ယာကုပ် ၄:၁-၁၇
၄ ခင်ဗျားတို့ဆီမှာ ဖြစ်နေတဲ့ ရန်လိုတာတွေ၊ တိုက်ခိုက်တာတွေဟာ ဘယ်ကနေ အရင်းခံသလဲ။ ခင်ဗျားတို့ကို ချုပ်ကိုင်ဖို့ တိုက်ခိုက်နေတဲ့ အပြစ်ရှိတဲ့ အလိုဆန္ဒတွေကနေ အရင်းခံတာပဲ မဟုတ်လား။+
၂ ခင်ဗျားတို့က ဆန္ဒရှိပေမဲ့ ဘာကိုမှ မရကြဘူး။ လူ့အသက် သတ်ပြီး လိုချင်တပ်မက်စိတ် ကြီးပေမဲ့ မရနိုင်ကြဘူး။ အချင်းချင်း ရန်လိုပြီး တိုက်ခိုက်နေကြတယ်။+ ဘုရားသခင်ကို မတောင်းလျှောက်တဲ့အတွက် မရနိုင်ကြဘူး။
၃ တောင်းပြန်တော့လည်း မရဘူး။ အပြစ်ရှိတဲ့ အလိုဆန္ဒတွေ ပြည့်ဖို့ပဲ တလွဲ တောင်းနေတာကိုး။
၄ ဖောက်ပြန်သူတို့၊ လောကနဲ့ မိတ်ဖွဲ့သူဟာ ဘုရားသခင်ရဲ့ ရန်သူ ဖြစ်မှန်း မသိကြဘူးလား။ လောကရဲ့ မိတ်ဆွေ ဖြစ်ချင်သူဟာ ဘုရားသခင်ရဲ့ ရန်သူ ဖြစ်လိမ့်မယ်။+
၅ “ရင်ထဲမှာ ရှိတဲ့ မနာလိုစိတ်က အရာရာကို မပြတ် လိုချင်တောင့်တနေတယ်”+ ဆိုပြီး ကျမ်းစာမှာ အကြောင်းမဲ့ ပြောထားတယ်လို့ ထင်နေကြသလား။
၆ ဘုရားသခင် ပေးသနားတဲ့ မဟာကရုဏာကတော့ ပိုပြီး ကြီးမြတ်တယ်။ “ဘုရားသခင်က မောက်မာသူတွေကို ဆန့်ကျင်တယ်။+ စိတ်နှိမ့်ချသူတွေကိုတော့ မဟာကရုဏာ ပေးသနားတယ်”+ လို့ ကျမ်းစာမှာ ပြောထားတယ်။
၇ ဒါကြောင့် ဘုရားသခင်ကို လက်အောက်ခံကြပါ။+ မာရ်နတ်ကို ခုခံတွန်းလှန်ကြပါ။+ ဒါဆိုရင် ခင်ဗျားတို့ဆီကနေ သူ ထွက်ပြေးသွားလိမ့်မယ်။+
၈ ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားပါ။* ဒါဆိုရင် ဘုရားသခင်လည်း ခင်ဗျားတို့နဲ့ ရင်းနှီးလာလိမ့်မယ်။+ အပြစ်သားတို့၊ ခင်ဗျားတို့ရဲ့ လက်ကို သန့်စင်စေကြပါ။+ မပြတ်သားသူတို့၊ ခင်ဗျားတို့ရဲ့ စိတ်နှလုံးကို စင်ကြယ်စေကြပါ။+
၉ ဝမ်းနည်းငိုကြွေးနေကြပါ။+ ရယ်မောနေမယ့်အစား ညည်းတွားကြပါ။ ဝမ်းသာနေမယ့်အစား ဝမ်းနည်းနေကြပါ။
၁၀ ယေဟောဝါ* ရှေ့မှာ နှိမ့်ချကြပါ။+ ဒါဆိုရင် ခင်ဗျားတို့ကို ဘုရားသခင် ချီးမြှောက်လိမ့်မယ်။+
၁၁ ညီအစ်ကိုတို့၊ အချင်းချင်း မကောင်းမပြောကြနဲ့တော့။+ ညီအစ်ကိုအကြောင်း မကောင်းပြောတာ၊ ပြစ်တင်ဝေဖန်တာဟာ ပညတ်ကို မကောင်းပြောတာ၊ ပြစ်တင်ဝေဖန်တာပဲ။ ပညတ်ကို ပြစ်တင်ဝေဖန်မယ်ဆိုရင် ပညတ်ကို ကျင့်တဲ့သူ မဟုတ်ဘဲ တရားစီရင်တဲ့သူ ဖြစ်နေပြီ။
၁၂ ပညတ်ပြဋ္ဌာန်းရှင်၊ တရားသူကြီးက တစ်ပါးပဲ ရှိတယ်။+ အဲဒီအရှင်က လူတွေကို ကယ်တင်နိုင်တယ်၊ ဖျက်ဆီးနိုင်တယ်။+ ခင်ဗျားတို့ကျတော့ ဘယ်သူမို့လို့ လူလူချင်းကို တရားစီရင်ရသလဲ။+
၁၃ ခင်ဗျားတို့ထဲက တချို့က “ဒီနေ့ဖြစ်ဖြစ်၊ မနက်ဖြန်ဖြစ်ဖြစ် အဲဒီမြို့မှာ တစ်နှစ်လောက် သွားနေကြစို့။ အဲဒီမှာ အမြတ်အစွန်း ရအောင် စီးပွားရှာကြစို့”+ ဆိုပြီး ပြောတတ်ကြတယ်။
၁၄ တကယ်တော့ မနက်ဖြန် ဘာဖြစ်လာမယ်မှန်း ခင်ဗျားတို့ သိတာမှ မဟုတ်တာ။+ ခင်ဗျားတို့ဟာ မြူခိုးလိုပဲ ခဏ ပေါ်လာပြီးနောက် ပျောက်ကွယ်သွားမှာ။+
၁၅ အဲဒီအစား “ယေဟောဝါ* ဘုရား အလိုတော်ရှိရင်+ ကျွန်တော်တို့ အသက်ဆက်ရှင်ပြီး ဒါတွေဒါတွေ လုပ်ကြမယ်” လို့ ပြောသင့်တာပေါ့။
၁၆ အခုတော့ ခင်ဗျားတို့ မာနကြီးပြီး ကြွားလုံးထုတ်နေလိုက်ကြတာ။ အဲဒီလိုကြွားတာ မကောင်းဘူး။
၁၇ မှန်တာကို ဘယ်လို လုပ်ရမယ်မှန်း သိလျက်နဲ့ မလုပ်တဲ့သူဟာ အပြစ်ရှိတယ်။+
အောက်ခြေမှတ်ချက်များ
^ ဒါမှမဟုတ်၊ “ဘုရားသခင်ဆီ ချဉ်းကပ်ပါ။”
^ နောက်ဆက်တွဲ က၅ ကိုကြည့်။
^ နောက်ဆက်တွဲ က၅ ကိုကြည့်။