ယေဇကျေလ ၂၉:၁-၂၁
၂၉ ဆယ်နှစ်မြောက်၊ ဆယ်လပိုင်း၊ ဆယ့်နှစ်ရက်နေ့မှာ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်–
၂ “လူသား၊ အီဂျစ်ဘုရင် ဖာရောဘက်ကို မျက်နှာမူပြီး သူရော အီဂျစ်ပြည်ပါ ပျက်စီးမယ့်အကြောင်း ပရောဖက်ပြုပါ။+
၃ မင်းပြောလိုက်ပါ– ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက–
“အီဂျစ်ဘုရင် ဖာရော၊ မင်းကို ငါတိုက်ခိုက်မယ်။+
မင်းဟာ နိုင်းမြစ်ရဲ့ တူးမြောင်းတွေထဲက ပင်လယ်သတ္တဝါကြီးပဲ။+
‘နိုင်းမြစ်ကို ငါပိုင်တယ်။
ငါ့အတွက် ငါလုပ်ထားတာ’ လို့ မင်းပြောနေတယ်။+
၄ ဒါပေမဲ့ မင်းရဲ့မေးရိုးကို ချိတ်တွေနဲ့ ငါ ချိတ်မယ်။ နိုင်းမြစ်မှာရှိတဲ့ ငါးတွေကို မင်းရဲ့အကြေးခွံမှာ ကပ်စေမယ်။
အကြေးခွံမှာကပ်နေတဲ့ ငါးတွေနဲ့အတူ မင်းကို နိုင်းမြစ်ထဲကနေ ဆွဲထုတ်မယ်။
၅ မင်းနဲ့ နိုင်းမြစ်ထဲကငါးတွေကို ကန္တာရမှာ ပစ်ထားမယ်။
ကွင်းပြင်မှာကျသွားတဲ့ မင်းကို ကောက်သိမ်းမယ့်သူ ရှိမှာမဟုတ်ဘူး။+
မင်းကို တောသားရဲတွေ၊ မိုးကောင်းကင်ငှက်တွေ စားဖို့ ငါကျွေးမယ်။+
၆ အဲဒီအခါ ငါဟာ ယေဟောဝါဖြစ်မှန်း အီဂျစ်တစ်ပြည်လုံး သိရလိမ့်မယ်။
သူတို့က အစ္စရေးအမျိုးကို ကောက်ရိုးတစ်မျှင်လောက်တောင် မထောက်မပေးခဲ့ကြဘူး။+
၇ အစ္စရေးတွေက မင်းကို ချိုင်းထောက်လို အားပြုပေမဲ့ မင်း ကြေမွသွားတဲ့အတွက် သူတို့ပခုံးတွေ ပွန်းပဲ့ခဲ့တယ်။
သူတို့ မှီတဲ့အခါ မင်း ကျိုးသွားတဲ့အတွက်
သူတို့ ခြေယိုင်ခဲ့တယ်။”+
၈ “‘ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “မင်းအပေါ် ဓားဘေး ကျရောက်စေမယ်။+ လူသူတိရစ္ဆာန်တွေကို မင်းဆီကနေ ငါပယ်ရှင်းမယ်။
၉ အီဂျစ်ပြည်ဟာ လူသူကင်းမဲ့တဲ့ အပျက်အယွင်းနေရာ ဖြစ်သွားလိမ့်မယ်။+ ငါဟာ ယေဟောဝါပဲဆိုတာ သူတို့သိရကြလိမ့်မယ်။ ‘နိုင်းမြစ်ကို ငါပိုင်တယ်။ ငါလုပ်ထားတာ’ လို့ မင်းပြောတယ်။+
၁၀ ဒါကြောင့် မင်းနဲ့ မင်းရဲ့နိုင်းမြစ်ကို ငါတိုက်ခိုက်မယ်။ အီဂျစ်ပြည်ကို မိဂဒေါလအရပ်ကနေ+ သုနေမြို့အထိ၊+ အီသီယိုးပီးယားနယ်စပ်အထိ ပျက်စီးခြောက်သွေ့ပြီး လူသူကင်းမဲ့တဲ့ လွင်တီးခေါင်ဖြစ်စေမယ်။+
၁၁ အဲဒီနေရာမှာ လူသူတိရစ္ဆာန်တွေ ခြေချမှာ မဟုတ်ဘူး။+ အနှစ် ၄၀ လုံး နေထိုင်သူရှိမှာ မဟုတ်ဘူး။
၁၂ ငါက အနှစ် ၄၀ လုံး အီဂျစ်ပြည်ကို လူသူအကင်းမဲ့ဆုံးပြည်၊ အီဂျစ်မြို့တွေကို လူသူအကင်းမဲ့ဆုံးမြို့တွေ ဖြစ်စေမယ်။+ အီဂျစ်ပြည်သားတွေကို လူမျိုးတွေအလယ်မှာ ကွဲလွင့်စေပြီး တိုင်းပြည်အရပ်ရပ်မှာ တကွဲတပြား ဖြစ်စေမယ်။”+
၁၃ “‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “အနှစ် ၄၀ စေ့တဲ့အခါ တကွဲတပြားဖြစ်သွားတဲ့ အီဂျစ်လူတွေကို ငါပြန်စုသိမ်းမယ်။+
၁၄ အီဂျစ်သုံ့ပန်းတွေကို ဇာတိမြေ ပါသရုအရပ်ဆီ ပြန်ခေါ်လာမယ်။+ အဲဒီမှာ သူတို့နိုင်ငံကို အရေးမပါတဲ့နိုင်ငံ ဖြစ်စေမယ်။
၁၅ အီဂျစ်ပြည်က တခြားနိုင်ငံတွေထက် နိမ့်ကျသွားလိမ့်မယ်။ တခြားလူမျိုးတွေကို ကြီးစိုးနိုင်တော့မှာ မဟုတ်ဘူး။+ သူတို့ကို သေးနုပ်စေမှာဖြစ်လို့ တခြားလူမျိုးတွေကို အနိုင်ရတော့မှာ မဟုတ်ဘူး။+
၁၆ အီဂျစ်ပြည်ဟာ အစ္စရေးအမျိုးအတွက် အားကိုးစရာ ဖြစ်တော့မှာ မဟုတ်ဘူး။+ အဲဒီအစား အီဂျစ်လူတွေဆီ အကူအညီတောင်းခဲ့မိတဲ့ သူတို့ရဲ့အမှားကိုပဲ ပြန်အမှတ်ရစေလိမ့်မယ်။ ငါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပဲဆိုတာ သူတို့သိရလိမ့်မယ်။”’”
၁၇ နှစ်ဆယ့်ခုနစ်နှစ်မြောက်၊ တစ်လပိုင်း၊ တစ်ရက်နေ့မှာ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်–
၁၈ “လူသား၊ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာက+ တိုင်ရာမြို့ကိုတိုက်ခိုက်ဖို့ သူ့စစ်တပ်ကို အကြီးအကျယ် ခိုင်းစားတယ်။+ စစ်သည်တွေဟာ ခေါင်းတုံးဖြစ်သွားပြီး ပခုံးတွေ ပွန်းပဲ့ကုန်တယ်။ ဒါပေမဲ့ သူနဲ့သူ့စစ်တပ်က တိုင်ရာမြို့ကို တိုက်ခိုက်ဖို့ အားကုန်သုံးပေမဲ့ ဘာလုပ်အားခမှ မရဘူး။
၁၉ “ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘အီဂျစ်ပြည်ကို ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာလက်ထဲ ငါအပ်မယ်။+ သူက အီဂျစ်စည်းစိမ်တွေ၊ တိုက်ရာပါဥစ္စာတွေ တစ်ပုံတစ်ခေါင်း သိမ်းသွားလိမ့်မယ်။ ဒါဟာ သူ့စစ်တပ်အတွက် လုပ်အားခ ဖြစ်လာလိမ့်မယ်။’
၂၀ “‘တိုင်ရာမြို့ကို တိုက်ခိုက်တဲ့ သူ့လုပ်အားအတွက် အီဂျစ်ပြည်ကို ငါပေးမယ်။ ငါ့အတွက် သူတို့လုပ်ဆောင်ပေးခဲ့လို့ပဲ’+ လို့ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတယ်။
၂၁ “အဲဒီအချိန်ရောက်ရင် အစ္စရေးအမျိုးကို ငါခွန်အားပြည့်စေမယ်။*+ မင်းကို သူတို့အလယ်မှာ စကားပြောခွင့် ပေးမယ်။ ငါဟာ ယေဟောဝါပဲဆိုတာ သူတို့သိရကြလိမ့်မယ်။”
အောက်ခြေမှတ်ချက်များ
^ မူရင်း၊ “အစ္စရေးအမျိုးအတွက် ဦးချိုတစ်ချောင်း ပေါက်စေမယ်။”