မဿဲ ၁၇:၁-၂၇
၁၇ ခြောက်ရက်ကြာတဲ့အခါ ယေရှုက ပေတရု၊ ယာကုပ်နဲ့ သူ့ညီ ယောဟန်တို့ကိုပဲ ခေါ်ပြီး အလွန်မြင့်တဲ့ တောင်ပေါ် တက်သွားတယ်။+
၂ အဲဒီနောက် သူတို့ရှေ့မှာ ယေရှု ကိုယ်ယောင်ပြောင်းသွားတယ်။ မျက်နှာက နေလိုထွန်းလင်းပြီး ဝတ်လုံဟာ အလင်းရောင်လို တောက်ပနေတယ်။+
၃ ရုတ်တရက် မောရှေနဲ့ဧလိယ ပေါ်လာပြီး ယေရှုနဲ့ စကားပြောတယ်။
၄ အဲဒီအခါ ပေတရုက “သခင်၊ ကျွန်တော်တို့ ဒီမှာ ရှိနေရတာ အခွင့်ထူးပါ။ သခင် ဆန္ဒရှိမယ်ဆိုရင် ဒီမှာ တဲသုံးလုံး ကျွန်တော် ဆောက်ပေးမယ်။ သခင့်အတွက် တစ်လုံး၊ မောရှေအတွက် တစ်လုံး၊ ဧလိယအတွက် တစ်လုံးပေါ့” လို့ ပြောလိုက်တယ်။
၅ အဲဒီလို ပြောနေတုန်း သူတို့ကို တောက်ပတဲ့ တိမ်တိုက် ဖုံးလွှမ်းသွားပြီး “သူဟာ ငါမြတ်နိုးတဲ့ ငါ့ရဲ့ ချစ်သားပဲ။+ သူ့စကားကို နားထောင်ကြ”+ ဆိုတဲ့အသံ တိမ်တိုက်ထဲကနေ ထွက်လာတယ်။
၆ ဒါကို ကြားတော့ တပည့်တွေ အလန့်တကြား ဖြစ်ပြီး ပျပ်ဝပ်လိုက်ကြတယ်။
၇ အဲဒီအခါ ယေရှုက အနားကိုလာ၊ သူတို့ကို လက်နဲ့ ပုတ်ပြီး “ထပါ။ မကြောက်ပါနဲ့” လို့ ပြောတယ်။
၈ သူတို့ မော့ကြည့်လိုက်တော့ ယေရှုကလွဲလို့ ဘယ်သူ့ကိုမှ မတွေ့ဘူး။
၉ တောင်ပေါ်ကနေ ပြန်ဆင်းလာတဲ့အခါ ယေရှုက “လူသား သေရာကနေ အသက်ပြန်ရှင်လာချိန် မတိုင်ခင် ဒီစိတ်အာရုံအကြောင်း ဘယ်သူ့ကိုမှ မပြောနဲ့” လို့ သူတို့ကို မှာတယ်။+
၁၀ အဲဒီနောက် သူတို့က “ဧလိယ အရင် ပေါ်ထွန်းမယ် ဆိုပြီး ကျမ်းတတ်တွေ ဘာလို့ ပြောတာလဲ” လို့ မေးတဲ့အခါ၊+
၁၁ ယေရှုက “ဧလိယ တကယ် ပေါ်ထွန်းလာမယ်။ အရာအားလုံးကို နဂိုအတိုင်း ဖြစ်အောင် သူလုပ်ပေးမယ်။+
၁၂ ဒါပေမဲ့ ကျွန်တော် ပြောမယ်။ ဧလိယ ပေါ်ထွန်းပြီးသွားပြီ။ လူတွေက သူ့ကို မသိတဲ့အတွက် သူ့ကို လုပ်ချင်သလို လုပ်ခဲ့ကြတယ်။+ အဲဒီလိုပဲ လူသားလည်း သူတို့လက်ချက်နဲ့ ဒုက္ခခံရလိမ့်မယ်”+ လို့ ပြန်ဖြေတယ်။
၁၃ အဲဒီအခါ နှစ်ခြင်းပေးသူ ယောဟန်အကြောင်း ပြောနေမှန်း သူတို့ သဘောပေါက်သွားတယ်။
၁၄ လူအုပ်ရှိရာကို သူတို့ ရောက်လာတဲ့အခါ+ လူတစ်ယောက်က ယေရှုဆီ လာပြီး ဒူးထောက်တယ်။
၁၅ ပြီးတော့ “သခင်၊ ကျွန်တော့်သားကို သနားပါဦး။ သူ့ခမျာ ဝက်ရူးပြန်ရောဂါ စွဲနေလို့ အခြေအနေ တော်တော်ဆိုးနေပါတယ်။ မီးထဲ လဲကျလိုက်၊ ရေထဲ လဲကျလိုက် ဖြစ်တတ်ပါတယ်။+
၁၆ သခင့်တပည့်တွေဆီ ခေါ်သွားပေမဲ့ သူတို့ မကုပေးနိုင်လို့ပါ” ဆိုပြီး အသနားခံတယ်။
၁၇ အဲဒီအခါ ယေရှုက “ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန်တဲ့ လူမျိုးဆက်၊+ ခင်ဗျားတို့နဲ့အတူ ကျွန်တော် ဘယ်လောက်ကြာကြာ ရှိနေရမှာလဲ။ ခင်ဗျားတို့ကို ဘယ်လောက်ကြာကြာ သည်းခံနေရမှာလဲ။ အဲဒီလူငယ်လေးကို ခေါ်လာခဲ့” လို့ ပြောတယ်။
၁၈ အဲဒီနောက် ယေရှုက နတ်ဆိုးကို ဆုံးမလိုက်တော့ နတ်ဆိုး ထွက်သွားပြီး အဲဒီအချိန်မှာပဲ လူငယ်လေး ရောဂါပျောက်သွားတယ်။+
၁၉ အဲဒီအခါ တပည့်တွေက ယေရှုကို သီးသန့် လာတွေ့ပြီး “ကျွန်တော်တို့ကျတော့ ဘာလို့ နတ်ဆိုးကို မနှင်ထုတ်နိုင်တာလဲ” ဆိုပြီးမေးတယ်။
၂၀ ယေရှုက “ခင်ဗျားတို့ ယုံကြည်ခြင်း နည်းနေတာကိုး။ ကျွန်တော် မှန်တာကို ပြောမယ်။ ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်းသာ မုန်ညင်းစေ့လောက်ရှိခဲ့ရင် ဒီတောင်ကို ‘ဟိုဘက်ကို ရွှေ့’ လို့ ပြောရင် ရွှေ့မှာပဲ။ ခင်ဗျားတို့ မတတ်နိုင်တာ ဘာမှ ရှိမှာ မဟုတ်ဘူး” လို့ ပြောတယ်။+
၂၁ *—
၂၂ ဂါလိလဲနယ်မှာ တပည့်တွေနဲ့အတူ ရှိနေတုန်း ယေရှုက “လူသားကို သစ္စာဖောက်ပြီး လူတွေလက်ထဲ အပ်ကြလိမ့်မယ်။+
၂၃ အသေသတ်ကြလိမ့်မယ်။ သုံးရက်မြောက်နေ့မှာ အသက်ပြန်ရှင်လာမယ်”+ လို့ ပြောတဲ့အခါ တပည့်တွေ သိပ်ဝမ်းနည်းသွားကြတယ်။
၂၄ ကပေရနောင်မြို့ကို ရောက်လာတော့ ဗိမာန်တော်အခွန်* ကောက်ခံသူတွေက ပေတရုကို “ခင်ဗျားတို့ဆရာက ဗိမာန်တော်အခွန် မပေးဘူးလား”+ လို့ မေးတယ်။
၂၅ ပေတရုက “ပေးပါတယ်” လို့ ပြန်ဖြေပြီး အိမ်ထဲ ဝင်လာတဲ့အခါ ယေရှုက “ရှိမုန်၊ ခင်ဗျား ဘယ်လို ထင်သလဲ။ ဘုရင်တွေက အခွန်အကောက် အမျိုးမျိုးကို ဘယ်သူ့ဆီကနေ ကောက်ခံသလဲ။ ကိုယ့်သားတွေဆီကနေလား၊ တခြားသူတွေဆီကနေလား” လို့ ဆီးပြီး မေးလိုက်တယ်။
၂၆ “တခြားသူတွေဆီကနေ ကောက်ပါတယ်” လို့ ပေတရု ဖြေတော့ ယေရှုက “မှန်တယ်၊ ဘုရင့်သားတွေက အခွန်ပေးစရာ မလိုဘူး။
၂၇ ဒါပေမဲ့ ကျွန်တော်တို့ကို သူတို့ စိတ်မခုရလေအောင်+ အိုင်ကို သွားပြီး ငါးမျှားခဲ့။ ဦးဆုံးမိတဲ့ ငါးရဲ့ပါးစပ်ထဲမှာ ငွေတစ်ပြား* တွေ့လိမ့်မယ်။ အဲဒီငွေကို ယူပြီး ကျွန်တော်နဲ့ ခင်ဗျားအတွက် အခွန်ပေးလိုက်ပါ” လို့ ပြောတယ်။
အောက်ခြေမှတ်ချက်များ
^ နောက်ဆက်တွဲ က၃ ကိုကြည့်။
^ မူရင်း၊ “ဒရက်မာနှစ်ပြား။” နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
^ မူရင်း၊ “သတာတဲ တစ်ပြား။” ဒရက်မာ လေးပြားနဲ့ညီ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။