ယောဘ ၂:၁-၁၃

  • ယောဘရဲ့စိတ်ရင်းကို စာတန် သံသယရှိ (၁-၅)

  • ယောဘရဲ့ခန္ဓာကို ထိခိုက်အောင် လုပ်ခွင့်ရ (၆-၈)

  • ယောဘရဲ့ဇနီးက “ဘုရားသခင်ကို ကျိန်ဆဲပြီး သေလိုက်ပါတော့” လို့ပြော (၉၊ ၁၀)

  • ယောဘရဲ့ မိတ်ဆွေသုံးယောက် ရောက်လာ (၁၁-၁၃)

 အဲဒီနောက် ဘုရားသခင်ရဲ့သားတွေ*+ ယေဟောဝါရှေ့ အခစားဝင်ရတဲ့နေ့ ရောက်လာတယ်။+ စာတန်လည်း သူတို့နဲ့အတူ ယေဟောဝါရှေ့ကို ဝင်လာတယ်။+ ၂  ယေဟောဝါက  “ဘယ်ကလာတာလဲ” လို့ မေးတဲ့အခါ စာတန်က “ကမ္ဘာအနှံ့ လှည့်လည်ပြီး လာခဲ့တာ”+ လို့ ယေဟောဝါကို ဖြေတယ်။ ၃  ဒါနဲ့ ယေဟောဝါက “ငါ့ကျွန်ယောဘကို သတိထားမိသလား။ ကမ္ဘာပေါ်မှာ သူ့လို လူတစ်ယောက်မှ မရှိဘူး။ ရိုးဖြောင့်သူ၊ သမာဓိရှိသူ၊+ ဘုရားသခင်ကို ကြောက်ရွံ့သူ၊ မကောင်းမှုကို ရှောင်တဲ့သူ ဖြစ်တယ်။ သူ့ကို အကြောင်းမရှိဘဲ ဒုက္ခပေးဖို့ မင်းတိုက်တွန်းပေမဲ့+ သူကတော့ သမာဓိခိုင်မြဲနေတုန်းပဲ”+ လို့ပြောတယ်။ ၄  ဒါပေမဲ့ စာတန်က ယေဟောဝါကို  “အသက်အတွက် အသက်ဆိုသလိုပေါ့။*  လူဟာ အသက်ဆက်ရှင်ဖို့ ကိုယ်ပိုင်ဆိုင်သမျှကို ပေးမှာပဲ။ ၅  အခု လက်ကိုဆန့်ပြီး သူ့အရိုးနဲ့အသားကို ထိခိုက်ကြည့်ပါလား။ ခင်ဗျားကို ရှေ့မှာတင် ကျိန်းသေ ကျိန်ဆဲလိမ့်မယ်”+ လို့ပြောတယ်။ ၆  အဲဒီအခါ   ယေဟောဝါက “ကောင်းပြီ။ သူဟာ မင်းလက်ထဲမှာ ရှိတယ်။ သူ့အသက်ကိုတော့ မထိနဲ့” လို့ပြောတယ်။ ၇  စာတန်လည်း ယေဟောဝါရှေ့ကနေ  ထွက်သွားပြီး ယောဘကို ဆိုးဝါးတဲ့ အနာစိမ်းတွေ+ ခြေဆုံး ခေါင်းဆုံး   ပေါက်စေတယ်။ ၈  ယောဘခမျာ ကုတ်ခြစ်ဖို့ အိုးခြမ်းပဲ့ကို ယူပြီး ပြာထဲမှာ ထိုင်နေရတယ်။+ ၉  နောက်တော့ သူ့ဇနီးက “ရှင်သမာဓိ ခိုင်မြဲနေတုန်းပဲလား။ ဘုရားသခင်ကို  ကျိန်ဆဲပြီး  သေလိုက်ပါတော့” လို့ပြောတယ်။ ၁၀  ယောဘက “အသိတရား မရှိတဲ့ မိန်းမလို မင်းပြောနေပါလား။ ဘုရားသခင်ဆီကနေ ကောင်းတာကိုပဲ ငါတို့လက်ခံပြီး မကောင်းတာကိုတော့ လက်မခံဘဲနေရမှာလား”+ လို့ ပြန်ပြောတယ်။ ဒါတွေအားလုံးကြုံရပေမဲ့ ယောဘက နှုတ်နဲ့တောင် မပြစ်မှားဘူး။+ ၁၁  ယောဘရဲ့  မိတ်ဆွေသုံးယောက်ဖြစ်တဲ့  တေမန်အမျိုးသား ဧလိဖတ်၊+ ရှုအာအမျိုးသား+ ဗိလဒဒ်၊+ နေမတ်အမျိုးသား ဇောဖာတို့က+ ယောဘကြုံရတဲ့ အဖြစ်ဆိုးတွေကို ကြားတဲ့အခါ နေရပ်အသီးသီးကနေ ထွက်လာတယ်။ သူတို့အတူဆုံပြီး ယောဘကို စာနာတဲ့စကား၊ နှစ်သိမ့်စကားတွေပြောဖို့ ရောက်လာကြတယ်။ ၁၂  ယောဘကို အဝေးကနေ လှမ်းမြင်ပေမဲ့ သူတို့ မမှတ်မိဘူး။ ယောဘမှန်းလည်းသိရော အကြီးအကျယ် ငိုကြတယ်။ အဝတ်ကို ဆွဲဆုတ်ပြီး မြေမှုန့်တွေကို  ခေါင်းပေါ်  ပစ်တင်ကြတယ်။+ ၁၃  ယောဘနဲ့အတူ ခုနစ်ရက်ပတ်လုံး မြေပေါ်မှာ ထိုင်ကြတယ်။ ယောဘ အကြီးအကျယ် ဝေဒနာခံစားနေတာကို မြင်ရတဲ့အတွက်  စကားတစ်ခွန်းမှ မပြောကြဘူး။+

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “ကောင်းကင်တမန်တွေ။”
မူရင်း၊ “အရေပြားအတွက် အရေပြား။”