မဿဲ ၂၃:၁-၃၉
၂၃ အဲဒီနောက် ယေရှုက လူအုပ်နဲ့ တပည့်တွေကို အခုလိုပြောတယ်–
၂ “ကျမ်းတတ်နဲ့ ဖာရိရှဲတွေဟာ မောရှေ ရတဲ့ အခွင့်အာဏာမျိုးကို ရယူထားကြတယ်။
၃ ဒါကြောင့် သူတို့ ပြောသမျှကို လိုက်နာပါ။ ဒါပေမဲ့ သူတို့ လုပ်သလို လိုက်မလုပ်ပါနဲ့။ သူတို့က ပြောပေမဲ့ ကိုယ်တိုင် မလုပ်ဘူး။+
၄ လေးလံတဲ့ ဝန်တွေ ထုပ်ပိုးပြီး တခြားသူရဲ့ ပခုံးပေါ် တင်တတ်တယ်။+ ကိုယ်တိုင်ကျတော့ လက်ဖျားနဲ့တောင် မထိချင်ဘူး။+
၅ လူမြင်ကောင်းအောင်ပဲ သူတို့ လုပ်တတ်တယ်။+ အဆောင်လက်ဖွဲ့တွေကို* အကြီးကြီး လုပ်ပြီးတပ်ကြတယ်။+ ဝတ်လုံအမြိတ်တွေကိုလည်း အရှည်ကြီး ထားတတ်တယ်။+
၆ စားသောက်ပွဲဆိုရင် အထင်ပေါ်ဆုံး နေရာမှာ၊ တရားဇရပ်ဆိုရင် ရှေ့ဆုံးခုံမှာ ထိုင်ချင်တယ်။+
၇ စျေးမှာ ရိုရိုသေသေ နှုတ်ဆက်တာကို ခံချင်တယ်။ ဆရာ* လို့ အခေါ်ခံချင်တယ်။
၈ ခင်ဗျားတို့ကတော့ ဆရာလို့ အခေါ်မခံကြနဲ့။ ခင်ဗျားတို့မှာ ဆရာတစ်ယောက်ပဲ ရှိတယ်။+ ခင်ဗျားတို့အားလုံးဟာ ညီအစ်ကိုတွေပဲ။
၉ ပြီးတော့ ကမ္ဘာမြေပေါ်မှာ ဘယ်သူ့ကိုမှ အဖလို့ မခေါ်နဲ့။ ခင်ဗျားတို့မှာ ကောင်းကင်အဖ တစ်ပါးပဲ ရှိတယ်။+
၁၀ ခေါင်းဆောင်လို့လည်း အခေါ်မခံကြနဲ့။ ခင်ဗျားတို့မှာ ခရစ်တော်ဆိုတဲ့ ခေါင်းဆောင်တစ်ယောက်ပဲ ရှိတယ်။
၁၁ ခင်ဗျားတို့ထဲက အကြီးမြတ်ဆုံး ဖြစ်သူဟာ အစေခံ ဖြစ်ရမယ်။+
၁၂ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်တဲ့သူဟာ နှိမ့်ချခံရမယ်။+ နှိမ့်ချတဲ့သူကတော့ ချီးမြှောက်ခံရမယ်။+
၁၃ “သူတော်ကောင်း ယောင်ဆောင်တဲ့ ကျမ်းတတ်နဲ့ ဖာရိရှဲတို့၊ အဖြစ်ဆိုး ကြုံရလိမ့်မယ်။ ခင်ဗျားတို့က ကောင်းကင်နိုင်ငံရဲ့ တံခါးကို လူတွေ မဝင်နိုင်အောင် ပိတ်ထားကြတယ်။ ကိုယ်တိုင် မဝင်ဘူး၊ ဝင်မယ့်သူတွေကိုလည်း ဝင်ခွင့်မပေးဘူး။+
၁၄ *—
၁၅ “သူတော်ကောင်း ယောင်ဆောင်တဲ့+ ကျမ်းတတ်နဲ့ ဖာရိရှဲတို့၊ အဖြစ်ဆိုး ကြုံရလိမ့်မယ်။ ခင်ဗျားတို့က လူတစ်ယောက် ဘာသာပြောင်းဝင်လာအောင် ကုန်းတစ်တန်၊ ရေတစ်တန် သွားတတ်ကြတယ်။ ဘာသာပြောင်းဝင်လာတဲ့အခါ ကိုယ့်ထက် နှစ်ဆ ဂေဟင်နာ* ရောက်ထိုက်သူ ဖြစ်စေကြတယ်။
၁၆ “မျက်ကန်းလမ်းပြတို့၊+ အဖြစ်ဆိုး ကြုံရလိမ့်မယ်။ ‘ဗိမာန်တော်ကို တိုင်တည်ပြီး သစ္စာဆိုရင် အတည်မဖြစ်ဘူး။ ဗိမာန်တော်မှာရှိတဲ့ ရွှေကိုတိုင်တည်ပြီး သစ္စာဆိုရင်တော့ အတည်ဖြစ်တယ်’+ လို့ ခင်ဗျားတို့ ပြောတတ်ကြတယ်။
၁၇ အသိဉာဏ်မဲ့တဲ့ မျက်ကန်းတို့၊ ဘယ်ဟာ ပိုအရေးကြီးသလဲ။ ရွှေလား။ ရွှေဆက်ကပ်ထားတဲ့ ဗိမာန်တော်လား။
၁၈ ‘ပူဇော်ရာပလ္လင်ကို တိုင်တည်ပြီး သစ္စာဆိုရင် အတည်မဖြစ်ဘူး။ ပူဇော်ရာပလ္လင်ပေါ်က အလှူကို တိုင်တည်ပြီး သစ္စာဆိုရင်တော့ အတည်ဖြစ်တယ်’ လို့ ခင်ဗျားတို့ ပြောသေးတယ်။
၁၉ မျက်ကန်းတို့၊ ဘယ်ဟာ ပိုအရေးကြီးသလဲ။ အလှူလား။ အလှူဆက်ကပ်ထားတဲ့ ပူဇော်ရာပလ္လင်လား။
၂၀ ဒါကြောင့် ပူဇော်ရာပလ္လင်ကို တိုင်တည်ပြီး သစ္စာဆိုတာဟာ ပူဇော်ရာပလ္လင်ကိုရော ပလ္လင်ပေါ်မှာ ရှိတဲ့အရာတွေကိုပါ တိုင်တည်ပြီး သစ္စာဆိုတာပဲ။
၂၁ ဗိမာန်တော်ကို တိုင်တည်ပြီး သစ္စာဆိုတာဟာ ဗိမာန်တော်ကိုရော ဗိမာန်တော်မှာ စံမြန်းတဲ့ဘုရားကိုပါ တိုင်တည်ပြီး သစ္စာဆိုတာပဲ။+
၂၂ ကောင်းကင်ကို တိုင်တည်ပြီး သစ္စာဆိုတာဟာ ဘုရားသခင်ရဲ့ ရာဇပလ္လင်ကိုရော ပလ္လင်ပေါ် စံမြန်းတဲ့ အရှင်ကိုပါ တိုင်တည်ပြီး သစ္စာဆိုတာပဲ။
၂၃ “သူတော်ကောင်း ယောင်ဆောင်တဲ့ ကျမ်းတတ်နဲ့ ဖာရိရှဲတို့၊ အဖြစ်ဆိုး ကြုံရလိမ့်မယ်။ ခင်ဗျားတို့က ပင်စိမ်း၊ စမုန်စပါး၊ ဇီရာကို ဆယ်ဖို့တစ်ဖို့+ ပေးလှူပေမဲ့ တရားမျှတတာ၊+ သနားကရုဏာ ပြတာ၊+ သစ္စာရှိတာစတဲ့ ပညတ်ကျမ်းထဲက ပိုအရေးကြီးတဲ့ အချက်တွေကိုတော့ လျစ်လျူရှုထားကြတယ်။ ဆယ်ဖို့တစ်ဖို့ ပေးရမှာ မှန်ပေမဲ့ အဲဒီအချက်တွေကိုလည်း လျစ်လျူမရှုသင့်ဘူး။+
၂၄ မျက်ကန်းလမ်းပြတို့၊+ ခင်ဗျားတို့ဟာ ခြင်ကို+ စစ်ထုတ်ပေမဲ့ ကုလားအုတ်ကိုတော့+ မျိုချနေပါလား။
၂၅ “သူတော်ကောင်း ယောင်ဆောင်တဲ့ ကျမ်းတတ်နဲ့ ဖာရိရှဲတို့၊ အဖြစ်ဆိုး ကြုံရလိမ့်မယ်။ ခင်ဗျားတို့က အိုးခွက်အပြင်ဘက်ကို ဆေးကြောပေမဲ့+ အတွင်းမှာတော့ လောဘတွေ၊+ စိတ်အလိုလိုက်တာတွေနဲ့ ပြည့်နေတယ်။+
၂၆ မျက်ကန်း ဖာရိရှဲတို့၊ အိုးခွက်အတွင်းဘက်ကို အရင် ဆေးကြောပါ။ ဒါမှ အပြင်ဘက်လည်း သန့်ရှင်းလာမှာပေါ့။
၂၇ “သူတော်ကောင်း ယောင်ဆောင်တဲ့+ ကျမ်းတတ်နဲ့ ဖာရိရှဲတို့၊ အဖြစ်ဆိုး ကြုံရလိမ့်မယ်။ ခင်ဗျားတို့ဟာ ထုံးဖြူ သုတ်ထားတဲ့ သင်္ချိုင်းဂူနဲ့ တူတယ်။+ အပြင်ဘက်မှာ လှပနေပေမဲ့ အတွင်းမှာတော့ လူသေအရိုး၊ မသန့်ရှင်းတာတွေနဲ့ပဲ ပြည့်နေတယ်။
၂၈ အလားတူ၊ ခင်ဗျားတို့ဟာ အပြင်ပန်းမှာတော့ ဖြောင့်မတ်သလိုလိုနဲ့ အတွင်းမှာတော့ သူတော်ကောင်း ယောင်ဆောင်တာ၊ မတရားတာတွေနဲ့ပဲ ပြည့်နေတယ်။+
၂၉ “သူတော်ကောင်း ယောင်ဆောင်တဲ့+ ကျမ်းတတ်နဲ့ ဖာရိရှဲတို့၊ အဖြစ်ဆိုး ကြုံရလိမ့်မယ်။ ခင်ဗျားတို့က ပရောဖက်တွေရဲ့ သင်္ချိုင်းဂူတွေကို ဆောက်ပြီး ဖြောင့်မတ်သူတွေရဲ့ သင်္ချိုင်းဂူတွေကို အလှဆင်ကြတယ်။+
၃၀ ‘ဘိုးဘေးတွေလက်ထက်မှာ ကျုပ်တို့ အသက်ရှင်ခဲ့ရင် ပရောဖက်တွေကို သွေးမြေကျစေတဲ့အမှုမှာ ကျုပ်တို့ ပါမှာ မဟုတ်ဘူး’ လို့ ပြောတတ်ကြတယ်။
၃၁ ခင်ဗျားတို့ဟာ ပရောဖက်တွေကို သတ်တဲ့သူတွေရဲ့ သားမြေးပဲဆိုတာ ကိုယ်တိုင် သက်သေခံနေတာပဲ။+
၃၂ ဒီတော့ ဘိုးဘေးတွေ စခဲ့တဲ့အမှုကို ခင်ဗျားတို့ လက်စသတ်ပေတော့။
၃၃ “မြွေဆိုးအမျိုးတို့၊+ ခင်ဗျားတို့က ဂေဟင်နာ*+ အရပ်မှာ ပြစ်ဒဏ်စီရင်မခံရဘဲ လွတ်နိုင်ပါ့မလား။
၃၄ ဒါကြောင့် ပရောဖက်တွေ၊+ ပညာရှိတွေ၊ သွန်သင်သူတွေကို+ ခင်ဗျားတို့ဆီ ကျွန်တော် စေလွှတ်မယ်။ တချို့ကို ခင်ဗျားတို့ သတ်ပစ်မယ်။+ တချို့ကို သစ်တိုင်ပေါ် တင်လိမ့်မယ်။ တချို့ကို တရားဇရပ်တွေမှာ ရိုက်နှက်မယ်။+ တချို့ကို တစ်မြို့ပြီးတစ်မြို့ လိုက်လံညှဉ်းဆဲကြလိမ့်မယ်။+
၃၅ ဒီတော့ ဖြောင့်မတ်တဲ့ အာဗေလကအစ+ သန့်ရှင်းရာဌာနနဲ့ ပူဇော်ရာပလ္လင်ကြားမှာ အသတ်ခံရတဲ့ ဗာရခိရဲ့ သား ဇာခရိအဆုံး ကမ္ဘာပေါ်မှာရှိတဲ့ ဖြောင့်မတ်သူမှန်သမျှ သွေးမြေကျခဲ့တဲ့ အပြစ်ဟာ ခင်ဗျားတို့အပေါ် ရောက်လာလိမ့်မယ်။+
၃၆ ကျွန်တော် မှန်တာကို ပြောမယ်။ ဒီလူမျိုးဆက်ဟာ အဲဒီအပြစ်တွေအတွက် ပြစ်ဒဏ်ခံရလိမ့်မယ်။
၃၇ “ဂျေရုဆလင်မြို့၊ ဂျေရုဆလင်မြို့၊ မင်းဟာ ပရောဖက်တွေကို သတ်တဲ့မြို့၊ ဘုရား လွှတ်လိုက်တဲ့သူတွေကို ခဲနဲ့ပေါက်တဲ့မြို့ပဲ။+ ကြက်မက ကြက်ပေါက်လေးတွေကို အတောင်အောက်မှာ စုသိမ်းသလို မင်းရဲ့သားသမီးတွေကို စုသိမ်းဖို့ ငါအကြိမ်ကြိမ် ကြိုးစားသေးတယ်။ ဒါပေမဲ့ မင်းကမှ လက်မခံတာ။+
၃၈ မင်းရဲ့အိမ်တော်ဟာ စွန့်ပစ်ခံရလိမ့်မယ်။+
၃၉ ငါပြောမယ်။ ‘ယေဟောဝါရဲ့* နာမည်နဲ့ ရောက်လာသူ ကောင်းချီးခံစားရပါစေ’+ လို့ မင်း မပြောမချင်း အခုကစပြီး ငါ့ကို လုံးဝ မြင်ရမှာ မဟုတ်ဘူး။”
အောက်ခြေမှတ်ချက်များ
^ ကျမ်းချက်တွေ ရေးထည့်ထားတဲ့ ဘူးငယ်။ နဖူးနဲ့ ဘယ်လက်မောင်းမှာ ဂျူးအမျိုးသားတွေ ချည်ထားလေ့ရှိ။
^ မူရင်း၊ “ရဗ္ဗိ။”
^ နောက်ဆက်တွဲ က၃ ကိုကြည့်။
^ နောက်ဆက်တွဲ က၅ ကိုကြည့်။