ယောဘ ၂၁:၁-၃၄
၂၁ ယောဘ ပြန်ပြောတာက–
၂ “ကျုပ်ပြောတာကို အသေအချာ နားထောင်ကြပါ။
ဒါဆို နှစ်သိမ့်ပေးရာ ရောက်လိမ့်မယ်။
၃ ကျုပ်ပြောနေတုန်း သည်းခံပေးကြပါ။
ပြီးမှ လှောင်ချင်လည်း လှောင်ကြပေါ့။+
၄ ကျုပ်က လူကို ညည်းပြနေတာမှ မဟုတ်တာ။
အဲဒီလိုသာဆိုရင်တော့ ကျုပ် စိတ်ရှည်နိုင်မှာ မဟုတ်ဘူး။
၅ ကျုပ်ကို တအံ့တသြ စိုက်ကြည့်ပြီးပါးစပ်ကို လက်နဲ့ ပိတ်ထားကြပါ။
၆ ကြုံခဲ့ရတာတွေကို ပြန်တွေးမိတိုင်း ထိတ်လန့်လွန်းလို့
ကျုပ် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေတယ်။
၇ လူဆိုးတွေ ဘာလို့ အသက်ရှည်နေကြတာလဲ။+
ဘာလို့ အသက်ကြီးတဲ့အထိ နေရပြီး ချမ်းသာနေကြတာလဲ။+
၈ သူတို့မျက်စိအောက်မှာပဲ သားသမီးတွေ ကြီးပြင်းလာတယ်။
သားစဉ်မြေးဆက်တွေကိုလည်း မြင်ရတယ်။
၉ သူတို့အိုးအိမ်တွေ အေးချမ်းလုံခြုံပြီး ဘာကြောက်စရာမှ မရှိဘူး။+
ဘုရားသခင်ကလည်း သူတို့ကို ကြိမ်ဒဏ်မပေးဘူး။
၁၀ သူတို့ရဲ့ နွားထီးတွေ မျိုးပွားကြတယ်။
နွားမတွေလည်း ဇီးမလျှောဘဲ သားပေါက်ကြတယ်။
၁၁ ကလေးတွေက သိုးအုပ်လို အပြင်မှာ ပြေးလွှားနေကြတယ်။
သားသမီးတွေ ခုန်ပေါက်နေကြတယ်။
၁၂ ချူတပ်ဗုံနဲ့ စောင်းတွေ တီးပြီး သီချင်းဆိုကြတယ်။
ပလွေသံကို နားဆင်ကြတယ်။+
၁၃ ကျေနပ်စရာကောင်းတဲ့ဘဝနဲ့ အသက်ရှင်ပြီးနောက်
သင်္ချိုင်းကို အေးအေးသက်သာ ရောက်သွားကြတယ်။
၁၄ ဒါပေမဲ့ သူတို့က စစ်မှန်တဲ့ဘုရားသခင်ကို ‘နေပါစေ၊ဘုရားရဲ့လမ်းစဉ်တွေအကြောင်း မသိချင်ပါဘူး။+
၁၅ အနန္တတန်ခိုးရှင်ဆိုတာ ဘယ်သူမို့လို့ ဝတ်ပြုရမှာလဲ။+
ဘုရားနဲ့သိကျွမ်းလို့ရော ဘာအကျိုးရမှာမို့လို့လဲ’ လို့ပြောကြတယ်။+
၁၆ ဒါပေမဲ့ သူတို့စည်းစိမ်ကို သူတို့ မထိန်းထားနိုင်မှန်း ကျုပ်သိတယ်။+
လူဆိုးတွေရဲ့အတွေးမျိုး ကျုပ်မှာ လုံးဝမရှိဘူး။+
၁၇ လူဆိုးတွေရဲ့မီးခွက် ဘယ်နှစ်ခါများ ငြိမ်းဖူးလို့လဲ။+
ဘေးဒုက္ခတွေကို ဘယ်နှစ်ခါများ ကြုံဖူးလို့လဲ။
ဘုရားသခင်က သူတို့ကို ဘယ်နှစ်ခါများ ဒေါသနဲ့ ဖျက်ဆီးဖူးလို့လဲ။
၁၈ သူတို့ဟာ လေနှင်ရာလွင့်တဲ့ ကောက်ရိုးလို၊လေပြင်းနှင်ရာ လွင့်သွားတဲ့ စပါးခွံလို ဖြစ်ဖူးလို့လား။
၁၉ ဘုရားသခင်က လူတစ်ယောက်ရဲ့ အပြစ်အတွက် သူ့သားကို ဒဏ်ခတ်မှာပါ။
ဒါပေမဲ့ အသိတရားရစေဖို့ သူ့ကိုလည်း ပြန်ဆပ်ပေးပါစေ။+
၂၀ သူက သူ့ရဲ့ပျက်စီးခြင်းကို ကိုယ်တိုင်မြင်ရပါစေ။
အနန္တတန်ခိုးရှင်ရဲ့ အမျက်ကို သောက်သုံးရပါစေ။+
၂၁ သူနေရမယ့်လတွေ ကုန်ဆုံးသွားပြီး+သူသေဆုံးပြီးနောက် သားမြေးတွေအတွက် စိုးရိမ်ပူပန်နိုင်ပါဦးမလား။
၂၂ ကြီးမြတ်သူတွေကို တရားစီရင်တဲ့အခါ+ဘုရားသခင်ကို အသိပညာပေးနိုင်သူ ရှိသလား။+
၂၃ လူတစ်ယောက်က အပူအပင်ကင်းပြီး စိတ်အေးလက်အေး ဖြစ်နေတုန်း၊+သန်စွမ်းနေတုန်း၊+
၂၄ ပေါင်တွေ တုတ်ခိုင်ပြီးအရိုးတွေ သန်မာနေတုန်းမှာပဲ သေဆုံးရတယ်။
၂၅ နောက်တစ်ယောက်ကျတော့ ကောင်းတာတွေကို တစ်ခါမှ မမြည်းစမ်းလိုက်ရဘဲအကြီးအကျယ် သောကရောက်ပြီး သေဆုံးရတယ်။
၂၆ ဒါပေမဲ့ နှစ်ယောက်စလုံး မြေမှုန့်ထဲမှာ လဲလျောင်းရလိမ့်မယ်။+
တစ်ကိုယ်လုံး လောက်တွေ တွယ်နေလိမ့်မယ်။+
၂၇ ခင်ဗျားတို့ ဘာတွေတွေးနေမှန်း၊ကျုပ်ကို ဒုက္ခပေးဖို့ ဘာတွေကြံစည်နေမှန်း ကျုပ် သိတာပေါ့။+
၂၈ ‘အရေးပါ အရာရောက်သူရဲ့အိမ်က ဘယ်မှာရှိတော့လို့လဲ။
လူဆိုးနေခဲ့တဲ့တဲကရော ဘယ်မှာရှိတော့လို့လဲ’ ဆိုပြီး ခင်ဗျားတို့ ပြောကြတယ်။+
၂၉ ခရီးသည်တွေကို မမေးဖူးဘူးလား။
သူတို့ရဲ့တွေ့ရှိချက်တွေကို အသေအချာ မလေ့လာဖူးဘူးလား။
၃၀ လူယုတ်မာဟာ ဘေးဒုက္ခကျရောက်တဲ့နေ့မှာ လွတ်မြောက်သွားတယ်တဲ့။
ဒုက္ခရောက်တဲ့နေ့မှာ ကယ်တင်ခံရတယ်တဲ့။
၃၁ နည်းလမ်းတော်ကို အပြစ်တင်မယ့်သူ၊သူလုပ်ခဲ့တာတွေအတွက် ပြန်ဆပ်ပေးမယ့်သူ ရှိလို့လား။
၃၂ သူ့ကို သင်္ချိုင်းဆီ ပို့ဆောင်ပေးပြီးအုတ်ဂူကိုလည်း စောင့်ကြပ်ပေးကြတယ်။
၃၃ မြေစိုင်မြေခဲတွေဟာ သူ့အတွက် ချိုမြိန်နေလိမ့်မယ်။+
အရင်သွားနှင့်တဲ့ မရေတွက်နိုင်တဲ့သူတွေလိုလူအားလုံးလည်း သူ့နောက် လိုက်သွားရမှာပဲ။+
၃၄ ဒီတော့ ကျုပ်ကို ဘာလို့ အဓိပ္ပာယ်မရှိတဲ့စကားနဲ့ နှစ်သိမ့်နေတာလဲ။+
ခင်ဗျားတို့စကားတွေဟာ အလိမ်အညာတွေချည်းပဲ။”