ယောဘ ၁၅:၁-၃၅
၁၅ တေမန်အမျိုးသား ဧလိဖတ်+ ပြန်ပြောတာက–
၂ “ဉာဏ်ပညာရှိသူက အဓိပ္ပာယ်မဲ့တဲ့စကားတွေ ပြောပါ့မလား။
ကိုယ့်ဝမ်းကို အရှေ့လေတွေနဲ့ ဖြည့်ထားပါ့မလား။
၃ အဲဒီလိုစကားနဲ့ ဆုံးမနေတာ ဘာမှအသုံးမဝင်ဘူး။
ပြောနေရုံနဲ့ ဘာမှ အကျိုးမထူးဘူး။
၄ ခင်ဗျားကြောင့် ဘုရားကို ကြောက်စိတ်တွေ လျော့ကုန်ပြီ။
ဘုရားအကြောင်း တွေးတောချင်စိတ်တွေ ပျောက်ကုန်ပြီ။
၅ ခင်ဗျားရဲ့အမှားက ခင်ဗျားဘာပြောရမယ်ဆိုတာ ညွှန်ကြားနေတယ်။
ခင်ဗျားက စဉ်းလဲတဲ့စကားတွေ ပြောတယ်။
၆ ခင်ဗျားကို အပြစ်တင်တာ ကျုပ် မဟုတ်ဘူး။ ခင်ဗျားပဲ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတာ။
ကိုယ့်အမှားကို ကိုယ်တိုင် သက်သေထွက်ဆိုနေတာ။+
၇ ခင်ဗျားက ဦးဆုံးမွေးဖွားလာတဲ့ လူလား။
တောင်ကုန်းတွေ မပေါ်ပေါက်ခင် မွေးဖွားလာတာလား။
၈ ဘုရားပြောတဲ့ အတွင်းရေးတွေကို ကြားနာခွင့်ရထားလို့လား။
ခင်ဗျားတစ်ယောက်တည်းပဲ ဉာဏ်ပညာရှိတာလား။
၉ ခင်ဗျားပဲ သိပြီး ကျုပ်တို့မသိတာ ရှိလို့လား။+
ခင်ဗျားပဲ နားလည်ပြီး ကျုပ်တို့နားမလည်တာ ရှိလို့လား။
၁၀ ကျုပ်တို့ထဲမှာ ဆံဖြူနေသူတွေ၊ခင်ဗျားအဖေထက် အသက်ကြီးသူတွေ ရှိတယ်။+
၁၁ ခင်ဗျားကို ဘုရားနှစ်သိမ့်ပေးတာ၊ညင်ညင်သာသာ ပြောတာတွေ မလုံလောက်သေးဘူးလား။
၁၂ ခင်ဗျား ဘာလို့ စိတ်ကြီးဝင်နေတာလဲ။
မျက်လုံးတွေက ဘာလို့ ဒေါသမီး ဝင်းဝင်းတောက်နေတာလဲ။
၁၃ ခင်ဗျားက ဘုရားသခင်ကို စိတ်ဆိုးလို့
ဒီလိုစကားမျိုး ပြောတာ။
၁၄ သေမျိုးဖြစ်တဲ့လူဟာ ဘယ်လိုလုပ် စင်ကြယ်နိုင်မှာလဲ။
မိန်းမမွေးတဲ့လူဟာ ဘယ်လိုလုပ် ဖြောင့်မတ်နိုင်မှာလဲ။+
၁၅ ကြည့်လေ။ ဘုရားက သန့်ရှင်းသူတွေကိုတောင် မယုံဘူး။
မိုးကောင်းကင်တောင် ရှေ့တော်မှာ မစင်ကြယ်ဘူး။+
၁၆ ရွံစရာကောင်းပြီး အကျင့်ပျက်သူ၊+
မဖြောင့်မတ်မှုကို ရေသောက်သလို သောက်သုံးနေသူဆိုရင်တော့ ပြောမနေနဲ့တော့။
၁၇ ကျုပ်ပြောမယ်။ နားထောင်ပါ။
မြင်ဖူးသမျှ ကျုပ်ပြောပြမယ်။
၁၈ ဉာဏ်ပညာရှိသူတွေကို ဘိုးဘေးတွေ မထိမ်ဝှက်ဘဲ ပြောခဲ့တဲ့အရာတွေ+ကျုပ်ပြောပြမယ်။
၁၉ ဘိုးဘေးတွေက ပြည်ကို ရခဲ့တယ်။
အဲဒီပြည်ထဲ ဘယ်သူစိမ်းမှ မဖြတ်သွားဘူး။
၂၀ လူဆိုးဟာ တစ်သက်လုံး ဒုက္ခကြုံရတယ်။
အာဏာရှင်ဟာ သက်တမ်းတစ်လျှောက်လုံး ဒုက္ခခံရတယ်။
၂၁ ကြောက်လန့်စရာအသံတွေ ကြားရတယ်။+
အေးချမ်းငြိမ်သက်ချိန်မှာ ဓားပြတိုက်ခံရတယ်။
၂၂ အမှောင်ထဲကနေ လွတ်မယ်လို့ သူ မထင်ဘူး။+
သူ့ကို ဓားဘေး စောင့်ကြိုနေတယ်။
၂၃ သူက စားစရာ ဘယ်မှာလဲဆိုပြီး လိုက်ရှာနေရတယ်။
အမှောင်နေ့ဟာ လက်တစ်ကမ်းမှာပဲဆိုတာ ကောင်းကောင်းသိနေတယ်။
၂၄ စိတ်ဆင်းရဲမှုနဲ့ ပူပင်သောကဟာ သူ့ကို ခြောက်လှန့်နေတယ်။
တိုက်ပွဲဝင်ဖို့အသင့်ဖြစ်နေတဲ့ ဘုရင်လို သူ့ကို အနိုင်ယူလိုက်တယ်။
၂၅ သူက ဘုရားကို လက်သီးလက်မောင်း တန်းပြတဲ့အတွက်၊အနန္တတန်ခိုးရှင်ကို အာခံဖို့ကြိုးစားတဲ့အတွက်၊
၂၆ ဒိုင်းလွှားကြီးကို ကိုင်ပြီး
ဘုရားကိုတိုက်ခိုက်ဖို့ ခေါင်းမာမာနဲ့ ပြေးလာတဲ့အတွက်၊
၂၇ သူ့မျက်နှာက အဆီတွေနဲ့ မို့အစ်နေသလို
ခါးကလည်း အဆီတွေနဲ့ တုတ်ခိုင်နေတဲ့အတွက်၊
၂၈ ဖျက်ဆီးခံရမယ့် မြို့တွေ၊လူမနေတော့ဘဲကျောက်ပုံဖြစ်ရမယ့် အိမ်တွေမှာ နေထိုင်ရတယ်။
၂၉ သူ ချမ်းသာလာမှာ မဟုတ်ဘူး။ စည်းစိမ်တိုးလာမှာ မဟုတ်ဘူး။
သူ့ပစ္စည်းဥစ္စာတွေ ပွားများလာမှာ မဟုတ်ဘူး။
၃၀ အမှောင်ထဲကနေ လွတ်မှာမဟုတ်ဘူး။
သူ့အခက်အလက်ဟာ မီးလျှံကြောင့် ခြောက်သွေ့ သွားလိမ့်မယ်။
ဘုရားရှူထုတ်တဲ့ လေကြောင့် သူသေဆုံးသွားလိမ့်မယ်။+
၃၁ တကယ်ဆို သူ လမ်းမလွဲသင့်ဘူး။ အကျိုးမရှိတဲ့အရာကို မကိုးစားသင့်ဘူး။
အကျိုးမရှိတာကို ပြန်ရမှာမို့လို့ပဲ။
၃၂ သူ့အချိန်မရောက်ခင် အဲဒီအတိုင်း ဖြစ်လိမ့်မယ်။
သူ့အကိုင်းအခက်တွေလည်း ဘယ်တော့မှ စိမ်းလန်းမှာ မဟုတ်ဘူး။+
၃၃ သူဟာ မမှည့်ခင် အသီးကြွေသွားတဲ့ စပျစ်ပင်လို၊အပွင့်ကြွေသွားတဲ့ သံလွင်ပင်လို ဖြစ်လိမ့်မယ်။
၃၄ ဘုရားတရားမဲ့တဲ့ လူစုဟာ ဖြစ်ထွန်းမှာ မဟုတ်ဘူး။+
လာဘ်စားသူတွေရဲ့တဲဟာ မီးလောင်သွားလိမ့်မယ်။
၃၅ သူတို့က ဒုက္ခကို ကိုယ်ဝန်ဆောင်ပြီး ဒုစရိုက်ကို မွေးဖွားတယ်။
လှည့်စားမှုကို မွေးထုတ်တယ်။”