ယာကုပ် ၁:၁-၂၇
၁ ဘုရားသခင်နဲ့ သခင်ယေရှုခရစ်ရဲ့ ကျွန် ကျွန်တော်ယာကုပ်က+ အရပ်ရပ် ကွဲလွင့်နေတဲ့ ၁၂ နွယ်ကို နှုတ်ခွန်းဆက်သလိုက်ပါတယ်။
၂ ညီအစ်ကိုတို့၊ စမ်းသပ်မှု အမျိုးမျိုး ကြုံရတဲ့အခါ ဝမ်းမြောက်စရာပဲလို့ ယူမှတ်ကြပါ။+
၃ ဒီနည်းနဲ့ စမ်းသပ်ခံရတဲ့ ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်းဟာ ခံနိုင်ရည်ကို ဖြစ်စေမှန်း ခင်ဗျားတို့ သိပါတယ်။+
၄ ခံနိုင်ရည်ကို အလုပ်ပြီးမြောက်အောင် လုပ်ဆောင်ခွင့် ပေးလိုက်ပါ။ ဒါဆိုရင် ခင်ဗျားတို့ဟာ လေ့ကျင့်မှု အပြည့်အဝ ရပြီး အရာရာမှာ လိုလေသေးမရှိ၊ အပြစ်ပြောစရာမရှိ ဖြစ်လာလိမ့်မယ်။+
၅ တစ်ယောက်ယောက် ဉာဏ်ပညာ လိုနေရင် ဘုရားသခင်ဆီ တောင်းမြဲတောင်းပါစေ။+ ကဲ့ရဲ့တာမျိုး မလုပ်ဘဲ လူအားလုံးကို ရက်ရက်ရောရော ပေးတတ်တဲ့ ဘုရားသခင်က+ တောင်းတဲ့သူကို ဉာဏ်ပညာ ပေးလိမ့်မယ်။+
၆ ဒါပေမဲ့ သံသယ မရှိဘဲ+ ယုံကြည်ခြင်းနဲ့ တောင်းမြဲတောင်းရမယ်။+ သံသယစိတ် ရှိသူဟာ လေအရှိန်ကြောင့် လှုပ်ရှားနေတဲ့ ပင်လယ်လှိုင်းနဲ့ တူတယ်။
၇ သူလိုလူဟာ ယေဟောဝါ* ဆီကနေ တစ်ခုခု ရမယ်လို့ မမျှော်လင့်သင့်ဘူး။
၈ သူဟာ မပြတ်သားတဲ့သူ၊+ ဘာပဲလုပ်လုပ် စိတ်မခိုင်တဲ့သူပဲ။
၉ နိမ့်ကျတဲ့ ညီအစ်ကိုတစ်ယောက်ဟာ ချီးမြှောက်ခံရတဲ့အတွက်+ ဝမ်းမြောက်ပါစေ။
၁၀ ချမ်းသာတဲ့ ညီအစ်ကိုကလည်း နှိမ့်ချတတ်လာတဲ့အတွက်+ ဝမ်းမြောက်ပါစေ။ ဘာလို့လဲဆိုတော့ သူဟာ လယ်ပြင်မှာ ပေါက်တဲ့ ပန်းလို ညှိုးနွမ်းသွားမှာ ဖြစ်လို့ပဲ။
၁၁ နေထွက်လာတဲ့အခါ မြက်ပင်ဟာ နေပူရှိန်ကြောင့် ညှိုးနွမ်းပြီး မြက်ပွင့်လည်း ကြွေသွားတယ်။ အပွင့်ရဲ့ အလှလည်း ပျောက်ပျက်သွားတယ်။ အဲဒီလိုပဲ ချမ်းသာတဲ့သူဟာ စည်းစိမ်နောက်ကို တကောက်ကောက် လိုက်ရင်းနဲ့ ပျောက်ကွယ်သွားလိမ့်မယ်။+
၁၂ စမ်းသပ်မှုကို ကြံ့ကြံ့ခံရပ်သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။+ သူဟာ ဘုရားသခင်ရဲ့ နှစ်သက်မှုကို ရရှိတဲ့အတွက် အသက်သရဖူ ရလိမ့်မယ်။+ ယေဟောဝါက* မိမိကို ချစ်မြဲချစ်နေသူတွေကို အဲဒီသရဖူ ပေးမယ်လို့ ကတိပြုထားတယ်။+
၁၃ စမ်းသပ်မှု ကြုံရတဲ့အခါ “ငါ့ကို ဘုရားသခင် စမ်းသပ်နေတာပဲ” လို့ မပြောကြနဲ့။ မကောင်းတဲ့အရာတွေနဲ့ ဘုရားသခင်ကို ဘယ်သူမှ စမ်းသပ်လို့ မရသလို ဘုရားသခင်ကလည်း ဘယ်သူ့ကိုမှ မကောင်းတဲ့အရာနဲ့ မစမ်းသပ်ဘူး။
၁၄ ကိုယ့်အလိုဆန္ဒရဲ့ ဆွဲငင်ဖြားယောင်းမှုကို ခံရတာကသာ လူတိုင်းအတွက် စမ်းသပ်မှုပါ။+
၁၅ အဲဒီအလိုဆန္ဒက ကြီးထွားလာရင် အပြစ်ကို လုပ်မိစေတယ်။* အပြစ်လုပ်ပြီးတဲ့နောက်မှာတော့ သေခြင်းကို ဖြစ်ပေါ်စေတယ်။+
၁၆ ချစ်ရတဲ့ ညီအစ်ကိုတို့၊ လှည့်စားမခံကြနဲ့။
၁၇ ကောင်းမြတ်တဲ့ ဆုကျေးဇူး၊ ပြည့်ဝစုံလင်တဲ့ လက်ဆောင်မှန်သမျှဟာ အထက်အရပ်က လာတယ်။+ ကောင်းကင်အလင်းရဲ့ ဖခင်ဆီက လာတယ်။+ ဘုရားသခင်ဟာ ရွေ့သွားတတ်တဲ့ အရိပ်လို ပြောင်းလဲခြင်း မရှိဘူး။+
၁၈ ဘုရားသခင်က အလိုတော်ရှိလို့ ကျွန်တော်တို့ကို အမှန်တရားအားဖြင့် ဖြစ်ပေါ်စေတယ်။+ ဒီနည်းနဲ့ ကျွန်တော်တို့ဟာ ဖန်ဆင်းရာ သတ္တဝါတွေထဲမှာ သီးဦးသီးဖျားတွေ ဖြစ်လာတယ်။+
၁၉ ချစ်ရတဲ့ ညီအစ်ကိုတို့၊ ခင်ဗျားတို့ သိထားရမှာက– လူတိုင်းဟာ နားထောင်ဖို့ အမြဲ အသင့်ဖြစ်နေရမယ်။ စကားပြောတဲ့အခါမှာ မစဉ်းစားမဆင်ခြင်ဘဲ မပြောရဘူး။+ လွယ်လွယ်နဲ့ ဒေါသမထွက်ရဘူး။+
၂၀ လူတစ်ယောက်ရဲ့ ဒေါသက ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို မဖြစ်ပေါ်စေဘူး။+
၂၁ ဒါကြောင့် ညစ်ညူးတဲ့အရာ၊ ဆိုးသွမ်းတဲ့အရာ မှန်သမျှကို* အစအနပါမကျန် ဖယ်ရှားကြပါ။+ ခင်ဗျားတို့ကို ကယ်တင်နိုင်တဲ့ တရားစကားတော် စိုက်ပျိုးတာကို နူးညံ့သိမ်မွေ့တဲ့ စိတ်နဲ့ လက်ခံကြပါ။
၂၂ တရားစကားတော်ကို လက်တွေ့ကျင့်သုံးသူတွေ ဖြစ်ကြပါ။+ ကြားရုံကြားပြီး မှားယွင်းတဲ့ အတွေးအခေါ်နဲ့ ကိုယ့်ကိုယ်ကိုယ် လှည့်စားသူတွေ မဖြစ်ကြနဲ့။
၂၃ တရားစကားတော်ကို ကြားနာပြီး လက်တွေ့မကျင့်သူဟာ+ မှန်ထဲမှာ ကိုယ့်မျက်နှာကို ကြည့်တဲ့သူနဲ့ တူတယ်။
၂၄ မှန်ကြည့်ပြီးတဲ့နောက် ထွက်သွားတဲ့အခါ ကိုယ့်ရုပ်သွင် ဘယ်လိုရှိသလဲဆိုတာ ချက်ချင်း မေ့သွားတတ်တယ်။
၂၅ ဒါပေမဲ့ လွတ်လပ်ခြင်းနဲ့ဆိုင်တဲ့ ပြည့်ဝစုံလင်တဲ့ ပညတ်ကို+ အသေအချာ ကြည့်ရှုတဲ့သူ၊ အဲဒီလို ဆက်ကြည့်ရှုနေတဲ့သူဟာ ကြားနာပြီးနောက် မေ့သွားတဲ့သူ မဟုတ်ဘူး၊ လက်တွေ့ကျင့်သုံးတဲ့သူပဲ။ အဲဒီလိုလုပ်တဲ့အတွက် ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်။+
၂၆ ဘုရားသခင်ကို ဝတ်ပြုနေတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်နေပေမဲ့ နှုတ်ကို မစောင့်စည်းရင်+ ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာပဲ။ သူ့ရဲ့ ဝတ်ပြုမှုဟာ အချည်းနှီးပဲ။
၂၇ အဖဘုရားသခင်ရဲ့ အမြင်မှာ စင်ကြယ်ပြီး အညစ်အကြေး ကင်းစင်တဲ့ ဝတ်ပြုမှုကတော့ မိဘမဲ့တွေ၊+ မုဆိုးမတွေ+ ဒုက္ခရောက်တဲ့အခါ+ ကြည့်ရှုစောင့်ရှောက်တာ၊ ကိုယ်တိုင်လည်း လောကရဲ့ မသန့်ရှင်းတဲ့ လမ်းစဉ်နဲ့ ကင်းကင်းရှင်းရှင်း နေတာ ဖြစ်တယ်။+
အောက်ခြေမှတ်ချက်များ
^ နောက်ဆက်တွဲ က၅ ကိုကြည့်။
^ နောက်ဆက်တွဲ က၅ ကိုကြည့်။
^ မူရင်း၊ “အလိုဆန္ဒက သန္ဓေတည်ပြီးတဲ့နောက် အပြစ်ကို မွေးဖွားတတ်တယ်။”
^ “ဆိုးသွမ်းမှုများစွာကို” လည်းဖြစ်နိုင်။