ယောဘ ၁၉:၁-၂၉

  • ယောဘ ပြန်ပြော (၁-၂၉)

    • “မိတ်ဆွေတွေ” စွပ်စွဲတာကို ယောဘချေပ (၁-၆)

    • စွန့်ပစ်ခံရပြီလို့ ယောဘပြော (၁၃-၁၉)

    • “ကျုပ်ကို ရွေးနုတ်မယ့်သူ အသက်ရှင်နေ” (၂၅)

၁၉  ယောဘ ပြန်ပြောတာက– ၂  “ခင်ဗျားတို့ ကျုပ်ကို ဘယ်အချိန်ထိ စိတ်အနှောင့်အယှက် ပေးနေမှာလဲ။+ ဘယ်အချိန်ထိ စကားနဲ့ ချိုးဖဲ့နေမှာလဲ။+  ၃  ကျုပ်ကို ပြစ်တင်ဆုံးမတာ ဆယ်ကြိမ်ရှိနေပြီ။ အရှက်မရှိ မညှာမတာ ဆက်ဆံကြပြီ။+  ၄  ကျုပ် အမှားလုပ်ခဲ့တယ်ဆိုရင်တောင်ကျုပ်နဲ့ပဲ ဆိုင်တယ်။  ၅  ကျုပ် ကဲ့ရဲ့ခံထိုက်လို့ ခံရတာဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပိုချီးမြှောက်နေကြမယ်ဆိုရင်၊  ၆  ကျုပ်ကိုလမ်းလွဲစေသူဟာ ဘုရားသခင်ပဲဆိုတာ သိထားကြပါ။ ဘုရားက ကျုပ်ကို ပိုက်ကွန်နဲ့ဖမ်းတယ်။  ၇  ‘ရက်စက်လိုက်တာ လို့အော်ပေမဲ့လည်း နားထောင်ပေးမယ့်သူ မရှိဘူး။+ အော်ဟစ်အကူအညီတောင်းပေမဲ့လည်း တရားမျှတမှုဆိုတာ မရှိဘူး။+  ၈  ဘုရားက လမ်းကို ကျောက်တံတိုင်းနဲ့ ကာဆီးထားလို့ ကျုပ် ဖြတ်မသွားနိုင်ဘူး။ လမ်းတွေကို အမှောင်ချထားတယ်။+  ၉  ကျုပ်ရဲ့ဂုဏ်ကျက်သရေကို ရုပ်သိမ်းလိုက်ပြီ။ ခေါင်းပေါ်က သရဖူကို ဖယ်ရှားလိုက်ပြီ။ ၁၀  ကျုပ် ပျက်စီးသွားတဲ့အထိ အဘက်ဘက်ကနေ ဖြိုချတယ်။ ကျုပ်ရဲ့မျှော်လင့်ချက်ကို သစ်ပင်လို ဆွဲနုတ်ပစ်တယ်။ ၁၁  ကျုပ်ကို ဒေါသမီးတောက်လောင်ပြီး ရန်သူလို သဘောထားတယ်။+ ၁၂  ဘုရားရဲ့စစ်တပ်က ချီတက်လာပြီး ကျုပ်ကို ဝိုင်းထားတယ်။ တဲပတ်လည်မှာ စခန်းချထားတယ်။ ၁၃  ဘုရားက ညီရင်းအစ်ကိုတွေကို ကျုပ်နဲ့ဝေးရာဆီ မောင်းထုတ်လိုက်ပြီ။ အသိမိတ်ဆွေတွေ ရှောင်ဖယ်သွားကြပြီ။+ ၁၄  ဆွေမျိုးရင်းချာတွေ ကျုပ်ကို ထားရစ်ခဲ့ပြီ။ အသိအကျွမ်းတွေကလည်း မေ့ကုန်ပြီ။+ ၁၅  အိမ်မှာလာတည်းဖူးတဲ့ ဧည့်သည်တွေ၊+ အစေခံမိန်းကလေးတွေက ကျုပ်ကို သူစိမ်းတစ်ရံလို သဘောထားကြတယ်။ သူတို့အမြင်မှာ ကျုပ်ဟာ တိုင်းတစ်ပါးသားပဲ။ ၁၆  ကျွန်ကို ခေါ်တော့လည်း သူပြန်မထူးဘူး။ အသနားခံ တောင်းပန်နေရတယ်။ ၁၇  ကျုပ်မိန်းမကတောင် ကျုပ်အာငွေ့ကို ရွံသတဲ့။+ ညီရင်းအစ်ကိုတွေအတွက် ကျုပ်ဟာ ပုပ်စော်နံနေပါပြီ။ ၁၈  ကလေးတွေလည်း ကျုပ်ကို မလေးစားကြတော့ဘူး။ မတ်တတ်ရပ်တဲ့အခါ သရော်ကြတယ်။ ၁၉  မိတ်ဆွေရင်းချာတွေက ကျုပ်ကို နှာခေါင်းရှုံ့ ကြပြီ။+ ချစ်ရသူတွေလည်း ခြေစုံကန်သွားကြပြီ။+ ၂၀  ကျုပ်မှာ အရိုးပေါ်အရေတင် ဖြစ်နေတယ်။+ သေဘေးကနေ သီသီကလေး လွတ်လာတယ်။* ၂၁  သူငယ်ချင်းတို့ရေ၊ သနားကြပါ။ သနားကြပါဦး။ ကျုပ်ကို ဘုရားသခင် ရိုက်နေပြီ။+ ၂၂  ဘုရားသခင်နှိပ်စက်နေသလို ခင်ဗျားတို့ ကျုပ်ကို ဘာလို့ နှိပ်စက်နေကြတာလဲ။+ ဘာလို့ မနားတမ်း ထိုးနှက်နေကြတာလဲ။+ ၂၃  ကျုပ်ရဲ့စကားတွေကို ရေးမှတ်ထားစေချင်လိုက်တာ။ စာစောင်ထဲမှာ ကမ္ပည်းထိုးထားစေချင်လိုက်တာ။ ၂၄  ထာဝစဉ် တည်မြဲအောင် သံကညစ်နဲ့ ကျောက်ထက်အက္ခရာတင်ပြီး ခဲရည်လောင်းထားရင် သိပ်ကောင်းမှာပဲ။ ၂၅  ကျုပ်ကိုရွေးနုတ်မယ့်သူ+ အသက်ရှင်နေမှန်း ကျုပ် ကောင်းကောင်းသိတယ်။ နောက်ပိုင်းမှာ သူက ကမ္ဘာမြေမှာ ပေါ်ထွန်းလာလိမ့်မယ်။ ၂၆  ကျုပ်ရဲ့အသားအရေတွေ ပျက်စီးသွားရင်တောင် အသက်ရှင်နေတုန်းမှာပဲ ဘုရားသခင်ကို မြင်ရလိမ့်မယ်။ ၂၇  ဘုရားကို ကိုယ်တိုင်မြင်ရမယ်။ ကိုယ့်မျက်စိနဲ့ တပ်အပ်မြင်ရမယ်။+ ကျုပ် ရင်ကွဲနာကျနေပြီ။ ၂၈  ပြဿနာအရင်းခံဟာ ကျုပ်ပဲ ဆိုတဲ့ပုံစံမျိုးနဲ့သူ့ကို ငါတို့နှိပ်စက်နေလို့လား ဆိုပြီး ခင်ဗျားတို့ ပြောနေကြတယ်။+ ၂၉  ဓားဘေးကို ကြောက်ကြစမ်းပါ။+ ဓားဆိုတာ အမှားလုပ်သူကို ဒဏ်ပေးတတ်တယ်။ တရားသူကြီးရှိတယ်ဆိုတာ ခင်ဗျားတို့ သိထားသင့်တယ်။”+

အောက်ခြေမှတ်ချက်များ

မူရင်း၊ “သွားရဲ့အပေါ်ယံလွှာနဲ့ပဲ လွတ်လာတယ်။”