မဿဲ ၂၈:၁-၂၀
၂၈ ဥပုသ်နေ့အကုန် သီတင်းပတ်ရဲ့ ပထမနေ့ မိုးလင်းခါစမှာ မာရိနဲ့ မာဂဒလမာရိက သင်္ချိုင်းဂူကို သွားကြည့်တယ်။+
၂ အဲဒီအချိန်မှာ အကြီးအကျယ် ငလျင်လှုပ်တယ်။ ယေဟောဝါရဲ့* ကောင်းကင်တမန်က ကောင်းကင်ကနေ ဆင်းလာတယ်။ ဂူဝမှာ ပိတ်နေတဲ့ ကျောက်တုံးကြီးကို လှိမ့်ဖယ်ပြီး အဲဒီကျောက်တုံးပေါ်မှာ ထိုင်နေတယ်။+
၃ သူ့ပုံစံက လျှပ်စီးလက်သလို တောက်ပနေတယ်။ အဝတ်ဟာ နှင်းလို ဖြူဖွေးနေတယ်။+
၄ အစောင့်စစ်သည်တွေ ကြောက်ဒူးတုန်ပြီး ကြက်သေသေနေကြတယ်။
၅ ကောင်းကင်တမန်က အမျိုးသမီးတွေကို “မကြောက်ပါနဲ့။ သစ်တိုင်ပေါ်မှာ ကွပ်မျက်ခံရတဲ့ ယေရှုကို ခင်ဗျားတို့ ရှာနေမှန်း ကျွန်တော် သိတယ်။+
၆ သူ ဒီနေရာမှာ မရှိဘူး။ သူပြောခဲ့တဲ့အတိုင်းပဲ အသက်ပြန်ရှင်လာပြီ။+ အလောင်းထားတဲ့နေရာကို လာကြည့်ပါ။
၇ ‘သူ သေရာကနေ အသက်ပြန်ရှင်လာပြီ။ ဂါလိလဲနယ်ကို အရင် သွားနှင့်ပြီ။+ အဲဒီမှာ သူ့ကို တွေ့ရလိမ့်မယ်’ ဆိုပြီး တပည့်တွေကို အမြန် သွားပြောလိုက်။ ဒီအကြောင်း ပြောဖို့ ကျွန်တော် လာခဲ့တာ” လို့ ပြောတယ်။+
၈ အမျိုးသမီးတွေက သင်္ချိုင်းဂူကနေ အမြန် ထွက်သွားတယ်။ သူတို့ ကြောက်နေပေမဲ့ တပည့်တွေကို ပြောပြဖို့ ဝမ်းသာအားရ ပြေးသွားတယ်။+
၉ သူတို့ကို တွေ့တဲ့အခါ ယေရှုက “မင်္ဂလာပါ” လို့ နှုတ်ဆက်တယ်။ သူတို့လည်း ယေရှုအနားကို သွား၊ ခြေထောက်ကို ဖက်ပြီး ဦးညွှတ်ကြတယ်။
၁၀ ယေရှုက “မကြောက်ပါနဲ့။ ဂါလိလဲနယ်ကို သွားဖို့ ကျွန်တော့်ညီအစ်ကိုတွေကို ပြောလိုက်ပါ။ အဲဒီမှာ ကျွန်တော့်ကို တွေ့ရလိမ့်မယ်” လို့ ပြောတယ်။
၁၁ အဲဒီအမျိုးသမီးတွေ သွားနေတုန်း အစောင့်စစ်သည်တချို့က+ မြို့ထဲ ဝင်ပြီး ပုရောဟိတ်ကြီးတွေကို ဖြစ်ကြောင်းကုန်စင် ပြောပြတယ်။
၁၂ ပုရောဟိတ်ကြီးတွေက အကြီးအကဲတွေနဲ့ တိုင်ပင်တယ်။ အဲဒီနောက် စစ်သည်တွေကို ငွေတွေ ပုံပေးပြီး၊
၁၃ “‘ညမှာ ကျွန်တော်တို့ အိပ်ပျော်နေတုန်း သူ့တပည့်တွေ အလောင်းကို လာခိုးသွားတယ်’+ လို့ ပြောကြ။
၁၄ ဒီသတင်း ဘုရင်ခံနားထဲ ပေါက်ကြားသွားရင် မင်းတို့ အမှုမပတ်အောင် ကျုပ်တို့ ကြည့်ပြောပေးမယ်” လို့ မှာတယ်။
၁၅ စစ်သည်တွေလည်း ငွေကို ယူပြီး မှာထားတဲ့အတိုင်း ပြောကြတယ်။ ဂျူးတွေအလယ်မှာ အဲဒီသတင်း ပျံ့သွားတာ ဒီနေ့အထိပဲ။
၁၆ တပည့် ၁၁ ယောက်ကတော့ ယေရှု ချိန်းထားတဲ့အတိုင်း ဂါလိလဲနယ်မှာရှိတဲ့+ တောင်ပေါ်ကို သွားကြတယ်။+
၁၇ ယေရှုကို တွေ့တဲ့အခါ တပည့်တွေ ဦးညွှတ်ကြတယ်။ တချို့ကတော့ သံသယဝင်နေတယ်။
၁၈ ယေရှုက တပည့်တွေအနား သွားပြီး “ကောင်းကင်မှာရော မြေကြီးမှာပါ အခွင့်အာဏာ ရှိသမျှကို ကျွန်တော့်ကို ပေးထားပြီ။+
၁၉ ဒါကြောင့် လူမျိုးတကာဆီ+ သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။ အဖဘုရားရဲ့ နာမည်၊ သားတော်ရဲ့ နာမည်၊ သန့်ရှင်းသော စွမ်းအားတော်ရဲ့ နာမည်နဲ့ နှစ်ခြင်းပေးကြပါ။+
၂၀ ကျွန်တော် မိန့်မှာထားသမျှကို လိုက်နာဖို့ သွန်သင်ပေးကြပါ။+ လောကစနစ်နိဂုံးပိုင်း*+ အထိ ခင်ဗျားတို့နဲ့အတူ ကျွန်တော် အမြဲ ရှိနေမယ်” လို့ ပြောတယ်။