မဿဲ ၅:၁-၄၈
-
တောင်ပေါ်ဒေသနာ (၁-၄၈)
-
တောင်ပေါ်မှာ ယေရှု စတင်ဟောပြောသွန်သင် (၁၊ ၂)
-
ပျော်ရွှင်ချမ်းမြေ့မှု ကိုးမျိုး (၃-၁၂)
-
ဆားနဲ့ အလင်း (၁၃-၁၆)
-
ပညတ်ကျမ်းကို ယေရှု ပြည့်စုံစေ (၁၇-၂၀)
-
ဒေါသထွက်ခြင်း (၂၁-၂၆)၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်း (၂၇-၃၀)၊ ကွာရှင်းခြင်း (၃၁၊ ၃၂)၊ ကျိန်ဆိုခြင်း (၃၃-၃၇)၊ လက်စားချေခြင်း (၃၈-၄၂)၊ ရန်သူကို ချစ်ခြင်းတို့အတွက် အကြံဉာဏ် (၄၃-၄၈)
-
၅ ယေရှုက လူအုပ်ကို မြင်တော့ တောင်ပေါ် တက်သွားပြီး ထိုင်လိုက်တဲ့အခါ တပည့်တွေ အနားလာကြတယ်။
၂ အဲဒီအခါ သူတို့ကို စတင် ဟောပြောသွန်သင်တယ်။
၃ “ဘုရားသခင်ကို မှီခိုဖို့ လိုအပ်မှန်း သိမြင်သူတွေ* ပျော်ရွှင်ချမ်းမြေ့တယ်။+ ကောင်းကင်နိုင်ငံဟာ သူတို့အတွက် ဖြစ်လိမ့်မယ်။
၄ “ဝမ်းနည်းပူဆွေးသူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။ သူတို့ နှစ်သိမ့်မှု ရလိမ့်မယ်။+
၅ “နူးညံ့သိမ်မွေ့သူတွေ+ ပျော်ရွှင်ချမ်းမြေ့တယ်။ ကမ္ဘာမြေကို သူတို့ အမွေရလိမ့်မယ်။”+
၆ “ဖြောင့်မှန်တာကို လုပ်ချင်စိတ် ပြင်းပြသူတွေ*+ ပျော်ရွှင်ချမ်းမြေ့တယ်။ သူတို့ ဆန္ဒပြည့်ဝလိမ့်မယ်။+
၇ “သနားကြင်နာတတ်သူတွေ+ ပျော်ရွှင်ချမ်းမြေ့တယ်။ သူတို့ သနားကြင်နာခံရလိမ့်မယ်။
၈ “စိတ်ထားဖြူစင်သူတွေ+ ပျော်ရွှင်ချမ်းမြေ့တယ်။ ဘုရားသခင်ကို သူတို့ မြင်ရလိမ့်မယ်။
၉ “ငြိမ်သက်မှု ရှိအောင် လုပ်ဆောင်သူတွေ+ ပျော်ရွှင်ချမ်းမြေ့တယ်။ ဘုရားသခင်ရဲ့ သားတွေ လို့ အခေါ်ခံရလိမ့်မယ်။
၁၀ “ဖြောင့်မှန်ရာကို လုပ်တဲ့အတွက် နှိပ်စက်ခံရသူတွေ+ ပျော်ရွှင်ချမ်းမြေ့တယ်။ ကောင်းကင်နိုင်ငံဟာ သူတို့အတွက် ဖြစ်လိမ့်မယ်။
၁၁ “ခင်ဗျားတို့ဟာ ကျွန်တော့်ကြောင့် ကဲ့ရဲ့+ ညှဉ်းဆဲခံရတဲ့အခါ၊+ မဟုတ်မမှန် စွပ်စွဲခံရတဲ့အခါ ပျော်ရွှင်ချမ်းမြေ့တယ်။+
၁၂ ကောင်းကင်မှာ ခင်ဗျားတို့ ရမယ့် ဆုဟာ+ ကြီးမြတ်တဲ့အတွက် ဝမ်းမြောက်ရွှင်လန်းကြပါ။+ အရင်က ပရောဖက်တွေလည်း ဒီလိုပဲ ညှဉ်းဆဲခံခဲ့ရတယ်။+
၁၃ “ခင်ဗျားတို့ဟာ လောကရဲ့ ဆားပဲ။+ ဆားမှာ အငန်ဓာတ် မရှိတော့ရင် ပြန်ငန်အောင် လုပ်လို့ ရသလား။ အပြင်ကို လွှင့်ပစ်ပြီး+ အနင်းခံရရုံကလွဲလို့ ဘာမှ အသုံးမဝင်တော့ဘူး။
၁၄ “ခင်ဗျားတို့ဟာ လောကရဲ့ အလင်းပဲ။+ တောင်ထိပ်မှာ တည်တဲ့ မြို့ကို ထင်ထင်ရှားရှား မြင်နိုင်တယ်။
၁၅ လူတွေက မီးခွက်ကို ထွန်းပြီး တောင်းနဲ့ အုပ်ထားလေ့ မရှိပါဘူး။ ဆီမီးတိုင်ပေါ်မှာပဲ တင်ထားတတ်ကြတယ်။ ဒါမှ အိမ်သားအားလုံး အလင်းရမှာပေါ့။+
၁၆ အဲဒီလိုပဲ ခင်ဗျားတို့ရဲ့ အလင်းကို လူတွေရှေ့မှာ လင်းစေကြပါ။+ ဒါမှ တခြားသူတွေက ခင်ဗျားတို့ရဲ့ အကျင့်ကောင်းကို+ မြင်ပြီး ကောင်းကင်မှာ စံမြန်းတဲ့ အဖရဲ့ ဘုန်းအသရေကို ချီးမွမ်းကြလိမ့်မယ်။+
၁၇ “ကျွန်တော်ဟာ ပညတ်ကျမ်း၊ ပရောဖက်ကျမ်းတွေကို ပယ်ဖျက်ဖို့ လာတာ မဟုတ်ဘူး။ ပြည့်စုံစေဖို့ လာတာ။+
၁၈ ကျွန်တော် မှန်တာကို ပြောမယ်။ ကောင်းကင်နဲ့ မြေကြီး ကွယ်ပျောက်ကောင်း ကွယ်ပျောက်လိမ့်မယ်။ ဒါပေမဲ့ ပညတ်ကျမ်းမှာပါတဲ့ အက္ခရာလေး တစ်လုံး၊ ဝစ္စပေါက် တစ်လုံးတောင် ကွယ်ပျောက်မှာ မဟုတ်ဘူး။ အဲဒီမှာ ရေးထားသမျှ ပြည့်စုံလိမ့်မယ်။+
၁၉ ဒါကြောင့် အရေးကြီးပုံ မရတဲ့ ပညတ်ချက်ကို ချိုးဖောက်ပြီး သူများကိုလည်း အဲဒီအတိုင်း လုပ်ဖို့ သွန်သင်ပေးတဲ့သူဟာ ကောင်းကင်နိုင်ငံကို မဝင်ထိုက်ဘူး။* ဒါပေမဲ့ အဲဒီပညတ်တွေအတိုင်း ကျင့်ကြံပြီး သွန်သင်ပေးသူကတော့ ကောင်းကင်နိုင်ငံ ဝင်ထိုက်တယ်။*
၂၀ ကျွန်တော် ပြောမယ်။ ခင်ဗျားတို့ဟာ ကျမ်းတတ်တွေ၊ ဖာရိရှဲတွေထက်+ မဖြောင့်မတ်ဘူးဆိုရင်တော့ ကောင်းကင်နိုင်ငံကို ဘယ်နည်းနဲ့မှ ဝင်ရမှာ မဟုတ်ဘူး။+
၂၁ “‘လူ့အသက် မသတ်နဲ့။+ သတ်တဲ့သူဟာ တရားရုံးမှာ အမှုဆိုင်ရမယ်’+ ဆိုတဲ့ ရှေးလူကြီးတွေရဲ့ စကားကို ခင်ဗျားတို့ ကြားဖူးပါတယ်။
၂၂ အခု ကျွန်တော် ပြောမယ်။ ကိုယ့်ညီအစ်ကိုကို အမျက်မပြေနိုင်သူဟာ+ တရားရုံးမှာ အမှုရင်ဆိုင်ရမယ်။ ညီအစ်ကိုကို မကြားဝံ့မနာသာ ကဲ့ရဲ့သူဟာ တရားရုံးချုပ်မှာ အမှုရင်ဆိုင်ရမယ်။ ‘အလကားလူ’ လို့ စွပ်စွဲတဲ့သူဟာ မီးလောင်နေတဲ့ ဂေဟင်နာ*+ အရပ်ကို ရောက်ရလိမ့်မယ်။
၂၃ “ဒါကြောင့် ပူဇော်ရာပလ္လင်ဆီ အလှူ ယူလာနေတုန်းမှာ+ ကိုယ့်ကို မကျေမနပ် ဖြစ်နေတဲ့ ညီအစ်ကိုကို သတိရသွားရင်၊
၂၄ အလှူကို ပလ္လင်ရှေ့မှာ ထားခဲ့ပါ။ ညီအစ်ကိုဆီ သွားပြီး သူနဲ့ ပြေလည်အောင် အရင် လုပ်ပါ။ ပြီးမှ ပြန်လာပြီး ကိုယ့်ရဲ့ အလှူကို ဆက်သပါ။+
၂၅ “ကိုယ့်ကို တရားစွဲတဲ့သူနဲ့ လမ်းမှာ အတူသွားနေတုန်းမှာပဲ ပြေလည်အောင် ချက်ချင်း လုပ်ပါ။ ဒီလိုမှ မလုပ်ရင် သူက ခင်ဗျားကို တရားသူကြီးလက်ထဲ အပ်လိမ့်မယ်။ တရားသူကြီးကလည်း ထောင်မှူးလက်ထဲ အပ်ပြီး ထောင်ချလိမ့်မယ်။+
၂၆ ကျွန်တော် မှန်တာကို ပြောမယ်။ ခင်ဗျားဟာ ငွေ* တစ်ပြားမကျန် မပေးမချင်း ထောင်ကနေ ထွက်ရမှာ မဟုတ်ဘူး။
၂၇ “‘အိမ်ထောင်ရေး မဖောက်ပြန်နဲ့’+ ဆိုတဲ့ စကားကို ခင်ဗျားတို့ ကြားဖူးပါတယ်။
၂၈ ဒါပေမဲ့ ကျွန်တော် ပြောမယ်။ မိန်းမတစ်ယောက်ကို ရာဂစိတ်နဲ့ ကြည့်နေတာဟာ+ အဲဒီမိန်းမကို စိတ်နဲ့ ပြစ်မှားတာပဲ။+
၂၉ ကိုယ့်ရဲ့ ညာဘက်မျက်စိက အပြစ်ကျူးလွန်စေတယ်* ဆိုရင် အဲဒီမျက်စိကို ထုတ်ပြီး လွှင့်ပစ်လိုက်ပါ။+ ဂေဟင်နာ* အရပ်မှာ တစ်ကိုယ်လုံး ပစ်ချခံရတာထက် မျက်စိတစ်ဖက် အဆုံးရှုံးခံလိုက်တာ ပိုကောင်းတယ်။+
၃၀ ကိုယ့်ရဲ့ ညာလက်က အပြစ်ကျူးလွန်စေတယ်ဆိုရင် အဲဒီလက်ကို ဖြတ်ပြီး လွှင့်ပစ်လိုက်ပါ။+ ဂေဟင်နာ* အရပ်ဆီ တစ်ကိုယ်လုံး ရောက်တာထက် လက်တစ်ဖက် အဆုံးရှုံးခံလိုက်တာ ပိုကောင်းတယ်။+
၃၁ “ဒါ့အပြင် ‘ဇနီးကို ကွာရှင်းမယ်ဆိုရင် ကွာရှင်းစာချုပ် ပေးစေ’+ လို့ အဆိုရှိတယ်။
၃၂ ဒါပေမဲ့ ကျွန်တော် ပြောမယ်။ လိင်အကျင့်ယိုယွင်းမှု* ကြောင့် မဟုတ်ဘဲ တခြားအကြောင်းကြောင့် ကွာရှင်းတဲ့သူဟာ ကိုယ့်ဇနီးကို အိမ်ထောင်ရေး ဖောက်ပြန်သူ ဖြစ်အောင် လုပ်ရာရောက်တယ်။ ကွာရှင်းထားတဲ့ မိန်းမကို လက်ထပ်တဲ့သူကလည်း အိမ်ထောင်ရေး ဖောက်ပြန်သူပဲ။+
၃၃ “‘ကိုယ်မလုပ်နိုင်တဲ့ ကိစ္စအတွက် မကျိန်ဆိုနဲ့။+ ယေဟောဝါကို* သစ္စာကတိပြုပြီးရင် အဲဒီအတိုင်း လုပ်ရမယ်’+ ဆိုတဲ့ ရှေးလူကြီးတွေရဲ့ စကားကိုလည်း ခင်ဗျားတို့ ကြားဖူးပါတယ်။
၃၄ ဒါပေမဲ့ ကျွန်တော် ပြောမယ်။ လုံးဝ မကျိန်ဆိုနဲ့။+ ကောင်းကင်ကို တိုင်တည်ပြီး မကျိန်ဆိုနဲ့။ ကောင်းကင်ဟာ ဘုရားသခင်ရဲ့ ရာဇပလ္လင်ပဲ။
၃၅ ကမ္ဘာမြေကို တိုင်တည်ပြီး မကျိန်ဆိုနဲ့။ ကမ္ဘာမြေဟာ ဘုရားသခင်ရဲ့ ခြေတင်ခုံပဲ။+ ဂျေရုဆလင်မြို့ကို တိုင်တည်ပြီး မကျိန်ဆိုနဲ့။ ဘုရင်မင်းမြတ်ရဲ့ မြို့တော် ဖြစ်လို့ပဲ။+
၃၆ ကိုယ့်ရဲ့ ခေါင်းကို တိုင်တည်ပြီး မကျိန်ဆိုနဲ့။ ဆံချည်တစ်ပင်ကိုတောင် ဖြူအောင်၊ မည်းအောင် ခင်ဗျားတို့ မလုပ်နိုင်ဘူး။
၃၇ ဒါကြောင့် ဟုတ်ရင် ‘ဟုတ်တယ်၊’ မဟုတ်ရင် ‘မဟုတ်ဘူး’ ဒါပဲ ပြောပါ။+ ဒီထက်ပိုတဲ့ စကားဟာ ဆိုးညစ်သူဆီက လာတာပဲ။+
၃၈ “‘မျက်စိအတွက် မျက်စိ၊ သွားအတွက် သွား ပြန်လျော်ပေးရမယ်’+ ဆိုတဲ့ စကားကို ခင်ဗျားတို့ ကြားဖူးပါတယ်။
၃၉ ဒါပေမဲ့ ကျွန်တော် ပြောမယ်။ လူဆိုးကို အတိုက်အခံ မလုပ်ပါနဲ့။ တစ်ယောက်ယောက်က ခင်ဗျားရဲ့ ညာဘက်ပါးကို ရိုက်ရင် ဘယ်ဘက်ပါးကိုလည်း လှည့်ပေးလိုက်ပါ။+
၄၀ လူတစ်ယောက်က ခင်ဗျားရဲ့ အတွင်းအင်္ကျီကို လိုချင်လို့ တရားရုံး ခေါ်သွားချင်တယ်ဆိုရင် အပေါ်ဝတ်ရုံကိုပါ ပေးလိုက်ပါ။+
၄၁ အာဏာရှိသူတစ်ယောက်က ခင်ဗျားကို အတင်းအကျပ် ခိုင်းစေဖို့ တစ်မိုင်* ခေါ်သွားရင် သူနဲ့အတူ နှစ်မိုင် လိုက်သွားပါ။
၄၂ တောင်းတဲ့သူကို ပေးပါ။ ချေးငှားချင်တဲ့သူကိုလည်း မငြင်းဘဲ ချေးလိုက်ပါ။+
၄၃ “‘လူလူချင်းကို ချစ်ပါ။+ ရန်သူကိုတော့ မုန်းပါ’ ဆိုတဲ့ စကားကို ခင်ဗျားတို့ ကြားဖူးပါတယ်။
၄၄ ဒါပေမဲ့ ကျွန်တော် ပြောမယ်။ ရန်သူကို ချစ်မြဲ ချစ်ပါ။+ ကိုယ့်ကို နှိပ်စက်သူတွေအတွက် အမြဲ ဆုတောင်းပေးပါ။+
၄၅ ဒါမှ ခင်ဗျားတို့ဟာ ကောင်းကင်မှာ စံမြန်းတဲ့ အဖဘုရားရဲ့ သားတွေ ဖြစ်မှန်း သက်သေပြရာ ရောက်မှာပေါ့။+ ကိုယ်တော်က လူဆိုးလူကောင်းအပေါ် နေထွက်စေတယ်။ ဖြောင့်မတ်သူ၊ မဖြောင့်မတ်သူတွေအပေါ် မိုးရွာစေတယ်။+
၄၆ ကိုယ့်ကို မေတ္တာထားသူတွေကိုပဲ မေတ္တာထားရင် ဘာအကျိုးထူးမှာလဲ။+ အခွန်ခံတွေလည်း အဲဒီလောက်တော့ လုပ်နိုင်တာပဲ။
၄၇ ကိုယ့်ညီအစ်ကိုတွေကိုပဲ နှုတ်ဆက်ရင်ကော ဘာများ ပိုထူးခြားလို့လဲ။ လူမျိုးခြားတွေလည်း အဲဒီလောက်တော့ လုပ်နိုင်တာပဲ။
၄၈ ကောင်းကင်အဖ ပြည့်ဝစုံလင်သလို ခင်ဗျားတို့လည်း ပြည့်ဝစုံလင်ရမယ်။+
အောက်ခြေမှတ်ချက်များ
^ ဒါမှမဟုတ်၊ “စွမ်းအားတော်ရဖို့ ထက်ထက်သန်သန် တောင်းခံသူတွေ။”
^ မူရင်း၊ “ဖြောင့်မတ်ခြင်းကို ဆာငတ်သူတွေ။”
^ မူရင်း၊ “ကောင်းကင်နိုင်ငံမှာ ‘ကြီးမြတ်သူ’ လို့ သတ်မှတ်ခံရလိမ့်မယ်။
^ မူရင်း၊ “ကောင်းကင်နိုင်ငံမှာ ‘အငယ်ဆုံးသူ’ လို့ သတ်မှတ်ခံရလိမ့်မယ်။
^ မူရင်း၊ “ကွာဒရန်။” နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
^ မူရင်း၊ “တိုက်မိလဲစေတယ်။”
^ နောက်ဆက်တွဲ က၅ ကိုကြည့်။
^ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။