ယောဘ ၄:၁-၂၁

  • ဧလိဖတ်ရဲ့ ပထမပြောဆိုချက် (၁-၂၁)

    • ယောဘရဲ့သမာဓိကို လှောင်ပြောင် (၇၊ ၈)

    • ဝိညာဉ်တစ်ကောင်ရဲ့စကားကို ပြန်ပြော (၁၂-၁၇)

    • “ဘုရားက မိမိရဲ့ကျွန်တွေကို မယုံဘူး” (၁၈)

 တေမန်အမျိုးသား ဧလိဖတ်+ ပြန်ပြောတာက–  ၂  “အခုအချိန်မှာ တစ်ယောက်ယောက် စကားလာပြောရင် ခင်ဗျား စိတ်တိုမှာလား။ ဒါပေမဲ့ ဘယ်သူက မပြောဘဲ နေနိုင်မှာလဲ။  ၃  မှန်ပါတယ်။ ခင်ဗျားဟာ လူအများကြီးကို တည့်မတ်ပေးခဲ့တယ်။ အားနည်းသူတွေကို အားပေးခဲ့တယ်။  ၄  တိုက်မိလဲသူတွေကို အားပေးစကားပြောပြီး ပြန်ထူ ပေးခဲ့တယ်။ ဒူးမခိုင်သူတွေကို ခိုင်ခံ့စေခဲ့တယ်။  ၅  ဒါပေမဲ့ အခု ကိုယ်တိုင်ကြုံရတော့ မခံနိုင်အောင် ဖြစ်နေပြီပေါ့။ ကိုယ့်ကိုထိခိုက်လာတော့ တုန်လှုပ်ချောက်ချားနေပြီပေါ့။  ၆  ဘုရားသခင်ကို ကြည်ညိုတဲ့စိတ်က ခင်ဗျားကို ယုံကြည်စိတ်ချမှု မပေးဘူးလား။ သမာဓိလမ်းစဉ်ကကော+ ခင်ဗျားကို မျှော်လင့်ချက် မပေးဘူးလား။  ၇  တစ်ဆိတ်လောက် စဉ်းစားကြည့်။ ဘယ်သူက အပြစ်မရှိဘဲ ပျက်စီးဖူးလို့လဲ။ ရိုးဖြောင့်သူဟာ ဘယ်တုန်းက ဖျက်ဆီးခံရဖူးလို့လဲ။  ၈  ကျုပ်မြင်ဖူးသလောက်တော့ ဘေးဖြစ်စေတဲ့အရာကို ထွန်ယက်သူတွေ၊*ပြဿနာမျိုးစေ့ကို ကြဲသူတွေဟာ အဲဒီအတိုင်း ပြန်ရိတ်သိမ်းရတာပဲ။  ၉  ဘုရားသခင် ရှူထုတ်လိုက်တဲ့ လေကြောင့် သူတို့ ပျက်စီးသွားတယ်။ အမျက်တော်လေကြောင့် ဇာတ်သိမ်းသွားတယ်။ ၁၀  ခြင်္သေ့ ဟိန်းဟောက်တယ်။ ခြင်္သေ့ပျို မာန်ဖီတယ်။ ဒါပေမဲ့ ခွန်အားကြီးတဲ့ ခြင်္သေ့တွေရဲ့ သွားတောင် ကျိုးတတ်တာပဲ။ ၁၁  ခြင်္သေ့က သားကောင်မရှိလို့ သေသွားတယ်။ ခြင်္သေ့ပေါက်တွေလည်း တကွဲတပြား ဖြစ်ကုန်တယ်။ ၁၂  ကျုပ်ဆီ စကားသံတစ်ခု တိုးတိုးလေး ရောက်လာတယ်။ သဲ့သဲ့လေးပြောတဲ့အသံကို ကြားလိုက်ရတယ်။ ၁၃  လူတွေ အိပ်မောကျနေတဲ့ ညအချိန်မှာ မြင်ရတဲ့ စိတ်အာရုံတွေကြောင့်ကျုပ် စိတ်မငြိမ်မသက် ဖြစ်သွားတယ်။ ၁၄  ကျုပ် အကြီးအကျယ် တုန်လှုပ်နေတယ်။ ကြောက်စိတ်တွေ အရိုးထဲထိ စိမ့်ဝင်သွားတယ်။ ၁၅  ဝိညာဉ်တစ်ကောင် ရှေ့ကနေ ဖြတ်သွားတော့ကြက်သီးထသွားတာပဲ။ ၁၆  အဲဒီဝိညာဉ်က မလှုပ်မယှက် ရပ်နေတယ်။ ဘယ်သူဘယ်ဝါမှန်း ကျုပ် မသိဘူး။ သူ့အရိပ်ကတော့ ရှေ့တည့်တည့်မှာ ရှိနေတယ်။ အဲဒီအချိန်မှာ တိတ်ဆိတ်သွားတယ်။ ပြီးတဲ့နောက် အသံတစ်သံ ကြားလိုက်ရတယ်– ၁၇  ‘သေမျိုးဖြစ်တဲ့လူက ဘုရားထက် ပိုဖြောင့်မတ်နိုင်ပါ့မလား။ လူက ကိုယ့်ဖန်ဆင်းရှင်ထက် ပိုသန့်စင်နိုင်ပါ့မလား’ တဲ့။ ၁၈  ကြည့်လေ။ ဘုရားက မိမိရဲ့ကျွန်တွေကို မယုံဘူး။ ကောင်းကင်တမန်တွေကိုတောင် အပြစ်ရှာသေးတာ။ ၁၉  ရွှံ့အိမ်မှာ နေတဲ့သူ၊မြေမှုန့်နဲ့ ဖွဲ့စည်းထားသူ၊+ ပိုးဖလံလို ပျက်စီးလွယ်သူတွေဆိုရင်တော့ ပြောမနေနဲ့တော့။ ၂၀  သူတို့က တစ်နေ့ချင်းမှာပဲ စိစိညက်ညက် ကြေသွားတယ်။ ဘယ်သူမှ မသိလိုက်ဘဲ ထာဝစဉ် ပျက်စီးသွားရတယ်။ ၂၁  ကြိုးတွေ ဆွဲဖြုတ်ခံရတဲ့ တဲလိုပဲ။ ဉာဏ်ပညာမရှိဘဲ သေဆုံးသွားရတယ်။

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “ကြံစည်သူတွေ။”