ယောဘ ၃၆:၁-၃၃

  • ဘုရားရဲ့ စိစစ်လို့မကုန်နိုင်တဲ့ ကြီးမြတ်မှုကို ဧလိဟု ချီးမွမ်း (၁-၃၃)

    • နာခံသူ ကြီးပွား၊ ဘုရားမဲ့သူ ပစ်ပယ်ခံရ (၁၁-၁၃)

    • ‘ဘုရားလို သွန်သင်နိုင်သူ ဘယ်သူရှိသလဲ’ (၂၂)

    • ဘုရားကို ယောဘ ချီးမွမ်းသင့် (၂၄)

    • ‘ဘုရားရဲ့ကြီးမြတ်မှုကို အပြည့်အဝ မသိနိုင်’ (၂၆)

    • မိုးရေနဲ့ လျှပ်စီးတွေကို ဘုရားထိန်းချုပ် (၂၇-၃၃)

၃၆  ဧလိဟု ဆက်ပြောတာက– ၂  “ကျွန်တော် ရှင်းပြနေတုန်း နည်းနည်းလောက် သည်းခံပေးပါ။ ဘုရားသခင်ကိုယ်စား ကျွန်တော် ပြောစရာရှိသေးတယ်။  ၃  ကျွန်တော်သိထားသမျှ ပြောပြပါ့မယ်။ ဖန်ဆင်းရှင် ဖြောင့်မတ်တယ်ဆိုတာကို ကြေညာပါ့မယ်။+  ၄  ကျွန်တော်ပြောတာတွေဟာ အမှန်တွေပါ။ အသိပညာနဲ့ ပြီးပြည့်စုံတဲ့အရှင်က+ ခင်ဗျားရှေ့မှာ ရှိတယ်။  ၅  ဘုရားသခင်ဟာ တကယ်ခွန်အားကြီးတယ်။+ သိနားလည်နိုင်စွမ်းလည်း ကြီးမားတယ်။ ဒါပေမဲ့ ဘယ်သူ့ကိုမှ အထင်မသေးဘူး။  ၆  ဘုရားက လူဆိုးတွေကို အသက်ဆက်ရှင်စေမှာ မဟုတ်ဘူး။+ ဒုက္ခရောက်နေသူတွေကိုတော့ တရားသဖြင့် စီရင်လိမ့်မယ်။+  ၇  ဖြောင့်မတ်သူတွေကို အကြည့် မလွှဲဘူး။+ သူတို့ကို ဘုရင်တွေအဖြစ် နန်းတင်ပြီး+ ထာဝစဉ် ချီးမြှောက်တယ်။  ၈  ဒါပေမဲ့ သူတို့ရဲ့ခြေလက်တွေ ထိတ်ခတ်ခံရပြီးဒုက္ခကြိုးတွေနဲ့ ချည်နှောင်ခံရတဲ့အခါ၊  ၉  ဘုရားက သူတို့လုပ်ခဲ့တာတွေ၊သူတို့ရဲ့မာနကြောင့် ကျူးလွန်ခဲ့တဲ့ ပြစ်မှားမှုတွေကို ဖော်ပြလိမ့်မယ်။ ၁၀  ဘုရားက တည့်မတ်ပေးဖို့ သူတို့ရဲ့နားကို ဖွင့်တယ်။ မကောင်းမှုကိုရှောင်ဖို့ သူတို့ကို ပြောတယ်။+ ၁၁  ဘုရားကို နာခံပြီး ဝတ်ပြုမယ်ဆိုရင်သူတို့အသက်ရှင်ရတဲ့ နေ့ရက်တွေ ကြွယ်ဝကောင်းစားလိမ့်မယ်။ သူတို့အသက်ရှင်ရတဲ့ နှစ်တွေ သာယာချမ်းမြေ့လိမ့်မယ်။+ ၁၂  မနာခံရင်တော့ ဓားဘေးနဲ့ ဆုံးပါးလိမ့်မယ်။+ အသိပညာမရှိဘဲ သေဆုံးရလိမ့်မယ်။ ၁၃  ဘုရားတရားမဲ့သူတွေဟာ နာကြည်းစိတ်ကို သိုထားတယ်။ ဘုရားချုပ်နှောင်ရင်တောင် အော်ဟစ်အကူအညီ မတောင်းကြဘူး။ ၁၄  သူတို့က ငယ်ငယ်ရွယ်ရွယ်နဲ့ သေရလိမ့်မယ်။+ ဗိမာန်မှာရှိတဲ့ ယောက်ျား ပြည့်တန်ဆာတွေနဲ့အတူ ဘဝဆုံးရလိမ့်မယ်။+ ၁၅  ဒါပေမဲ့ ဘုရားက ဒုက္ခရောက် နေသူကို ဒုက္ခနွံထဲကနေ ကယ်ဆယ်တယ်။ သူတို့ ဖိနှိပ်ခံရတဲ့အခါ နားကိုဖွင့်ပေးတယ်။ ၁၆  ခင်ဗျားကို ဒုက္ခတွင်းဝကနေ ဆွဲတင်ပြီး+တားမြစ်ချုပ်ချယ်မှုကင်းတဲ့၊ ကျယ်ဝန်းတဲ့အရပ်ဆီ ခေါ်သွားတယ်။+ ခင်ဗျားကို စိတ်သက်သာစေမယ့် စားကောင်းသောက်ဖွယ်တွေ စားပွဲပေါ်မှာ ရှိနေတယ်။+ ၁၇  တရားစီရင်မယ့်အချိန်၊ တရားမျှတမှုကို အတည်ပြုမယ့်အချိန် ရောက်လာတဲ့အခါလူဆိုးတွေ တရားစီရင်ခံရတဲ့အတွက် ခင်ဗျား စိတ်ကျေနပ်ရလိမ့်မယ်။+ ၁၈  ဒါပေမဲ့ ဒေါသကြောင့် အာဃာတ မထားမိအောင် သတိထားပါ။+ လာဘ်ထိုးနိုင်တာပဲဆိုပြီး လမ်းမလွဲသွားပါနဲ့။ ၁၉  ခင်ဗျား အော်ဟစ်အကူအညီတောင်းနေလို့ကော၊ဒါမှမဟုတ် အားသွန်ခွန်စိုက် ကြိုးစားလို့ကော ဒုက္ခကနေ လွတ်မြောက်ပါ့မလား။+ ၂၀  လူတွေ ပျောက်ကွယ် သွားတတ်တဲ့ညအချိန်ကို မတောင့်တပါနဲ့။ ၂၁  ဒုက္ခခံမယ့်အစား မကောင်းတာတွေပဲ လုပ်တော့မယ်ဆိုပြီးမကောင်းမှုဘက် ခြေဦးပြန်မလှည့်သွားမိဖို့ သတိထားပါ။+ ၂၂  ကြည့်ပါဦး။ ဘုရားသခင်ဟာ တန်ခိုး သိပ်ကြီးမားတယ်။ ဘုရားလို သွန်သင်နိုင်သူ ဘယ်သူရှိသလဲ။ ၂၃  ဘုရားရဲ့လမ်းစဉ်ကို ဘယ်သူ လမ်းညွှန်ပေးသလဲ။*+ ‘ကိုယ်တော်လုပ်တာ မှားတယ်’ လို့ ဘယ်သူပြောမလဲ။+ ၂၄  ဘုရားရဲ့လုပ်ဆောင်မှုတွေကို လူတွေ ချီးမွမ်းကြတယ်။+ ခင်ဗျားလည်း ဂုဏ်တင်ချီးမွမ်းဖို့ သတိရပါ။+ ၂၅  ဘုရားရဲ့လုပ်ဆောင်မှုတွေကို လူအားလုံး မြင်ရတယ်။ သေမျိုးဖြစ်တဲ့လူက ခပ်လှမ်းလှမ်းကနေပဲ ကြည့်နေတယ်။ ၂၆  ဘုရားသခင်ရဲ့ ကြီးမြတ်မှုကို ကျွန်တော်တို့ အပြည့်အဝ မသိနိုင်ဘူး။+ ဘုရားရဲ့ နှစ်ပေါင်းအရေအတွက်တွေကို ဉာဏ်မမီနိုင်ဘူး။+ ၂၇  ဘုရားက ရေစက်တွေကို ဆွဲယူတယ်။+ ရေခိုးရေငွေ့တွေက မိုးရေအဖြစ် ငွေ့ရည်ဖွဲ့တယ်။ ၂၈  အဲဒီနောက် မိုးတိမ်တွေကနေ မိုးရွာချပြီး+လူတွေအပေါ် ရွာသွန်းဖြိုးတော့တယ်။ ၂၉  တိမ်လွှာတွေအကြောင်း၊ ဘုရားရဲ့တဲထဲက မိုးခြိမ်းသံတွေအကြောင်းဘယ်သူ သိနားလည်နိုင်သလဲ။+ ၃၀  ဘုရားက တိမ်လွှာတွေပေါ် အလင်းကို ဘယ်လို ဖြာဆင်းပေးတယ်၊+ပင်လယ်ကြမ်းပြင်ကို ရေတွေနဲ့ ဘယ်လို ဖုံးလွှမ်းထားတယ်ဆိုတာကို ကြည့်ပါ။ ၃၁  လူတွေကို ဒီနည်းနဲ့ ထောက်မပေးတယ်။ စားစရာတွေ အလျှံပယ်ပေးတယ်။+ ၃၂  လျှပ်စီးကို လက်နဲ့ထိန်းထားတယ်။ ပစ်မှတ်ကို ချိန်ရွယ်ပြီး ပစ်တယ်။+ ၃၃  မိုးခြိမ်းသံက ဘုရားအကြောင်း ပြောတယ်။ ခြံမွေးတိရစ္ဆာန်တွေတောင် ဘယ်သူလာနေပြီဆိုတာကို* ပြောတတ်တယ်။

အောက်ခြေမှတ်ချက်များ

“ဝေဖန်ဝံ့သလဲ၊ ဖြေရှင်းချက် တောင်းဝံ့သလဲ” လည်းဖြစ်နိုင်။
“ရောက်လာတော့မယ့်အရာကို” လည်းဖြစ်နိုင်။