ယောဘ ၂၃:၁-၁၇

  • ယောဘ ပြန်ပြော (၁-၁၇)

    • ဘုရားဆီ မိမိအမှုကို တင်ပြချင် (၁-၇)

    • ဘုရားကို ရှာမတွေ့ဘူးလို့ ပြော (၈၊ ၉)

    • “လမ်းမလွဲဘဲ လိုက်တယ်” (၁၁)

၂၃  ယောဘ ပြန်ပြောတာက– ၂  “ဒီနေ့လည်း ကျုပ်ရဲ့မကျေနပ်ချက်တွေကို မလျှော့တမ်း ပြောဦးမှာပဲ။+ သက်ပြင်းချရလွန်းလို့ အားအင်ကုန်ခန်းနေပြီ။  ၃  ဘုရားသခင်ကို ဘယ်မှာတွေ့နိုင်မယ်ဆိုတာ သိချင်လိုက်တာ။+ သိများသိခဲ့ရင် ဘုရားစံမြန်းတဲ့နေရာကို သွားမှာပဲ။+  ၄  ကျုပ်ရဲ့အမှုကို တင်ပြမယ်။ ထုချေမယ့်စကားတွေကို အသင့်ပြင်ထားမယ်။  ၅  အဲဒီအခါ ဘုရား ဘယ်လိုတုံ့ပြန်မယ်ဆိုတာ သိလာမယ်။ ဘုရားပြောမယ့် စကားတွေကို မှတ်ထားမယ်။  ၆  ဘုရားက မဟာတန်ခိုးကိုသုံးပြီး ကျုပ်နဲ့ ပြိုင်ငြင်းပါ့မလား။ ဘယ်ငြင်းပါ့မလဲ။ ကျုပ်ပြောတာကို နားထောင်ပေးမှာ သေချာတယ်။+  ၇  ရိုးဖြောင့်သူရဲ့အမှုကို ဘုရားရှေ့မှာ ဖြေရှင်းလို့ရတယ်။ တရားသူကြီးက ကျုပ်ကို ကွင်းလုံးကျွတ် လွှတ်ပေးလိမ့်မယ်။  ၈  ကျုပ်က အရှေ့ဘက်ကို သွားတဲ့အခါ အဲဒီမှာ ဘုရား မရှိဘူး။ နောက်ပြန်လှည့်တော့လည်း မတွေ့ဘူး။  ၉  ဘယ်ဘက်မှာ ဘုရား အလုပ်လုပ်နေတဲ့အခါ သွားရှာတော့လည်း မတွေ့ဘူး။ ညာဘက်ကို ဘုရားလှည့်သွားပေမဲ့ ကျုပ် မမြင်ပြန်ဘူး။ ၁၀  ဒါပေမဲ့ ဘုရားကတော့ ကျုပ်သွားတဲ့လမ်းကို သိတယ်။+ ဘုရားစစ်ဆေးပြီးတဲ့နောက် ကျုပ်ဟာ ရွှေစင်လို ဖြစ်လာမယ်။+ ၁၁  ဘုရားရဲ့ခြေရာတွေကို ကျုပ် ထက်ကြပ်မကွာ လိုက်တယ်။ လမ်းမလွဲဘဲ လိုက်တယ်။+ ၁၂  နှုတ်တော်ထွက် ပညတ်ချက်ကနေ မသွေဖည်ပါဘူး။ မိန့်မှာချက်တွေကို တောင်းဆိုထားတာထက် တန်ဖိုးထားပြီး+ လိုက်နာပါတယ်။ ၁၃  ဘုရားစိတ်ပိုင်းဖြတ်ပြီးရင် ဘယ်သူတားနိုင်မလဲ။+ လုပ်ချင်ပြီဆိုရင် ဖြစ်အောင်လုပ်မှာပဲ။+ ၁၄  ကျုပ်နဲ့ပတ်သက်ပြီး စိတ်ပိုင်းဖြတ်ထားတဲ့အတိုင်း ဘုရားလုပ်ဆောင်လိမ့်မယ်။ အဲဒီလိုလုပ်ဆောင်စရာတွေ အများကြီး ကျန်သေးတယ်။ ၁၅  ဘုရားကြောင့် ကျုပ် စိတ်ပူနေရတယ်။ ဘုရားအကြောင်း စဉ်းစားမိရင် ပိုပြီးကြောက်လာတယ်။ ၁၆  ဘုရားသခင်က ကျုပ်ကို သတ္တိနည်းစေတယ်။ အနန္တတန်ခိုးရှင်က ကျုပ်ကို ကြောက်လန့်စေတယ်။ ၁၇  ဒါပေမဲ့ မှောင်မိုက်နေလို့၊မျက်နှာကို အမှောင်ထုဖုံးလွှမ်းနေလို့ ကျုပ်နှုတ်ဆိတ်သွားမှာတော့ မဟုတ်ဘူး။

အောက်ခြေမှတ်ချက်များ