မဿဲ ၂၁:၁-၄၆
၂၁ ယေရှုက ဂျေရုဆလင်မြို့အနီး၊ သံလွင်တောင်စောင်းမှာ ရှိတဲ့ ဗက်ဖာဂေရွာကို ရောက်လာတဲ့အခါ တပည့်နှစ်ယောက်ကို လွှတ်ပြီး၊+
၂ “ရှေ့မှာ မြင်နေရတဲ့ ရွာကို သွားကြ။ ရွာထဲ ဝင်တာနဲ့ ချည်ထားတဲ့ မြည်းမနဲ့ မြည်းကလေးကို တွေ့လိမ့်မယ်။ ကြိုးဖြေပြီး ဒီကို ဆွဲလာခဲ့။
၃ တစ်ယောက်ယောက် မေးလာရင် ‘သခင် အသုံးလိုလို့ပါ’ ဆိုပြီး ပြောလိုက်။ ဒါဆို ရှောရှောရှူရှူ လွှတ်ပေးလိမ့်မယ်” လို့ မှာတယ်။
၄ ဒါကြောင့် ပရောဖက်ကတစ်ဆင့် ပြောခဲ့တဲ့ ဒီစကားတွေ ပြည့်စုံလာတယ်–
၅ “‘မင်းရဲ့ ဘုရင်က ဝန်တင်တိရစ္ဆာန် မြည်းကလေးကို စီးပြီး+ နူးညံ့သိမ်မွေ့တဲ့စိတ်နဲ့+ မင်းဆီ လာနေတယ်’+ ဆိုပြီး ဇိအုန်သမီးပျိုကို ပြောကြပါ။”
၆ တပည့်တွေလည်း ယေရှု မှာတဲ့အတိုင်း လုပ်ကြတယ်။+
၇ မြည်းမနဲ့ မြည်းကလေးကို ဆွဲလာပြီး သူတို့ရဲ့ ဝတ်ရုံကို မြည်းကျောပေါ် ခင်းပေးတယ်။ ယေရှုက မြည်းကလေးကို စီးလာတယ်။+
၈ လူအများစုက သူတို့ရဲ့ ဝတ်ရုံတွေကို လမ်းပေါ် ဖြန့်ခင်းပေးတယ်။+ တချို့က သစ်ခက်တွေ ခုတ်ပြီး ခင်းပေးတယ်။
၉ ရှေ့နောက်လိုက်ပါလာတဲ့ လူအုပ်က “ဘုရားသခင်၊ ဒါဝိဒ်ရဲ့ သားကို ကယ်တင်ပေးပါ။+ ယေဟောဝါရဲ့* နာမည်နဲ့ ရောက်လာသူ ကောင်းချီး ခံစားရပါစေ။+ ကောင်းကင်မှာ စံမြန်းတဲ့အရှင်၊ ဒါဝိဒ်ရဲ့ သားကို ကယ်တင်ပေးပါ”+ လို့ ကြွေးကြော်ကြတယ်။
၁၀ ဂျေရုဆလင်မြို့ထဲ ယေရှု ဝင်လာတဲ့အခါ တစ်မြို့လုံး ရုတ်ရုတ်သဲသဲ ဖြစ်ပြီး “သူ ဘယ်သူလဲ” လို့ မေးကြတော့၊
၁၁ လူအုပ်က “ဂါလိလဲပြည်၊ နာဇရက်မြို့သား ပရောဖက်ယေရှုပဲ”+ ဆိုပြီး ဖြေကြတယ်။
၁၂ ယေရှုက ဗိမာန်တော်ထဲ ဝင်ပြီး အဲဒီမှာ ရောင်းဝယ်နေသူတွေကို မောင်းထုတ်လိုက်တယ်။ ငွေလဲလှယ်သူတွေရဲ့ စားပွဲတွေ၊ ချိုးငှက်ရောင်းသူတွေရဲ့ ခုံတွေကို မှောက်လှန်ပစ်တယ်။+
၁၃ ပြီးတော့ “‘ငါ့အိမ်ကို ဆုတောင်းရာအိမ်လို့ ခေါ်ကြမယ်’+ ဆိုပြီး ကျမ်းစာမှာ ရေးထားပေမဲ့ ခင်ဗျားတို့ကတော့ ဓားပြခိုအောင်းတဲ့နေရာ ဖြစ်စေကြပြီ”+ လို့ ပြောတယ်။
၁၄ မျက်မမြင်တွေ၊ ခြေမသန်သူတွေလည်း ဗိမာန်တော်ကို ရောက်လာတဲ့အတွက် သူတို့ကို ယေရှု ကုသပေးတယ်။
၁၅ ပုရောဟိတ်ကြီးတွေနဲ့ ကျမ်းတတ်တွေက ယေရှု လုပ်တဲ့ အံ့ဖွယ်အမှုတွေ၊ “ဘုရားသခင်၊ ဒါဝိဒ်ရဲ့ သားကို ကယ်တင်ပေးပါ”+ လို့ ဗိမာန်တော်မှာ ကြွေးကြော်နေတဲ့ ကလေးငယ်တွေကို မြင်တဲ့အခါ ဒေါသထွက်ပြီး၊+
၁၆ “ဒီကလေးတွေ ပြောနေတာကို ကြားရဲ့လား” လို့ မေးတယ်။ ယေရှုက “ကြားတာပေါ့။ ‘ကလေးငယ်တွေနဲ့ နို့စို့ကလေးတွေရဲ့ နှုတ်ကနေ ချီးမွမ်းစကား ထွက်စေတယ်’ ဆိုတဲ့စကားကို ခင်ဗျားတို့ မဖတ်ဖူးဘူးလား”+ လို့ ပြောတယ်။
၁၇ ပြီးတော့ အဲဒီမြို့ကနေ ထွက်ပြီး ဗေသနိရွာမှာ ညအိပ်တယ်။+
၁၈ မနက်စောစော မြို့ကို ပြန်လာကြတဲ့အခါ ယေရှု ဗိုက်ဆာလာတယ်။+
၁၉ လမ်းဘေးမှာ သဖန်းပင်တစ်ပင်ကို တွေ့လို့ သွားကြည့်လိုက်တော့ အရွက်တွေပဲ ရှိပြီး အသီးတစ်လုံးမှ မရှိဘူး။+ ဒါကြောင့် “နောင်ဘယ်တော့မှ အသီးမသီးစေနဲ့”+ လို့ ပြောလိုက်တဲ့အခါ သဖန်းပင် ချက်ချင်း ခြောက်သွားတယ်။
၂၀ ဒါကို မြင်တဲ့အခါ တပည့်တွေက “ဒီသဖန်းပင်က ဘယ်လိုလုပ် ချက်ချင်း ခြောက်သွားတာလဲ” ဆိုပြီး တအံ့တသြ ဖြစ်နေကြတယ်။+
၂၁ အဲဒီအခါ ယေရှုက “ကျွန်တော် မှန်တာကို ပြောမယ်။ ခင်ဗျားတို့သာ ယုံကြည်ခြင်း ရှိမယ်၊ သံသယစိတ် ကင်းမယ်ဆိုရင် သဖန်းပင်ကို ကျွန်တော် လုပ်သလို လုပ်နိုင်မယ်။ ဒါ့အပြင် ဒီတောင်ကို ‘နေရာကနေ ရွေ့ပြီး ပင်လယ်ထဲ ကျစေ’ လို့ ပြောရင်တောင် အဲဒီအတိုင်း ဖြစ်လိမ့်မယ်။+
၂၂ ယုံကြည်ခြင်းအပြည့်နဲ့ ဆုတောင်းရင် တောင်းသမျှ ရလိမ့်မယ်”+ လို့ ပြန်ပြောတယ်။
၂၃ ယေရှုက ဗိမာန်တော်ထဲ ဝင်ပြီး သွန်သင်တဲ့အခါ ပုရောဟိတ်ကြီးတွေနဲ့ အကြီးအကဲတွေက “ဘာအခွင့်အာဏာနဲ့ ဒါတွေကို လုပ်တာလဲ။ ခင်ဗျားကို ဘယ်သူ အခွင့်အာဏာ ပေးထားလို့လဲ”+ ဆိုပြီး လာမေးကြတယ်။
၂၄ အဲဒီအခါ ယေရှုက “ကျွန်တော်လည်း တစ်ခုလောက် မေးချင်တယ်။ ခင်ဗျားတို့ ဖြေနိုင်ရင် ဘာအခွင့်အာဏာနဲ့ ဒါတွေကို လုပ်တယ်ဆိုတာ ပြောပြမယ်။
၂၅ ယောဟန်က ဘယ်သူ့အခွင့်အာဏာနဲ့ နှစ်ခြင်းပေးတာလဲ။ ဘုရားဆီကလား၊* လူတွေဆီကလား” ဆိုပြီး မေးတယ်။ သူတို့က “‘ဘုရားဆီက’ လို့ ငါတို့ ဖြေရင် ‘ယောဟန်ကို ဘာလို့ မယုံတာလဲ’+ ဆိုပြီး သူမေးဦးမယ်။
၂၆ ‘လူတွေဆီက’ လို့ ဖြေပြန်ရင်လည်း ယောဟန်ကို ပရောဖက်လို့ ယူမှတ်နေတဲ့ လူတွေကို ကြောက်ရတယ်” ဆိုပြီး အချင်းချင်း တိုင်ပင်တယ်။
၂၇ ဒါနဲ့ “မသိဘူး” လို့ ဖြေကြတော့ ယေရှုက “ကျွန်တော်လည်း ဘာအခွင့်အာဏာနဲ့ ဒါတွေကို လုပ်တယ်ဆိုတာ ခင်ဗျားတို့ကို မပြောပြဘူး” လို့ ပြောလိုက်တယ်။
၂၈ “ခင်ဗျားတို့ ဘယ်လို ထင်ကြသလဲ။ လူတစ်ယောက်မှာ သားနှစ်ယောက် ရှိတယ်။ သူက သားကြီးကို ‘သား၊ ဒီနေ့ စပျစ်ခြံမှာ အလုပ် သွားလုပ်ပါ’ လို့ ခိုင်းတော့၊
၂၉ သားကြီးက ‘မသွားဘူး’ လို့ ပြောတယ်။ နောက်မှ နောင်တရပြီး စပျစ်ခြံဆီ ထွက်သွားတယ်။
၃၀ သားငယ်ဆီ သွားပြီး အဲဒီအတိုင်း ခိုင်းတဲ့အခါ ‘ဟုတ်ကဲ့’ လို့ ပြောပေမဲ့ မသွားဘူး။
၃၁ အဲဒီသားနှစ်ယောက်ထဲမှာ ဘယ်သူက အဖေ့စကား နားထောင်သလဲ” လို့ ယေရှု မေးတော့ သူတို့က “သားကြီးပါ” လို့ ဖြေကြတယ်။ ဒါနဲ့ ယေရှုက “ကျွန်တော် မှန်တာကို ပြောမယ်။ အခွန်ခံတွေ၊ ပြည့်တန်ဆာတွေက ခင်ဗျားတို့ထက်အရင် ဘုရားသခင့်နိုင်ငံကို ဝင်ကြလိမ့်မယ်။
၃၂ ယောဟန် ရောက်လာပြီး ဖြောင့်မတ်ခြင်းတရားလမ်းကို ပြညွှန်ပေမဲ့ သူ့ကို ခင်ဗျားတို့ မယုံကြည်ဘူး။ အခွန်ခံတွေ၊ ပြည့်တန်ဆာတွေကတော့ ယုံကြည်တယ်။+ ဒါကို ခင်ဗျားတို့ မြင်ပြီးနောက်မှာတောင် မယုံကြည်ကြဘူး။ နောင်တမရကြဘူး။
၃၃ “နောက်ပုံဥပမာကို နားထောင်ကြပါ– မြေရှင်တစ်ယောက်က စပျစ်ခြံကို စိုက်ပျိုးပြီး+ ခြံစည်းရိုးခတ်တယ်။ စပျစ်သီးနယ်ရာ ကျင်းကို တူးပြီး လင့်စင်ဆောက်တယ်။+ ပြီးတော့ ခြံလုပ်သားတွေကို သီးစားချပြီးတဲ့နောက် ခရီးထွက်သွားတယ်။+
၃၄ အသီးခူးချိန် ရောက်တဲ့အခါ ခြံလုပ်သားတွေဆီ ကျွန်တွေ လွှတ်ပြီး သီးစားခ တောင်းခိုင်းတယ်။
၃၅ ဒါပေမဲ့ ခြံလုပ်သားတွေက ကျွန်တွေကိုဖမ်းပြီး တစ်ယောက်ကို ရိုက်တယ်။ နောက်တစ်ယောက်ကို သတ်ပစ်တယ်။ နောက်တစ်ယောက်ကိုကျတော့ ခဲနဲ့ပေါက်သတ်တယ်။+
၃၆ ခြံပိုင်ရှင်လည်း အရင်ထက် ပိုများတဲ့ ကျွန်တွေကို ထပ်လွှတ်တဲ့အခါ ခြံလုပ်သားတွေက အရင်အတိုင်းပဲ လုပ်ကြတယ်။+
၃၇ နောက်ဆုံး၊ ခြံပိုင်ရှင်က ‘ငါ့သားကိုတော့ လေးစားကြမှာပါ’ လို့ တွေးပြီး သားကို လွှတ်လိုက်တယ်။
၃၈ ခြံလုပ်သားတွေက သားကို မြင်တော့ ‘ဒီခြံကို အမွေဆက်ခံမယ့်သူပဲ။+ သူ့ကို သတ်ပစ်ရအောင်။ ဒါဆို သူ့အမွေကို ငါတို့ ရပြီ’ လို့ တိုင်ပင်ကြတယ်။
၃၉ ဒါနဲ့ သူ့ကို ဖမ်း၊ ခြံပြင် ဆွဲထုတ်ပြီး သတ်လိုက်တယ်။+
၄၀ ခြံပိုင်ရှင် ရောက်လာတဲ့အခါ ခြံလုပ်သားတွေကို ဘာလုပ်မလဲ” လို့ မေးတယ်။
၄၁ ပုရောဟိတ်ကြီးတွေနဲ့ အကြီးအကဲတွေက “ဒီလူယုတ်မာတွေကို သတ်ပစ်မှာပေါ့။ စပျစ်ခြံကိုတော့ အသီးခူးချိန်မှာ သီးစားခ ပေးမယ့် တခြားခြံလုပ်သားတွေဆီ ငှားပါလိမ့်မယ်” လို့ ဖြေကြတယ်။
၄၂ ယေရှုက “‘တိုက်ကို တည်ဆောက်သူတွေ ပယ်ထားတဲ့ ကျောက်ဟာ ထိပ်ဆုံးက ထောင့်ချုပ်ကျောက် ဖြစ်လာပြီ။+ ဒီကျောက်ဟာ ယေဟောဝါ* ဆီက လာတယ်။ ငါတို့အမြင်မှာ အံ့သြစရာပဲ’+ ဆိုတဲ့ ကျမ်းစကားကို မဖတ်ဖူးဘူးလား။
၄၃ ကျွန်တော် ပြောမယ်။ ဘုရားသခင့် နိုင်ငံတော်ကို ခင်ဗျားတို့ဆီကနေ ရုပ်သိမ်းပြီး သီးပွင့်ဖြစ်ထွန်းမယ့် လူမျိုးကို အပ်လိမ့်မယ်။
၄၄ လူတစ်ယောက်က ဒီကျောက်ပေါ်ကျရင် သူ အပိုင်းပိုင်း ကျိုးလိမ့်မယ်။+ ဒီကျောက်က သူ့အပေါ်ကျရင် သူ ညက်ညက်ကြေလိမ့်မယ်”+ လို့ ပြောတယ်။
၄၅ ပုရောဟိတ်ကြီးတွေ၊ ဖာရိရှဲတွေက ယေရှု ပြောတဲ့ ပုံဥပမာတွေကို ကြားတဲ့အခါ သူတို့ကို ပြောနေမှန်း ရိပ်မိတယ်။+
၄၆ ယေရှုကို ဖမ်းချင်ပေမဲ့ သူ့ကို ပရောဖက်လို့ ယူမှတ်နေတဲ့ လူအုပ်ကို ကြောက်နေတယ်။+
အောက်ခြေမှတ်ချက်များ
^ နောက်ဆက်တွဲ က၅ ကိုကြည့်။
^ မူရင်း၊ “ကောင်းကင်ကလား။”
^ နောက်ဆက်တွဲ က၅ ကိုကြည့်။