဟာ ကျွန်တော်တို့ စောင့်မျှော်နေတဲ့သူလား၊ နောက်တစ်ယောက်ကို စောင့်မျှော်ရမှာလား” လို့ မေးခိုင်းတယ်။+ ၄  အဲဒီအခါ ယေရှုက “ခင်ဗျားတို့ မြင်ခဲ့၊ ကြားခဲ့တဲ့ ဒီသတင်းအားလုံး ယောဟန်ကို ပြန်ပြောပြလိုက်ပါ။+ ၅  မျက်မမြင်တွေ ပြန်မြင်လာပြီ။+ ခြေမသန်သူတွေ လမ်းလျှောက်နိုင်ပြီ။ အနာကြီးရောဂါသည်တွေ+ ပြန်ကောင်းလာပြီ။ နားမကြားသူတွေ ကြားရပြီ။ သေလွန်သူတွေ အသက်ပြန်ရှင်လာပြီ။ ဆင်းရဲသားတွေ သတင်းကောင်း ကြားရပြီ။+ ၆  ကျွန်တော့်ကို သံသယ ဝင်စရာအကြောင်း မရှိတဲ့သူဟာ* ပျော်ရွှင်ချမ်းမြေ့လိမ့်မယ်”+ ဆိုပြီး ဖြေတယ်။ ၇  ယောဟန်ရဲ့ တပည့်တွေ ပြန်သွားတဲ့အခါ ယေရှုက ယောဟန်နဲ့ပတ်သက်ပြီး လူအုပ်ကို ပြောတယ်– “ခင်ဗျားတို့ တောထဲမှာ ဘယ်သူ့ကို သွားကြည့်တာလဲ။+ လေတိုက်ရာ ယိမ်းတတ်တဲ့ ကျူပင်လို လူစားမျိုးကိုလား။ မဟုတ်ဘူး။+ ၈  ဒါဆိုရင် ဘယ်သူ့ကို သွားကြည့်တာလဲ။ နူးညံ့တဲ့ ဝတ်ရုံ ဝတ်ဆင်ထားသူကိုလား။ မဟုတ်ဘူး။ အဲဒီလို ဝတ်ဆင်တဲ့သူတွေဟာ နန်းတော်ထဲမှာပဲ နေကြတာ။ ၉  ဒါဆိုရင် ဘယ်သူ့ကို သွားကြည့်တာလဲ။ ပရောဖက်ကိုလား။ ဟုတ်တာပေါ့။ ကျွန်တော် ပြောမယ်။ သူဟာ ပရောဖက်ပဲ။ ပရောဖက်တွေထက်တောင် ကြီးမြတ်တယ်။+ ၁၀  ‘ငါ့စေတမန်ကို မင်းရှေ့မှာ စေလွှတ်မယ်။ သူက မင်းသွားမယ့် လမ်းကို ရှေ့ကနေ အသင့်ပြင်ပေးမယ်’ ဆိုပြီး ရေးထားတာ သူ့အကြောင်းပဲ။+ ၁၁  ကျွန်တော် မှန်တာကို ပြောမယ်။ အသက်ရှင်ခဲ့သမျှ လူတွေထဲမှာ နှစ်ခြင်းပေးသူ ယောဟန်ထက် ကြီးမြတ်တဲ့သူ မပေါ်သေးဘူး။ ဒါပေမဲ့ ကောင်းကင်နိုင်ငံမှာ အဆင့်နိမ့်တဲ့သူဟာ ယောဟန်ထက် ကြီးမြတ်တယ်။+ ၁၂  နှစ်ခြင်းပေးသူ ယောဟန်လက်ထက်ကနေ အခုအချိန်ထိ လူတွေက ကောင်းကင်နိုင်ငံကို ပန်းတိုင်ထားပြီး မဆုတ်မနစ် ကြိုးစားနေကြတယ်။ အဲဒီလို ကြိုးစားသူတွေ ကောင်းကင်နိုင်ငံကို အရယူနိုင်ကြပြီ။+ ၁၃  ပရောဖက်ကျမ်းနဲ့ ပညတ်ကျမ်း* ရှိသမျှဟာ ယောဟန်လက်ထက်အထိ+ ပရောဖက်ပြုကြတယ်။ ၁၄  ခင်ဗျားတို့ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ယောဟန်ဟာ ‘ပေါ်ထွန်းလာမယ့် ဧလိယ’ ပဲ။+ ၁၅  နားရှိတဲ့သူ ကြားပါစေ။ ၁၆  “ဒီလူမျိုးဆက်ကို ဘယ်သူနဲ့ နှိုင်းရမလဲ။+ သူတို့ဟာ စျေးထဲမှာ ထိုင်ပြီး ကစားဖော်တွေကို အော်ပြောနေတဲ့ ကလေးတွေနဲ့ တူတယ်။ ၁၇  အဲဒီကလေးတွေက ‘ငါတို့ ပလွေမှုတ်တော့လည်း နင်တို့ မကကြဘူး။ ငါတို့ ငိုချင်းချတော့လည်း နင်တို့ ရင်ဘတ်ထုပြီး မငိုကြဘူး’ လို့ ပြောတယ်။ ၁၈  အဲဒီလိုပဲ သူတို့လည်း အများတကာလို မသောက်မစားတတ်တဲ့ ယောဟန် ရောက်လာတော့ ‘ဒီလူဟာ နတ်ဆိုးပူးနေတာပဲ’ လို့ ပြောကြတယ်။ ၁၉  အများတကာလို စားသောက်တဲ့ လူသား ရောက်လာတော့+ ‘အခွန်ခံတွေ၊ အပြစ်သားတွေနဲ့ မိတ်ဖွဲ့သူ၊ စားကြူးသောက်ကြူးသူ’+ လို့ ပြောကြပြန်တယ်။ ဘာပဲပြောပြော၊ ဉာဏ်ပညာဟာ ဖြောင့်မတ်တယ်ဆိုတာကို လုပ်ရပ်တွေနဲ့ သက်သေပြလိမ့်မယ်။”+ ၂၀  အဲဒီနောက် ယေရှုက တန်ခိုး အများဆုံး ပြခဲ့တဲ့ မြို့တွေမှာ လူတွေ နောင်တမရတဲ့အတွက် ပြစ်တင်ရှုတ်ချတယ်– ၂၁  “ခေါရာဇိန်မြို့သားတို့၊ အဖြစ်ဆိုး ကြုံရလိမ့်မယ်။ ဗက်ဇဲဒမြို့သားတို့၊ အဖြစ်ဆိုး ကြုံရလိမ့်မယ်။ ခင်ဗျားတို့မြို့မှာ ဖြစ်ခဲ့တဲ့ တန်ခိုးကြီး လုပ်ရပ်တွေသာ တိုင်ရာနဲ့ ဆိုင်ဒုန်မြို့မှာ ဖြစ်ခဲ့ရင် ဟိုးအရင်ကတည်းက အဲဒီမြို့သားတွေ အထည်ကြမ်းကို ဝတ်၊ ပြာပေါ် ထိုင်ပြီး နောင်တရနေလောက်ပြီ။+ ၂၂  ကျွန်တော် ပြောမယ်။ တရားစီရင်ရာနေ့မှာ ခင်ဗျားတို့ဟာ တိုင်ရာနဲ့ ဆိုင်ဒုန်မြို့ထက် ပိုခံရလိမ့်မယ်။+ ၂၃  ကပေရနောင်မြို့သားတို့၊+ ခင်ဗျားတို့ မိုးထိအောင် ချီးမြှောက်ခံရမယ်လို့များ ထင်နေသလား။ မဟုတ်ဘူး။ သင်္ချိုင်းအထိ ဆင်းသွားရမှာ။+ ခင်ဗျားတို့ကို ပြခဲ့တဲ့ တန်ခိုးကြီး လုပ်ရပ်တွေကို သောဒုံမြို့မှာသာ ပြခဲ့ရင် သောဒုံမြို့ဟာ အခုအချိန်ထိ ရှိနေဦးမှာ။ ၂၄  ကျွန်တော် ပြောမယ်။ တရားစီရင်ရာနေ့မှာ ခင်ဗျားတို့ဟာ သောဒုံနယ်ထက် ပိုခံရလိမ့်မယ်။”+ ၂၅  အဲဒီအချိန်မှာ ယေရှုက “မိုးမြေကို ပိုင်စိုးတဲ့အဖ၊ ဒီအကြောင်းအရာတွေကို ဉာဏ်ကြီးရှင်တွေ၊ ပညာတတ်တွေကို မဖော်ပြဘဲ ကလေးလို နှိမ့်ချသူတွေကို ဖော်ပြပေးတဲ့အတွက် အဖကို လူအများရှေ့မှာ ချီးမွမ်းပါတယ်။+ ၂၆  တကယ်လည်း ဒါဟာ အဖ အလိုရှိတဲ့အတိုင်းပါပဲ” လို့ ပြောတယ်။ ၂၇  ပြီးတော့ ယေရှုက “အဖဘုရားက ကျွန်တော့်ကို အရာခပ်သိမ်း အပ်နှင်းလိုက်ပြီ။+ သားဖြစ်သူ ကျွန်တော့်အကြောင်း ဂဃနဏ သိတာဆိုလို့ အဖဘုရားပဲ ရှိတယ်။+ အဖဘုရားအကြောင်း ဂဃနဏ သိတာဆိုလို့ သားဖြစ်သူ ကျွန်တော်နဲ့ ကျွန်တော် ဖော်ပြချင်သူတွေပဲ ရှိတယ်။+ ၂၈  ဝန်ပိလို့ ပင်ပန်းနေသူတို့၊ ကျွန်တော့်ဆီ လာကြပါ။ ခင်ဗျားတို့ကို လန်းဆန်းစေမယ်။ ၂၉  ကျွန်တော့်ထမ်းပိုးကို ထမ်းပြီး ကျွန်တော့်ဆီကနေ သင်ယူကြပါ။ ကျွန်တော်ဟာ နူးညံ့သိမ်မွေ့ပြီး စိတ်နှိမ့်ချတယ်။+ ခင်ဗျားတို့ လန်းဆန်းရလိမ့်မယ်။ ၃၀  ကျွန်တော့်ထမ်းပိုးဟာ ထမ်းလွယ်တယ်။ ဝန်လည်း ပေါ့ပါတယ်” လို့ ပြောတယ်။

အောက်ခြေမှတ်ချက်များ

မူရင်း၊ “ကျွန်တော်ကြောင့် တိုက်လဲစရာအကြောင်း မရှိတဲ့သူ။”
‘ပရောဖက်ကျမ်းနဲ့ ပညတ်ကျမ်း’ ဆိုတာ ဟီဘရူးကျမ်းစောင်အားလုံးကို ရည်ညွှန်း။