မဿဲ ၉:၁-၃၈

  • လေဖြတ်နေသူကို ကုသပေး (၁-၈)

  • မဿဲကို ဖိတ်ခေါ် (၉-၁၃)

  • အစာရှောင်ခြင်းနဲ့ပတ်သက်ပြီး မေးမြန်းကြ (၁၄-၁၇)

  • ယာအိရုရဲ့သမီး။ အမျိုးသမီးတစ်ယောက် ယေရှုရဲ့ဝတ်လုံကို တို့ထိ (၁၈-၂၆)

  • မျက်မမြင်နဲ့ စကားအနေသူကို ယေရှု ကုသပေး (၂၇-၃၄)

  • စပါးရိတ်စရာ အများကြီးရှိ၊ လုပ်သားတွေ နည်းနေ (၃၅-၃၈)

 ယေရှုလည်း တစ်ဖက်ကမ်းကို လှေနဲ့ ကူးပြီး နေရင်းမြို့ကို+ ပြန်လာတယ်။ ၂  အဲဒီအခါ လေဖြတ်နေသူ တစ်ယောက်ကို ထမ်းစင်နဲ့ ထမ်းလာကြတယ်။ သူတို့ရဲ့ ယုံကြည်ခြင်းကို မြင်တဲ့အခါ လေဖြတ်နေသူကို “ငါ့သား၊ ဘာမှ မစိုးရိမ်ပါနဲ့။ မင်းရဲ့ အပြစ်တွေကို ခွင့်လွှတ်လိုက်ပြီ”+ လို့ ပြောတယ်။ ၃  အဲဒီတော့ ကျမ်းတတ်တချို့က “ဒီလူ ဘုရားကို စော်ကားပြီး ပြောနေတာပဲ” လို့ တွေးနေတယ်။ ၄  သူတို့ရဲ့ အတွေးကို သိတဲ့အတွက် ယေရှုက “ဘာလို့ ဆိုးညစ်တဲ့ အတွေးတွေ တွေးနေတာလဲ။+ ၅  ‘မင်းရဲ့ အပြစ်တွေကို ခွင့်လွှတ်လိုက်ပြီ’ လို့ ပြောတာနဲ့ ‘ထပြီး လမ်းလျှောက်ပါ’ လို့ ပြောတာ ဘယ်ဟာက ပိုပြောလွယ်သလဲ။+ ၆  လူသားဟာ ကမ္ဘာပေါ်မှာ အပြစ်လွှတ်ပိုင်ခွင့် ရှိမှန်း ခင်ဗျားတို့ သိအောင် သက်သေပြမယ်” ဆိုပြီး လေဖြတ်နေသူကို “ထပါ။ ထမ်းစင်ကို သယ်ပြီး အိမ်ပြန်တော့” လို့ ပြောတယ်။+ ၇  အဲဒီလူလည်း ထပြီး အိမ်ပြန်သွားတယ်။ ၈  ဒါကို မြင်တဲ့အခါ လူတွေ ကြောက်လန့်သွားတယ်။ ဒီလိုအပြစ်လွှတ်ပိုင်ခွင့်မျိုး လူကို ပေးအပ်တဲ့ ဘုရားသခင်ရဲ့ ဘုန်းတော်ကို ချီးမွမ်းကြတယ်။ ၉  ယေရှုက အဲဒီကနေ ထွက်သွားချိန်မှာ မဿဲလို့ ခေါ်တဲ့ လူတစ်ယောက် အခွန်ရုံးမှာ ထိုင်နေတာကို မြင်တဲ့အခါ “ကျွန်တော့်နောက်လိုက် လုပ်ပါ” လို့ ပြောတော့ သူက ထပြီး လိုက်လာတယ်။+ ၁၀  အဲဒီနောက် ယေရှုနဲ့ တပည့်တွေက မဿဲရဲ့ အိမ်ထဲ ဝင်ပြီး စားသောက်တယ်။ အခွန်ခံတွေ၊ အပြစ်သားတွေလည်း အများကြီး ရောက်လာပြီး အတူစားသောက်ကြတယ်။+ ၁၁  ဒါကို မြင်တဲ့အခါ ဖာရိရှဲတွေက တပည့်တွေကို “မင်းတို့ရဲ့  ဆရာက ဘာလို့ အခွန်ခံတွေ၊ အပြစ်သားတွေနဲ့အတူ စားသောက်တာလဲ” လို့ မေးတယ်။+ ၁၂  ဒါကို ကြားတော့ ယေရှုက “ကျန်းမာသူတွေအတွက် သမားတော် မလိုဘူး။ ဖျားနာသူတွေအတွက်ပဲ လိုတာ။+ ၁၃  ‘ပူဇော်သက္ကာကို ငါမလိုချင်ဘူး။ သနားကြင်နာတတ်တာကိုပဲ လိုချင်တယ်’+ ဆိုတဲ့ ကျမ်းစကားရဲ့ အဓိပ္ပာယ်ကို ခင်ဗျားတို့ သွားပြီး လေ့လာလိုက်ပါဦး။ ကျွန်တော် လာတာက ဖြောင့်မတ်သူတွေကို ခေါ်ဖို့ မဟုတ်ဘူး။ အပြစ်သားတွေကို ခေါ်ဖို့ပဲ” ဆိုပြီး ပြောတယ်။ ၁၄  ယောဟန်ရဲ့ တပည့်တွေက ယေရှုဆီ လာပြီး “ကျွန်တော်တို့ရော ဖာရိရှဲတွေပါ အစာရှောင်ကြတယ်။ ဆရာ့တပည့်တွေကျတော့ ဘာလို့ အစာမရှောင်တာလဲ” ဆိုပြီး မေးတယ်။+ ၁၅  ယေရှုက “သတို့သားရဲ့ သူငယ်ချင်းတွေက သတို့သားနဲ့အတူ+ ရှိနေချိန်မှာ ဝမ်းနည်းပူဆွေးကြလို့လား။ ဒါပေမဲ့ သတို့သားကို သူတို့ဆီကနေ ခေါ်သွားမယ့်နေ့ ရောက်လာလိမ့်မယ်။+ အဲဒီအခါကျမှ သူတို့ အစာရှောင်လိမ့်မယ်။ ၁၆  ဟောင်းနွမ်းနေတဲ့ အဝတ်ကို ပိတ်စအသစ်နဲ့ ဖာလေ့မရှိဘူး။ ဖာရင် ပိတ်စအသစ်က ရုန်းတဲ့အတွက် အဝတ် ပိုပြဲသွားမှာပေါ့။+ ၁၇  သားရေဘူးဟောင်းထဲ စပျစ်ဝိုင်အသစ် ထည့်လေ့မရှိဘူး။ ထည့်ရင် သားရေဘူး ကွဲထွက်ပြီး စပျစ်ဝိုင်လည်း ယို၊ သားရေဘူးလည်း ပျက်စီးသွားမှာပေါ့။ ဒီတော့ နှစ်ခုလုံး မဆုံးရှုံးအောင် သားရေဘူးသစ်ထဲမှာပဲ ထည့်လေ့ရှိတယ်” လို့ ပြန်ဖြေတယ်။ ၁၈  အဲဒီလို ပြောနေတုန်း တရားဇရပ်မှူးတစ်ယောက်က ယေရှုကို လာဦးညွှတ်ပြီး “ဆရာ၊ အခုလောက်ဆိုရင် ကျွန်တော့်သမီးလေး သေလောက်ပါပြီ။ ဒါပေမဲ့ ဆရာ လိုက်ခဲ့ပြီး လက်တင်လိုက်ရင် သမီးလေး အသက်ပြန်ရှင်လာမှာပါ” လို့ ပြောတယ်။+ ၁၉  ဒါနဲ့ ယေရှုလည်း တရားဇရပ်မှူးနောက်ကို တပည့်တွေနဲ့အတူ လိုက်သွားတယ်။ ၂၀  အဲဒီအခါ ၁၂ နှစ်လုံး သွေးသွန်နာ စွဲနေတဲ့ အမျိုးသမီးတစ်ယောက်+ နောက်ကနေ ကပ်လိုက်လာပြီး ယေရှုရဲ့ ဝတ်လုံအမြိတ်ကို တို့တယ်။+ ၂၁  “သူ့ဝတ်လုံကို တို့လိုက်ရုံနဲ့ ငါ့ရောဂါ သက်သာသွားမှာပဲ” လို့ စိတ်ထဲမှာ သူပြောနေတယ်။ ၂၂  ယေရှုက လှည့်ကြည့်ပြီး သူ့ကို တွေ့သွားတဲ့အခါ “သမီး၊ မကြောက်ပါနဲ့။ သမီးရဲ့ ယုံကြည်ခြင်းက ပြန်ကျန်းမာစေပြီ”+ လို့ ပြောတယ်။ ချက်ချင်းပဲ သူ့ရောဂါ ပျောက်သွားတယ်။+ ၂၃  ယေရှုက တရားဇရပ်မှူးရဲ့ အိမ်ထဲ ဝင်လာတဲ့အခါ ပလွေမှုတ်သူတွေ၊ လူတွေ အုတ်အုတ်ကျက်ကျက် ဖြစ်နေတာကို မြင်တော့၊+ ၂၄  “ဒီကနေ ထွက်သွားကြ။ ဒီမိန်းကလေး သေတာမှ မဟုတ်ပဲ။ အိပ်ပျော်နေတာ”+ လို့ ပြောတော့ လူတွေ လှောင်ရယ်ကြတယ်။ ၂၅  ယေရှုက လူတွေကို အပြင်ထွက်ခိုင်းပြီးနောက် အိမ်ထဲ ဝင်ပြီး မိန်းကလေးရဲ့ လက်ကို ကိုင်လိုက်တဲ့အခါ+ မိန်းကလေး ထလာတယ်။+ ၂၆  ဒီသတင်းဟာ အဲဒီဒေသတစ်ခုလုံး ပျံ့သွားတယ်။ ၂၇  အဲဒီကနေ ယေရှု ထွက်လာတဲ့အခါ မျက်မမြင်နှစ်ယောက်+ လိုက်လာပြီး “ဒါဝိဒ်ရဲ့ သား၊ ကျွန်တော်တို့ကို သနားပါဦး” လို့ အော်ပြောကြတယ်။ ၂၈  အိမ်တစ်အိမ်ထဲ ယေရှု ဝင်လိုက်တဲ့အခါ မျက်မမြင်တွေ အနားကပ်လာတယ်။ ယေရှုက “ကျွန်တော် ကုပေးနိုင်တယ်ဆိုတာ ယုံသလား”+ လို့ မေးတော့ “ယုံပါတယ်၊ သခင်” လို့ ဖြေကြတယ်။ ၂၉  ဒါနဲ့ သူတို့ရဲ့ မျက်စိကို လက်နဲ့ တို့ထိပြီး+ “ခင်ဗျားတို့ ယုံကြည်တဲ့အတိုင်း ဖြစ်ပါစေ” လို့ ပြောလိုက်တဲ့အခါ၊ ၃၀  သူတို့ မျက်စိပြန်မြင်လာတယ်။ ယေရှုက “ဒီအကြောင်း ဘယ်သူမှ မသိစေနဲ့” လို့ အသေအချာ မှာတယ်။+ ၃၁  ဒါပေမဲ့ သူတို့က အပြင်ရောက်တာနဲ့ လူတွေကို ယေရှုအကြောင်း ပြောပြလိုက်တော့ ဒေသတစ်ခုလုံး သတင်းပျံ့သွားတယ်။ ၃၂  သူတို့ ထွက်သွားတဲ့အခါ နတ်ဆိုးစွဲလို့ စကား အနေသူတစ်ယောက်ကို ယေရှုဆီ ခေါ်လာကြတယ်။+ ၃၃  နတ်ဆိုးကို နှင်ထုတ်ပေးလိုက်တဲ့အခါ အဲဒီလူ စကားပြန်ပြောနိုင်လာတယ်။+ လူတွေလည်း “အစ္စရေးပြည်မှာ တစ်ခါမှ ဒီလို မဖြစ်ဖူးဘူး” ဆိုပြီး တအံ့တသြ ပြောကြတယ်။+ ၃၄  ဖာရိရှဲတွေကတော့ “ဒီလူက နတ်ဆိုးမင်းရဲ့ အကူအညီနဲ့ နတ်ဆိုးတွေကို နှင်ထုတ်တာ” လို့ ပြောကြတယ်။+ ၃၅  ယေရှုက မြို့ရွာအနှံ့ လှည့်လည်သွားလာပြီး တရားဇရပ်တွေမှာ သွန်သင်တယ်၊ နိုင်ငံတော်သတင်းကောင်း ဟောတယ်၊ ရောဂါဝေဒနာ အမျိုးမျိုးကို ကုသပေးတယ်။+ ၃၆  လူတွေဟာ အရေခွံဆုတ်ပြီး ပစ်ထားခံရတဲ့ သိုးတွေ၊ ထိန်းသူမရှိတဲ့ သိုးတွေလို ဖြစ်နေလို့+ သူတို့ကို မြင်တဲ့အခါ ယေရှု သနားတယ်။+ ၃၇  အဲဒီအခါ တပည့်တွေကို “စပါးရိတ်စရာ အများကြီး ရှိတယ်။ လုပ်သားတွေကတော့ နည်းနေတယ်။+ ၃၈  ဒါကြောင့် လုပ်သားတွေ စေလွှတ်ပေးဖို့ စပါးရှင်ဆီ ဆုတောင်းကြပါ”+ လို့ ပြောတယ်။

အောက်ခြေမှတ်ချက်များ