ယာကုပ် ၃:၁-၁၈
၃ ညီအစ်ကိုတို့၊ ခင်ဗျားတို့ထဲက အများစုဟာ ဆရာတွေ မဖြစ်သင့်ဘူး။ ဆရာတွေ ဖြစ်မယ်ဆိုရင် ပိုပြင်းထန်တဲ့ တရားစီရင်မှုကို ခံရလိမ့်မယ်။+
၂ ကျွန်တော်တို့အားလုံး ခဏခဏ မှားတတ်ကြတယ်။+ စကားမမှားဖူးတဲ့သူဟာ ပြည့်ဝစုံလင်သူ၊ တစ်ကိုယ်လုံးကို ထိန်းနိုင်တဲ့သူပဲ။
၃ မြင်းကို လိုရာခိုင်းချင်တဲ့အခါ ဇက်ကြိုး ခွံ့လိုက်ရင် မြင်းတစ်ကောင်လုံးကို ထိန်းနိုင်ပြီ။
၄ ဧရာမသင်္ဘောတွေလည်း လေပြင်းတိုက်လို့ မျောပါသွားတဲ့အခါ သေးငယ်တဲ့ တက်မတစ်ချောင်းနဲ့ ပဲ့ကိုင်လိုက်ရင် သွားချင်တဲ့ဘက်ကို ဦးတည်စေနိုင်တယ်။
၅ အလားတူ လျှာဟာ သေးငယ်တဲ့ အင်္ဂါအစိတ်အပိုင်း ဖြစ်ပေမဲ့ အလွန်အကျွံ ဝါကြွားတတ်တယ်။ မီးစလေးတစ်စက သစ်တောကြီးတစ်ခုလုံးကို လောင်ကျွမ်းစေသလိုပါပဲ။
၆ လျှာဟာ မီးပဲ။+ ခန္ဓာကိုယ် အစိတ်အပိုင်းတွေထဲမှာ လျှာဟာ ဆိုးညစ်မှုနဲ့ ပြည့်နှက်နေတယ်။ တစ်ကိုယ်လုံးကို ညစ်ညူးစေတယ်။+ တစ်ဘဝလုံးကို လောင်ကျွမ်းစေနိုင်တယ်။ ဂေဟင်နာ* အရပ်လို ဖျက်ဆီးတတ်တယ်။
၇ သားရဲတွေ၊ ငှက်တွေ၊ တွားသွားသတ္တဝါတွေ၊ ပင်လယ်သတ္တဝါတွေကို ယဉ်ပါးအောင် ထိန်းလို့ ရတယ်၊ ထိန်းလည်း ထိန်းခဲ့ကြတယ်။
၈ လျှာကိုတော့ ဘယ်လူသားမှ မထိန်းနိုင်ဘူး။ လျှာဟာ ထိန်းလို့ မရတဲ့အရာ၊ ထိခိုက်နစ်နာစေတဲ့အရာပဲ။ သေစေနိုင်တဲ့ အဆိပ်နဲ့ ပြည့်နေတယ်။+
၉ ကျွန်တော်တို့က အဖဘုရားသခင် ယေဟောဝါကို* လျှာနဲ့ ချီးမွမ်းတတ်တယ်။ “ဘုရားသခင်နဲ့ တူအောင်”+ ဖန်ဆင်းထားတဲ့ လူကိုလည်း အဲဒီလျှာနဲ့ပဲ ကျိန်ဆဲတတ်တယ်။
၁၀ နှုတ်တစ်ခုတည်းကနေ ချီးမွမ်းခြင်းရော ကျိန်ဆဲခြင်းပါ ထွက်လာတယ်။
ညီအစ်ကိုတို့၊ အဲဒီလိုဖြစ်နေတာ မကောင်းဘူး။+
၁၁ စမ်းရေတစ်ပေါက်တည်းကနေ ရေချိုရော ရေခါးပါ ထွက်တတ်သလား။
၁၂ ညီအစ်ကိုတို့၊ သဖန်းပင်မှာ သံလွင်သီး သီးတတ်သလား။ စပျစ်ပင်မှာ သဖန်းသီး သီးတတ်သလား။+ ရေငန်အိုင်မှာ ရေချိုထွက်တတ်သလား။
၁၃ ဉာဏ်ပညာနဲ့ သိနားလည်နိုင်စွမ်း ရှိတဲ့သူ ခင်ဗျားတို့ထဲမှာ ရှိသလား။ ရှိတယ်ဆိုရင် အမူအကျင့်ကောင်းနဲ့ သက်သေပြရမယ်။ ဉာဏ်ပညာကြောင့် ဖြစ်ပေါ်လာတဲ့ နူးညံ့သိမ်မွေ့ခြင်းနဲ့ အရာရာကို လုပ်ဆောင်တတ်သူ ဖြစ်ရမယ်။
၁၄ ဒါပေမဲ့ ခင်ဗျားတို့ရင်ထဲမှာ မနာလိုစိတ် များနေရင်၊+ ငြင်းခုံရန်တွေ့ချင်စိတ် ရှိနေရင်*+ မိမိဉာဏ်ပညာအတွက် မဝါကြွားပါနဲ့။+ အဲဒီလိုဝါကြွားနေရင် လိမ်ညာပြောနေတာပဲ။
၁၅ အဲဒါဟာ အထက်က လာတဲ့ ဉာဏ်ပညာ မဟုတ်ဘူး။ ဒီလောကနဲ့ဆိုင်တဲ့၊+ အပြစ်ရှိတဲ့ အလိုဆန္ဒနောက် လိုက်သူတွေနဲ့ဆိုင်တဲ့၊ နတ်ဆိုးနဲ့ဆိုင်တဲ့ ပညာပဲ။
၁၆ မနာလိုစိတ်၊ ငြင်းခုံရန်တွေ့ချင်စိတ်* ရှိတဲ့နေရာမှာ စည်းစနစ် မရှိတာတွေ၊ ယုတ်ညံ့တာတွေ ရှိတတ်တယ်။+
၁၇ အထက်က လာတဲ့ ဉာဏ်ပညာကို ပိုင်ဆိုင်တဲ့သူဟာ ဦးဆုံးအနေနဲ့ စင်ကြယ်တယ်။+ ပြီးတော့ သင့်သင့်မြတ်မြတ် နေတတ်တယ်။+ အကျိုးသင့်အကြောင်းသင့် ရှိတယ်။+ နာခံဖို့ အသင့်ရှိတယ်။ ကရုဏာတွေ၊ အကျင့်ကောင်းတွေနဲ့* ပြည့်စုံတယ်။+ မျက်နှာမလိုက်တတ်ဘူး။+ သူတော်ကောင်းအဖြစ် ဟန်မဆောင်ဘူး။+
၁၈ ဒါ့အပြင် ဖြောင့်မတ်ခြင်းမျိုးစေ့ဟာ သင့်မြတ်စေသူအတွက်*+ ငြိမ်သက်တဲ့ အခြေအနေမှာ+ ကြဲထားတယ်။
အောက်ခြေမှတ်ချက်များ
^ နောက်ဆက်တွဲ က၅ ကိုကြည့်။
^ “အတ္တဆန်တဲ့ ရည်မှန်းချက်ရှိနေရင်” လည်းဖြစ်နိုင်။
^ “အတ္တဆန်တဲ့ ရည်မှန်းချက်” လည်းဖြစ်နိုင်။
^ မူရင်း၊ “အသီးအပွင့်ကောင်း။”
^ “သင့်မြတ်စေသူက ဖြောင့်မတ်ခြင်းမျိုးစေ့ကို” လည်းဖြစ်နိုင်။