ယောရှု ၈:၁-၃၅
၈ အဲဒီနောက် ယေဟောဝါက ယောရှုကို “မကြောက်ပါနဲ့။+ စစ်သည်အားလုံးကို ခေါ်ပြီး အာအိမြို့ကို ချီတက်တိုက်ခိုက်ပါ။ အာအိဘုရင်နဲ့ သူ့လူတွေ၊ သူ့မြို့နဲ့ သူ့နယ်မြေကို မင်းလက်ထဲ ငါအပ်ပြီ။+
၂ ယေရိခေါမြို့နဲ့ ယေရိခေါမင်းကြီးကို မင်းတိုက်ခဲ့သလို+ အာအိမြို့နဲ့ အာအိဘုရင်ကို တိုက်ရမယ်။ တိုက်ရာပါဥစ္စာတွေ၊ တိရစ္ဆာန်တွေကို သိမ်းယူရမယ်။ မြို့အနောက်ဘက်မှာ ချုံခိုတပ်ဖွဲ့ချထားပါ” လို့ပြောတယ်။
၃ ဒါကြောင့် ယောရှုနဲ့ စစ်သည်အားလုံးက အာအိမြို့ကိုတိုက်ဖို့ တက်သွားကြတယ်။ ယောရှုက ခွန်အားကြီး စစ်သည် ၃၀,၀၀၀ ကို ရွေး၊ ညအချိန်မှာ လွှတ်လိုက်ပြီး၊
၄ “မင်းတို့က မြို့အနောက်ဘက်မှာ ချုံခိုတပ်ဖွဲ့ ချထားရမယ်။ မြို့နဲ့ဝေးဝေးကို မသွားကြနဲ့။ အားလုံး အသင့်ပြင်ထားကြ။
၅ ငါနဲ့ ကျန်တဲ့စစ်သည်တွေကတော့ မြို့အနားကို သွားမယ်။ အရင်တစ်ခါလိုပဲ မြို့သားတွေ ထွက်တိုက်တဲ့အခါ+ ငါတို့ ဆုတ်ခွာသွားမယ်။
၆ သူတို့က အရင်တစ်ခါလိုပဲ ငါတို့ ဆုတ်ခွာသွားပြီအထင်နဲ့ လိုက်တိုက်တဲ့အခါ ငါတို့က မြို့နဲ့ဝေးဝေး ရောက်တဲ့အထိ ဆုတ်ခွာရင်း+ မျှားခေါ်သွားမယ်။
၇ အဲဒီအခါ မင်းတို့က ချုံခိုတိုက်ဖို့ တပ်ပုန်းချထားတဲ့နေရာက ထွက်လာပြီး မြို့ကို သိမ်းပိုက်ရမယ်။ ယေဟောဝါဘုရားက အာအိမြို့ကို မင်းတို့လက်ထဲ အပ်မယ်။
၈ မြို့ကို သိမ်းပိုက်ပြီးတာနဲ့ မီးရှို့ရမယ်။+ ယေဟောဝါ ပြောတဲ့အတိုင်း လုပ်ကြပါ။ ဒါငါ့အမိန့်ပဲ” လို့ မှာတယ်။
၉ အဲဒီလိုမှာပြီး လွှတ်လိုက်တော့ စစ်သည်တွေလည်း ချုံခိုတိုက်မယ့်နေရာကို ချီတက်သွားပြီး ဗေသလမြို့နဲ့ အာအိမြို့ကြား၊ အာအိမြို့အနောက်ဘက်မှာ နေရာယူတယ်။ ယောရှုဟာ အဲဒီညမှာ စစ်သည်တွေနဲ့အတူ နေတယ်။
၁၀ ယောရှုက မနက်စောစောထပြီး တပ်ဖွဲ့တွေကို စုစည်းလိုက်တယ်။ သူနဲ့ အစ္စရေးအကြီးအကဲတွေက စစ်သည်တွေကို အာအိမြို့ဆီ ဦးဆောင်ခေါ်သွားတယ်။
၁၁ စစ်သည်တွေလည်း+ ချီတက်သွားပြီး မြို့အရှေ့ဘက်ကို ရောက်လာကြတယ်။ မြို့ရဲ့မြောက်ဘက်မှာ စခန်းချတယ်။ သူတို့နဲ့ အာအိမြို့ကြားမှာ ချိုင့်ဝှမ်းတစ်ခုပဲ ခြားတယ်။
၁၂ ယောရှုက စစ်သည် ၅,၀၀၀ လောက်ကို ဗေသလမြို့နဲ့+ အာအိမြို့ကြား၊ အာအိမြို့အနောက်ဘက်မှာ တပ်ပုန်းချထားလိုက်တယ်။+
၁၃ ဒါကြောင့် တပ်မက မြို့မြောက်ဘက်မှာ နေရာယူပြီး+ နောက်ရံတပ်က မြို့အနောက်ဘက်မှာ နေရာယူထားတယ်။+ ယောရှုက အဲဒီညမှာ ချိုင့်ဝှမ်းထဲ ဆင်းသွားတယ်။
၁၄ ဒါကို အာအိဘုရင်မြင်တာနဲ့ ကန္တာရချိုင့်ဝှမ်းလွင်ပြင်ကို လှမ်းမြင်ရတဲ့နေရာမှာ အစ္စရေးတွေကို တိုက်ဖို့ မြို့သားအားလုံးနဲ့အတူ မနက်စောစော ထွက်လာတယ်။ ဒါပေမဲ့ မြို့အနောက်ဘက်မှာ တပ်ပုန်းချထားမှန်း မသိဘူး။
၁၅ အာအိမြို့သားတွေ တိုက်ခိုက်တဲ့အခါ ယောရှုနဲ့ အစ္စရေးတွေက တောကန္တာရဘက်သွားတဲ့ လမ်းအတိုင်း ထွက်ပြေးကြတယ်။+
၁၆ အဲဒီအခါ မြို့ထဲမှာကျန်တဲ့သူတွေက လိုက်တိုက်ဖို့ အမိန့်ရတဲ့အတွက် သူတို့အားလုံး ယောရှုနောက်ကို လိုက်ရင်း မြို့နဲ့ဝေးရာကို ရောက်သွားတယ်။
၁၇ အာအိမြို့နဲ့ ဗေသလမြို့မှာရှိတဲ့ ယောက်ျားအားလုံး အစ္စရေးတွေနောက် လိုက်တိုက်ကြတော့ မြို့ကို ကာကွယ်ပေးမယ့်သူ တစ်ယောက်မှ မရှိတော့ဘူး။
၁၈ အဲဒီအခါ ယေဟောဝါက “မင်းကိုင်ထားတဲ့ လှံကို အာအိမြို့ဘက် ဆန့်လိုက်ပါ။+ အဲဒီမြို့ကို မင်းလက်ထဲ ငါအပ်မယ်”+ လို့ပြောတော့ ယောရှုလည်း လက်ထဲက လှံကို အာအိမြို့ဘက် ဆန့်လိုက်တယ်။
၁၉ သူ့လက်ကို ဆန့်လိုက်တဲ့အခါ ချုံခိုတပ်ဖွဲ့က တပ်ချတဲ့နေရာကနေ အမြန်ထွက်လာပြီး မြို့ထဲ ပြေးဝင်လာတယ်။ မြို့ကို သိမ်းပိုက်ပြီး ချက်ချင်း မီးရှို့လိုက်တယ်။+
၂၀ အာအိမြို့သားတွေ နောက်လှည့်ကြည့်တဲ့အခါ မြို့ထဲကနေ မီးခိုးတွေ တလူလူတက်နေတာကို မြင်တော့ ကြောက်လန့်ပြီး ဘယ်ကိုပြေးရမှန်းမသိ ဖြစ်ကုန်တယ်။ တောကန္တာရဘက် ထွက်ပြေးသွားတဲ့ အစ္စရေးစစ်သည်တွေက လိုက်တိုက်တဲ့ အာအိမြို့သားတွေဆီ ပြန်လှည့်လာတယ်။
၂၁ ချုံခိုတပ်ဖွဲ့က မြို့ကိုသိမ်းပိုက်လိုက်လို့ မြို့ထဲကနေ မီးခိုးတွေတက်လာတာကို ယောရှုနဲ့ အစ္စရေးစစ်သည်တွေ မြင်တဲ့အခါ ပြန်လှည့်လာပြီး အာအိမြို့သားတွေကို တိုက်ခိုက်ကြတယ်။
၂၂ မြို့ကိုသိမ်းလိုက်တဲ့ စစ်သည်တွေကလည်း မြို့ထဲကနေ ထွက်လာတဲ့အတွက် အာအိမြို့သားတွေဟာ အစ္စရေးတပ်ဖွဲ့ နှစ်ဖွဲ့ကြားမှာ ပိတ်မိသွားတယ်။ အစ္စရေးတွေက အသက်ရှင်ကျန်ရစ်သူ၊ ထွက်ပြေးသူ တစ်ယောက်မှ မကျန်အောင် ကွပ်မျက်ကြတယ်။+
၂၃ အာအိဘုရင်ကိုတော့+ အရှင်ဖမ်းပြီး ယောရှုဆီ ခေါ်လာကြတယ်။
၂၄ အစ္စရေးတွေက တောကန္တာရအထိ လိုက်တိုက်ကြတဲ့ အာအိမြို့သားတွေကို တစ်ယောက်မကျန် သတ်ပစ်ပြီးနောက် အာအိမြို့ဆီ ပြန်လာပြီး မြို့ထဲမှာ ကျန်ရစ်သူတွေကို သုတ်သင်တယ်။
၂၅ အဲဒီနေ့မှာ အာအိမြို့သား ယောက်ျားမိန်းမအားလုံး ၁၂,၀၀၀ လောက် သေဆုံးသွားတယ်။
၂၆ အာအိမြို့သားတွေကို ဖျက်ဆီးလို့မပြီးမချင်း+ ယောရှုက လှံကိုင်ပြီး ဆန့်ထားတဲ့ သူ့လက်ကို ပြန်မရုပ်ဘူး။+
၂၇ ယောရှုကို ယေဟောဝါ မိန့်မှာထားတဲ့အတိုင်း မြို့ထဲက တိရစ္ဆာန်တွေနဲ့ တိုက်ရာပါဥစ္စာတွေကို အစ္စရေးတွေ သိမ်းယူကြတယ်။+
၂၈ ယောရှုက အာအိမြို့ကို မီးရှို့ဖျက်ဆီးပြီး အပျက်အယွင်းပုံကြီး ဖြစ်အောင် လုပ်လိုက်တယ်။+ အဲဒီအပျက်အယွင်းပုံကြီးဟာ ဒီနေ့အထိ ရှိနေတုန်းပဲ။
၂၉ အာအိဘုရင်ကိုလည်း ကွပ်မျက်ပြီး ညနေအထိ သစ်တိုင်မှာ ချိတ်ဆွဲထားတယ်။ နေဝင်ခါနီးမှာ အလောင်းကို သစ်တိုင်ပေါ်ကနေချဖို့ အမိန့်ပေးလိုက်တယ်။+ အလောင်းကို မြို့တံခါးမှာ ပစ်ထားပြီး သူ့အပေါ်မှာ ကျောက်ပုံကြီး ပုံထားကြတယ်။ အဲဒီကျောက်ပုံဟာ ဒီနေ့အထိ ရှိနေတုန်းပဲ။
၃၀ အဲဒီနောက် ယောရှုက ဧဗလတောင်ပေါ်မှာ+ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါအတွက် ပူဇော်ရာပလ္လင် တည်တယ်။
၃၁ အစ္စရေးတွေကို ယေဟောဝါရဲ့ကျွန် မောရှေ မှာကြားခဲ့တဲ့အတိုင်း၊ မောရှေရဲ့ပညတ်ကျမ်းမှာ+ ရေးထားတဲ့အတိုင်း “သံကိရိယာမသုံးဘဲ ကျောက်ရိုင်းတုံးတွေနဲ့တည်တဲ့ ပူဇော်ရာပလ္လင်”+ ဖြစ်တယ်။ အဲဒီပလ္လင်ပေါ်မှာ ယေဟောဝါအတွက် မီးရှို့ရာအလှူတွေနဲ့ မိတ်သဟာယ ပူဇော်သက္ကာတွေကို ပူဇော်ကြတယ်။+
၃၂ အဲဒီနေရာမှာ ယောရှုက အစ္စရေးတွေရှေ့ မောရှေရေးခဲ့တဲ့+ ပညတ်ကျမ်းကို ကျောက်တုံးတွေပေါ် ကူးရေးတယ်။+
၃၃ အစ္စရေးတွေ၊ အကြီးအကဲတွေ၊ လက်ထောက်ခေါင်းဆောင်တွေ၊ တရားသူကြီးတွေက ယေဟောဝါရဲ့ ပဋိညာဉ်သေတ္တာကို ထမ်းတဲ့ လေဝိအနွယ် ပုရောဟိတ်တွေဘက် မျက်နှာမူပြီး ပဋိညာဉ်သေတ္တာရဲ့ ဘေးနှစ်ဖက်မှာ ရပ်နေကြတယ်။ အစ္စရေးတွေအပြင် တိုင်းတစ်ပါးသားတွေလည်း အဲဒီမှာ ရပ်နေကြတယ်။+ (ယေဟောဝါရဲ့ကျွန် မောရှေ အရင်က မှာကြားခဲ့တဲ့အတိုင်း)+ အစ္စရေးလူမျိုးဟာ ကောင်းချီးခံယူဖို့ ဂေရဇိမ်တောင်ရှေ့မှာ တစ်ဝက်၊ ဧဗလတောင်ရှေ့မှာ တစ်ဝက် ရပ်နေကြတယ်။+
၃၄ အဲဒီနောက် ယောရှုက ပညတ်ကျမ်းမှာ+ ရေးထားတဲ့အတိုင်း ကောင်းချီးနဲ့+ ကျိန်စာတွေ+ အပါအဝင် ပညတ်ကျမ်းမှာပါသမျှကို ကျယ်ကျယ်ဖတ်ပြတယ်။
၃၅ မိန်းမ၊ ကလေး၊ ပြည်မှာနေထိုင်တဲ့ တိုင်းတစ်ပါးသားအပါအဝင်+ အစ္စရေးတစ်မျိုးလုံးရှေ့မှာ ယောရှုက မောရှေမှာကြားခဲ့သမျှကို အသံကျယ်ကျယ်နဲ့ တစ်လုံးမကျန်+ ဖတ်ပြတယ်။+